သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရာရှိကြီးတွေ ပိုင်ဆိုင်မှုကြေညာရေး လွှတ်တော် ပယ်ချ


Một du khách chụp ảnh bằng điện thoại di động trước những tia laser và hình ảnh Khải Hoàn Môn tại Hội chợ và Diễn đàn Quốc tế 2013 về Quang học điện tử tại Thung lũng Quang học Trung Quốc thuộc thành phố Vũ Hán tỉnh Hồ Bắc, Trung Quốc.
Một du khách chụp ảnh bằng điện thoại di động trước những tia laser và hình ảnh Khải Hoàn Môn tại Hội chợ và Diễn đàn Quốc tế 2013 về Quang học điện tử tại Thung lũng Quang học Trung Quốc thuộc thành phố Vũ Hán tỉnh Hồ Bắc, Trung Quốc.
မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို လူသိရှင်ကြား ထုတ်ပြန်ပေးရေးအဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့တာမှာ ကန့်ကွက်မဲ အရေအတွက် များတဲ့အတွက် အတည်မပြုနိုင်ခဲ့ဘူးလို့ အဆိုတင်သွင်းခဲ့တဲ့ ပုသိမ်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။ အခုလို သူ့ရဲ့ အဆို မအောင်မြင်ပေမဲ့ နောင် အခွင့်အရေးရတဲ့အခါ ဒီကိစ္စကို ထပ်ပြီး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ သန့်ရှင်းတဲ့အစိုးရ ဖြစ်ပေါ်လာဖို့အတွက် ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီး အစိုးရနဲ့ ပြည်နယ်အစိုးရ အဖွဲ့ဝင်တွေရဲ့ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်း ပိုင်ဆိုင်မှုတွေနဲ့ အကျိုးစီးပွားတွေကို အများပြည်သူ သိရှိအောင် လုပ်ပေးရေး အဆိုကို ဗုဒ္ဓဟူးနေ့တုန်းက ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးပြီးတော့ မဲခွဲ ဆုံးဖြတ်ခဲ့တာမှာ ကန့်ကွက်မဲ အများစုနဲ့ ပယ်ချ ခံခဲ့ရပါတယ်။

ပုသိမ်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဒီအဆိုကို တင်သွင်းခဲ့သူ ဖြစ်ပါတယ်။

"ဆွေးနွေးတော့ ၈ ယောက် ထောက်ခံပြီး ဆွေးနွေးပါတယ်။ နောက်ကျတော့ ငါးဦးက ကန့်ကွက်ဆွေးနွေးပါတယ်။ ကိုယ်စားလှယ်တွေကတော့ -- က ကိုယ်စားလှယ် နှစ်ဦး၊ NDF က ကိုယ်စားလှယ် နှစ်နဲ့ ကျားဖြူက တဦးပါပါတယ်။ နောက်ဆုံး လွှတ်တော်မှာ မှတ်တမ်းတင်ထားဖို့ အဆိုကောင်း တစ်ခုဖြစ်တဲ့အတွက် မှတ်တမ်းတင်ထားဖို့ ပြည်ထောင်စု ရှေ့နေချုပ်က ပြောပါတယ်။ ဒါပေမဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးကလည်း ဒီအဆို မပျက်ပြယ်သွားစေချင်ဘူး။ အဆိုကောင်းဖြစ်တယ်။ ဒါကြောင့်မို့လို့ စဉ်းစားဖို့ အနေအထားနဲ့ ကျနော့်ကို မေးပါတယ်။ ကျနော်ကတော့ ပြည်သူ့ ကိုယ်စားလှယ် တယောက်အနေနဲ့ ကောင်းမွန်သောအုပ်ချုပ်ရေးနဲ့ သန့်ရှင်းတဲ့အစိုးရဖြစ်စေချင်တယ်။ နိုင်ငံတော် သမ္မတကြီးကလည်း ဒါမျိုးဖြစ်ရမယ်လို့၊ ဖြစ်အောင်လုပ်မယ်လို့ သူ့အဖွဲ့ကို ပြောတယ်။ ဒါကြောင့်မို့လို့ ကျနော်က ပြည်သူ့လွှတ်တော်က မဲခွဲ ဆုံးဖြတ်တာကို ခံယူမယ်လို့ ပြောတယ်။ အဲဒီအခါမှာ မဲခွဲတယ်။ မဲခွဲတော့ ကျနော် ရှုံးပါတယ်။"

အဲဒီတော့ လွှတ်တော်မှာ ဒီအဆိုကို လက်မခံဘူး ဆိုတဲ့အခါကျတော့ လွှတ်တော် ကိုယ်စားလှယ် အများစုက ပိုင်ဆိုင်မှုတွေကို အများပြည်သူ သိသင့်တယ်လို့ မထင်လို့ ဒီလိုမျိုး ပယ်ချခံရတယ်လို့ရော ထင်ပါသလားရှင့်။

"ကျနော် အဲဒီ ထင်မြင်ချက်တော့ မပေးပါဘူး။ ဒါကတော့ ခင်ဗျားတို့ဟာ ခင်ဗျားတို့ တွက်ကြည့်ပေါ့။ ကျနော်တို့ကတော့ ကျနော်တို့ လုပ်စရာရှိတဲ့ အလုပ်ကို လုပ်တာပါ။ ကျနော့်စိတ်ထဲရှိတဲ့ဟာကိုတော့ ကျနော်က ထင်မြင်ချက် မပေးချင်ဘူးလေ။"

ဒီမိုကရေစီကျင့်စဉ်အရ သူ့အနေနဲ့ အများသဘောကို လက်ခံမှာဖြစ်တယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။ ပြည်ထောင်စု တရားသူကြီးချုပ်က စပြီးတော့ ပြည်ထောင်စုဝန်ကြီးတွေ၊ တိုင်းဒေသကြီး၊ ဒါမှမဟုတ် ပြည်နယ်အစိုးရ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ စသည်ဖြင့် သမ္မတ ခန့်အပ်ထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ စီးပွားပိုင်ဆိုင်မှုကို သမ္မတဆီကို စာရင်းတင်ပြရမယ်လို့ ဂျူလိုင်လကုန်ပိုင်း တုန်းကပဲ သမ္မတရုံးက ညွှန်ကြားချက် ထုတ်ခဲ့ပါတယ်။ ဒီလို ဆောင်ရွက်မှုကရော ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ သန့်ရှင်းတဲ့အစိုးရဖြစ်လာဖို့အတွက် လုံလောက်တယ်လို့ မထင်ဘူးလားလို့ ဦးဝင်းမြင့်ကို မေးပါတယ်။

"ကျနော်တို့တင်တဲ့အဆိုက သမ္မတဆီ ပို့ဖို့မှ မဟုတ်ဘဲ။ ပွင့်လင်းမြင်သာမှုရှိဖို့၊ ပြည်သူလူထု သိအောင် ထုတ်ပြန်ကြေညာဖို့ ပြောတာပဲ။ ဟိုဟာက သမ္မတအစီအစဉ်အတိုင်းပဲ ရှိနေမှာ။ ကွာပါတယ်။"

အခုလို လွှတ်တော်မှာ အဆိုကို ပယ်ချ ခံခဲ့ရတဲ့အတွက် ဒီလို အဆိုမျိုး နောက်ထပ် တင်ဖို့ ရှိသလား ဆိုတော့ -

"အခုနက ပြောသလိုပါပဲ။ အခြေအနေ အချိန်အခါအရ အခွင့်အရေးပေါ်လာတဲ့အခါမှာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေ အကျိုးစီးပွားအတွက် ကိုယ်စားလှယ် တယောက်အနေနဲ့ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်မှာပါ။"

ပုသိမ်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ဖြစ်ပါတယ်ရှင်။ အမျိုးသားလွှတ်တော်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် တယောက်ဖြစ်တဲ့ ဒေါက်တာ မြတ်ဉာဏစိုး တင်ပြခဲ့တဲ့ လူဝင်မှု ကြိကြပ်ရေးဆိုင်ရာ အထူး စီမံချက်နဲ့ အရေးယူဖို့အဆိုကို အများသဘောနဲ့ လက်ခံဆွေးနွေးမှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက လူမျိုးခြားတွေ နိုင်ငံထဲကို ဝင်ရောက်နေတာ၊ တခါ မသမာတဲ့နည်းနဲ့ နိုင်ငံသား စိစစ်ရေးကဒ်တွေ ကိုင်ဆောင်နေတာကို စီမံချက်ချ အရေးယူပေးဖို့အတွက် သူ အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG