သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဝန်ကြီး Hugo Swire မြန်မာခရီးစဉ်


ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာရရုံး ဝန်ကြီး Hugo Swire - မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ (ဓာတ်ပုံ - MOI)
ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာရရုံး ဝန်ကြီး Hugo Swire - မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ (ဓာတ်ပုံ - MOI)

ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာရရုံး ဝန်ကြီး Hugo Swire ဟာ အရှေ့တောင်အာရှနဲ့ ဗြိတိန်ကြား ဆက်ဆံရေးတိုးမြှင့်တဲ့ ခရီးစဉ် တစိတ်တပိုင်းအဖြစ် မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး တနင်္ဂနွေနဲ့ တနင်္လာနေ့က ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။

အဲဒီမှာ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင် ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့သလို၊ နှစ်ဖက် လူမှုအသိုင်းအဝိုင်း ခေါင်းဆောင်တွေ၊ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံပြီး လက်ရှိနိုင်ငံရေးနဲ့ လူသားချင်းစာနာမှု အကူအညီ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

ရခိုင်ပြည်နယ် အရေးပေါ်အခြေအနေတွေအတွက် ဗြိတိန်နိုင်ငံအနေနဲ့ ၂၀၁၂ ခုနှစ်ကတည်းက စတင်ပြီး ထောက်ပံ့ကူညီလာရာမှာ ဒီနှစ်အတွက် စတာလင်ပေါင်း ၆ သန်းကျော် အပါအဝင် စုစုပေါင်း စတာလင်ပေါင် ၁၈ သန်းကျော်ထိ ကူညီခဲ့တယ်လို့ ဝန်ကြီး Swire က ပြောပါတယ်။ ဒါအပြင် ဗြိတိန်ဟာ ရခိုင်ပြည်နယ်ကို လူသားချင်းစာနာမှု အများဆုံးပေးနေတဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေတယ်ဆိုတာ ခရီးစဉ်အတွင်း သူကိုယ်တိုင် မြင်ခဲ့ကြောင်း ပြောပါတယ်။

Mr. Swire ရဲ့ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အပါအဝင် ရွှေစေတီဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

တနင်္လာနေ့မှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ ရန်ကုန်နေအိမ်မှာ တွေ့ဆုံပြီး မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဝန်ကြီး Swire ဆွေးနွေးခဲ့ပါတယ်။ ဒါအပြင် မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အင်္ဂါနေ့မှာတော့ Mr. Swire ဟာ နေပြည်တော်မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန် အပါအဝင် အစိုးရအဆင့်မြင့်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့်ရွေးကောက်ပွဲဟာ ယုံကြည်စိတ်ချရပြီး၊ အားလုံးပါဝင်ဖို့လိုကြောင်း ဝန်ကြီး Swire က ပြောပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့ ပြည်ထောင်စ ရွေးကောက်ပွဲကော်မရှင်ကို အကူအညီပေးနေသလို ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်သူတွေကိုလည်း သင်တန်းတွေပေးနေတယ်လို့ ဆိုပါတယ်။

Hugo Swire အနေနဲ့ သူရဲ့ တတိယမြောက် မြန်မာနိုင်ငံခရီးစဉ်အတွင်း ငြိမ်းချမ်းရေးရဖို့ ဆောင်ရွက်ချက်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ တိုးတက်မှုအခြေအနေတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဗြိတိန်အစိုးရရဲ့ အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK ကတော့ ဝန်ကြီး Swire အနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေထက် စီးပွားရေးဆက်ဆံမှုကို ပိုဦးစားပေးကြောင်း ဗြိတိန်လွှတ်တော်မှာ ဝေဖန်ခံခဲ့ရတဲ့အတွက်ကြောင့် အခုလို မြန်မာနိုင်ငံကို တတိယအကြိမ်မြောက် သွားရောက်ခဲ့တာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

XS
SM
MD
LG