သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဝန်ကြီး Hugo Swire ကချင်ပြည်နယ်ရောက်


(Photo Credit: https://twitter.com/HugoSwire)
(Photo Credit: https://twitter.com/HugoSwire)
မြန်မာနိုင်ငံကို သုံးရက်ကြာခရီးစဉ် ရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးရုံး အာရှရေးရာဝန်ကြီး ဟူဂို ဆွိုင်ယာ (Hugo Swire) ဟာ ဒီကနေ့ ကချင်ပြည်နယ်မှာ ရောက်ရှိနေပြီး၊ ကချင်ဒုက္ခသည်တွေနဲ့ရော ကချင်ဒေသခံ အာဏာပိုင်တွေနဲ့ပါ တွေ့ဆုံပါတယ်။

တချိန်တည်းမှာတော့ တင်းမာမှုတွေရှိနေတဲ့ မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့လည်း ဗြိတိန်တာဝန်ရှိသူတွေအနေနဲ့ စိုးရိမ်မကင်း ဖြစ်နေတယ်လို့ ရန်ကုန် ဗြိတိန်သံရုံး ပြောခွင့်ရသူက ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန် ဗွီအိုအေရုံးခွဲကနေ ကိုသားညွန့်ဦးက သတင်းပေးပို့ခဲ့ပါတယ်။

ကချင်ပြည်နယ်ကို ဒီနေ့ရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံခြားရေးရုံး အာရှရေးရာဝန်ကြီး ဟူဂို ဆွိုင်ယာ ဟာ ကချင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံ လေ့လာခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗြိတိန်အစိုးရကနေ ကချင်ဒုက္ခသည်တွေအတွက် အကူအညီပေး ဆောင်ရွက်ထားမှုတွေကိုလည်း သွားရောက်လေ့လာခဲ့တယ်လို့ ရန်ကုန် ဗြိတိန်သံရုံး ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။

“မစ္စတာ Swire ဟာ ဒီကနေ့ မနက်ပိုင်းမှာပဲ နေပြည်တော်ကနေ ကချင်ပြည်နယ်ကို ရောက်ရှိပြီး အရင်ဆုံး ကချင်ပြည်နယ်အစိုးရနဲ့ တွေ့ဆုံပါတယ်။ ပြီးတော့ ဝိုင်းမော်မြို့နယ်ထဲမှာရှိတဲ့ အိုးပစ်အိမ်ပစ် ဒုက္ခသည်စခန်းကို သွားရောက် လေ့လာပါတယ်။ အဲဒီမှာတော့ ဗြိတိန်ရဲ့ လူသားချင်း စာနာမှုအကူအညီတွေ ကချင်ဒုက္ခသည်တွေအတွက် ဘယ်လို စီမံဆောင်ရွက်နေသလဲဆိုတာကို ကြည့်ရှုပါတယ်။ အဲဒီနောက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပါတယ်။ ကချင်နှစ်ခြင်းအဖွဲ့ချုပ် ဌာနချုပ်ကို သွားရောက်ပါတယ်။ ပြီးတော့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ အကြံပေးပုဂ္ဂိုလ်တွေနဲ့ တွေ့ပါတယ်။ ပြီးတော့ ဗြိတိသျှတပ်မှာ အမှုထမ်းခဲ့တဲ့ ကချင်စစ်ပြန် ၁၅ ဦးနဲ့ အချိန်ယူ တွေ့ဆုံပါတယ်။ အခုတော့ မြန်မာစစ်တပ်ရဲ့ မြောက်ပိုင်းတိုင်း တိုင်းမှူးနဲ့ တွေ့ဆုံနေပါတယ်။ ပြီးရင်တော့ ရှမ်းလူမှုအသိုင်းအဝိုင်းက အကြီးအကဲတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ ဒါတွေပြီးရင် အခုညမှာ ရန်ကုန်ကို ပြန်လာမှာပါ။”

ဗြိတိန်နိုင်ငံခြားရေးရုံး ဝန်ကြီး ဟူဂိုဆွိုင်ယာဟာ မနေ့တုန်းကတော့ နေပြည်တော်မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့သလို ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်ထောင်စုလွှတ်တော်ဥက္ကဌတွေနဲ့လည်း သီးခြားစီ တွေ့ဆုံပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တွေ့ဆုံခဲ့ပါတယ်။

ဆွေးနွေးပွဲတွေမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ် အသိအမှတ်ပြု ကြိုဆိုခဲ့သလိုပဲ၊ အပြောင်းအလဲမှာ စိန်ခေါ်ချက်တွေဖြစ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ရခိုင်ပြည်နယ်အရေး စိုးရိမ်မကင်းဖြစ်မှုတွေကို ဆွေးနွေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပေါ်မှာ ဗြိတိန်အစိုးရအနေနဲ့ ဘယ်လို အကူအညီတွေ ပေးသွားနိုင်မလဲဆိုတာကို မနက်ဖြန် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာပြောမယ့် မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ဗြိတိန်အစိုးရရဲ့ စိုးရိမ်မကင်း ဖြစ်မှုတွေကို ထည့်သွင်းပြောလိမ့်မယ်လို့ ရန်ကုန်သံရုံး ပြောခွင့်ရသူက ဆိုပါတယ်။

“ရခိုင်ပြည်နယ်အခြေအနေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ သေချာပေါက် ပြောဆိုဖို့ရှိပါတယ်။ ရန်ကုန်သံရုံး ပြောခွင့်ရသူအနေနဲ့ ပြောရရင်တော့ နောက်ထပ် အဖြစ်အပျက်တွေရှိတာ သိရပါတယ်။ ရခိုင်ပြည်မြောက်ပိုင်းကနေ ဒီထွက်လာတဲ့ သတင်းအပေါ်မှာ စိုးရိမ်မကင်း ဖြစ်ရပါတယ်။ သံအမတ်ကြီးက အခု ဝန်ကြီးနဲ့အတူ ကချင်ပြည်နယ် ရောက်နေသလို၊ ဒုတိယ သံအမတ်ကြီးက အခု ရခိုင်ပြည်နယ်ဘက်ကို သွားရောက်နေပါတယ်။”

မစ္စတာ ဆွိုင်ယာအနေနဲ့ မနက်ဖြန်မှာပဲ ရခိုင်အရေးနဲ့ ပတ်သက်လို့ နှစ်ဘက်စလုံးက အကြီးအကဲတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်တွင်း နောက်ဆုံးဖြစ်သွားတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးဖို့လည်း ဗြိတိန် နိုင်ငံခြားရေးရုံးဝန်ကြီးက တောင်းဆိုခဲ့ပါတယ်။

မနေ့တုန်းကလည်း ရန်ကုန် အမေရိကန်သံအမတ်ကြီးက စုံစမ်းစစ်ဆေးမှုထဲမှာ ယုံကြည်လက်ခံရလောက်တဲ့ နိုင်ငံတကာ ကိုယ်စားလှယ်တွေကို ထည့်သွင်းဖို့ မြန်မာအာဏာပိုင်တွေကို အကြံပြုခဲ့ပါတယ်။

ဒီပြဿနာဟာ မြန်မာနိုင်ငံအတွက်သာမက ဒေသကိုပါ ရိုက်ခတ်တဲ့ အေခြေအနေ ဖြစ်တယ်လို့ ထောက်ပြပါတယ်။ ဒါပေမဲ့လည်း မြန်မာအာဏာပိုင်တွေဘက်ကတော့ ဒါဟာ ပြည်တွင်းရေးကိစ္စဖြစ်ပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေကို လက်မခံနိုင်ဘူးလို့ ငြင်းပယ်ခဲ့ပါတယ်။
XS
SM
MD
LG