သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သာသနာရေးပုဒ်မတွေနဲ့ စာရေးဆရာ ထင်လင်းဦးကို စွဲချက်တင်


(ဓာတ်ပုံ - စာရေးဆရာ ထင်လင်းဦး ဖေ့စ်ဘွခ်စာမျက်နှာ)
(ဓာတ်ပုံ - စာရေးဆရာ ထင်လင်းဦး ဖေ့စ်ဘွခ်စာမျက်နှာ)

သံဃာတော်တွေကို ဝေဖန်ပြောဆိုခဲ့တဲ့ စာရေးဆရာ ထင်လင်းဦးကို ဘာသာရေး စော်ကားမှုဆိုင်ရာ ပုဒ်မ ၂ ခုနဲ့ အင်္ဂါနေ့မှာ ချောင်းဦးတရားရုံးက စွဲချက်တင်လိုက်ပါတယ်။

စွဲချက်တင်ခံရတဲ့ စာရေးဆရာ ထင်လင်းဦးကတော့ အခြေခံဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေးအရ ပြောဆိုခဲ့တာလို့ တရားရုံးအပြင်ဘက်မှာ တုံ့ပြန်ပြောဆိုခဲ့ပြီး တရားရုံးမှာ အပြည့်အ၀ လျှောက်လဲခွင့်ရရေးအတွက်လည်း မျှော်လင့်ထားတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

စာရေးဆရာ ထင်လင်းဦးကို လူတစား၏ ဘာသာရေးစိတ်ကို နာကျည်းစေရန် တမင် မသမာသော အကြံဖြင့် စကား၊ စာ၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင့် ဘာသာ၊ သာသနာ ယုံကြည်မှုကိုသော်လည်းကောင်း၊ စော်ကားလျှင် သို့မဟုတ် စော်ကားရန် အားထုတ်မှုလို့ အဓိပ္ပါယ်ဖွင့်ထားတဲ့ ပုဒ်မ ၂၉၅ (က)၊ နောက် လူတဦးရဲ့ ဘာသာရေးစိတ်ကို နာစေရန် တမင် ကြံစည်လုပ်ဆောင်မှုဆိုင်ရာ ပုဒ်မ ၂၉၈ တို့နဲ့ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် တရားရုံးက စွဲချက်တင်လိုက်ပါတယ်။ စွဲဆိုချက်နဲ့ ပတ်သက်ပြီး ဦးထင်လင်းဦးရဲ့ ရှေ့နေ ဦးသိန်းသန်းဦးက အခုလို ပြောပြပါတယ်။

“ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅ (က) နဲ့ စွဲချက်တင်ပါတယ်။ စွဲချက်တင်တယ်ဆိုတာ အပြစ်ပေးတာတော့ မဟုတ်ဘူး။ ထုချေဖြေရှင်းဖို့ တာဝန်ရှိတယ်လို့ ယူဆတာပေါ့နော်။ အဲတော့ သူတို့က တရားလိုနဲ့ လိုပြသက်သေ ထွက်ချက်အရ တရားရုံးက တရားစွဲဖို့ တရားစွဲမယ့်အတွက် ဆရာထင်လင်းဦးမှာ ဖြေရှင်းဖို့ တာဝန်ရှိတယ်လို့ သူတို့က ယူဆတာပေါ့ဗျာ။ ကျနော်တို့ဘက်ကလည်း ဖြေရှင်းဖို့ တာဝန်ရှိတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ဟောပြောချက်တွေမှာ၊ ဝေဖန်ထောက်ပြချက်တွေမှာ သံဃာတော်တွေက ဒီလို၊ ဒီလို ဖြစ်တယ်လို့ စွပ်စွဲထားတဲ့အတွက် ဒါတွေကတော့ မဟုတ်ဘူး။ ကျနော်တို့က တရားဥပဒေနဲ့အညီ ပြောတာ၊ ကျနော်တို့ Freedom of Expression ကျင့်သုံးပြီးတော့ ဘာသာ သာသနာစော်ကားတာ မဟုတ်ဘူးဆိုတဲ့အချက် ဖြေရှင်းဖို့တော့ လိုတယ်။ ဒါကြောင့်မို့လို့ သူ စွဲချက်တင်တာပါ။”

တကယ်လို့ ပြစ်မှုထင်ရှားတယ် ဆိုရင်တော့ ပုဒ်မ ၂၉၅ (က) အရ ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ် အမြင့်ဆုံး ကျခံရနိုင်ပြီး၊ ပုဒ်မ ၂၉၈ အရတော့ ထောင်ဒဏ် ၁ နှစ်နဲ့ ငွေဒဏ် ချမှတ်ခံရနိုင်တာ ဖြစ်ပါတယ်။ လတ်တလောမှာလည်း စာရေးဆရာ ထင်လင်းဦးကို အာမခံ မပေးဘဲ ချောင်းဦးမြို့နယ်မှာ ဒီဇင်ဘာလ ၁၇ ရက်နေ့က စလို့ အချုပ်နဲ့ ထိန်းသိမ်းထားတာ ၃ လရှိခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒီကနေ့ တရားရုံးကြားနာမှုအပြီး တရားရုံးအပြင်မှာ စာရေးဆရာ ထင်လင်းဦးက လက်ထိပ်တန်းလန်းနဲ့ အခုလို ပြောဆိုခဲ့ပါတယ်။

“အခြေခံဥပဒေက လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့် ရှိပါတယ်လို့ ပေးထားတယ်။ ဒါပေမဲ့ လွတ်လပ်စွာ မှန်ရာမှန်ကြောင်း ဝေဖန်ပြောဆိုတော့ သာသနာညှိုးနွမ်းစေမှု ဆိုပြီးတော့ ဟုတ်လား အစိုးရကို အကြည်ညိုပျက်စေမှု ဆိုပြီးတော့ တရားစွဲတယ် ဆိုပြီးတော့ လုပ်နေသမျှတော့ ငါ့အိမ်မှာငါနေလည်း ငါ ထောင်ကျနေမှာပဲ။ ငါ့နိုင်ငံထဲမှာ ဘယ်နေရာမှာ ငါ နေနေ ထောင်ကျနေတာပဲ။ ငါ့လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေသမျှ ငါ ထောင်ကျနေတာ။”

စာရေးဆရာ ထင်လင်းဦးက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၃ ရက်နေ့က ချောင်းဦးမြို့နယ်တွင်းက စာပေဟောပြောပွဲတခုမှာ သံဃာတော်တွေနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တာဟာ ဗုဒ္ဓသာသနာကို ညှိုးနွမ်းစေတယ်လို့ စွပ်စွဲပြီး ချောင်းဦးမြို့နယ် သံဃာ့မဟာနာယကအဖွဲ့က ပတ္တနိက္ကုဇန ကံဆောင် သပိတ်မှောက်ခဲ့သလို ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနရဲ့ ဦးစီးအရာရှိက တရားလိုပြုလုပ် တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဦးထင်လင်းဦးက ချောင်းဦးသံဃာတော်တွေကို ဝန်ချတောင်းပန်ပြီး ဖြစ်တာကြောင့် သံဃာတော်တွေဘက်က သပိတ်ပြန်လှန်ပေးလိုက်ပြီဖြစ်ပေမဲ့ အာဏာပိုင်တို့ဘက်က စွဲချက်ကိုတော့ ဆက်ပြီး ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒီလို ဟောပြောချက်တွေကြောင့်ဘဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကလည်း ဗဟိုပြန်ကြားရေးအဖွဲ့ဝင် အဖြစ်ကနေ ဆိုင်းငံ့ခံခဲ့ရတာ ဖြစ်ပါတယ်။

XS
SM
MD
LG