သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးဝန်ထမ်း လူ့အခွင့်အရေးဆုရ


အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ချီးမြှင့်တဲ့ လူ့အခွင့်အရေးဆုကို ရန်ကုန်မြို့ အမေရိကန်သံရုံး နိုင်ငံရေးအရာရှိ Erin Webster-Main ကို ချီးမြှင့်လိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး သူမရဲ့ စွမ်းဆောင်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ အခုလို ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်ကို ကိုရန်နိုင်က တင်ပြထားပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆုတွေကို ချီးမြှင့်တာဖြစ်ပါတယ်။

ဒီလိုချီးမြှင့်တဲ့နေရာမှာ ၂၀၁၂ ခုနှစ် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ စွမ်းဆောင်ချက်ဆုကိုတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ နိုင်ငံရေးအရာရှိ Erin Webster-main ကို ချီးမြှင့်ခဲ့ပါတယ်။ ဒီဆုကို လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို ထောက်ခံတဲ့ ဆန်းသစ်တဲ့ဗျူဟာတွေကို ချမှတ်လုပ်ဆောင်နိုင်တဲ့အတွက် အခုလိုမျိုး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ စွမ်းဆောင်ချက်ဆုကို ချီးမြှင့်တာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြန်ကြားရေး တာဝန်ခံတဦးဖြစ်တဲ့ Evan Owen က ဗွီအိုအေ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အသွင်ကူးပြောင်းရေး ကာလအတွင်း အမေရိကန်အစိုးရရဲ့ မူဝါဒတွေကို ပုံဖော် ဆောင်ရွက်တဲ့နေရာမှာ Erin Webster-Main ဟာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံလိုက်ရတဲ့သူတွေကိုယ်စား မမောနိုင် မပမ်းနိုင်နဲ့ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ သူမဟာ အစိုးရတာဝန်ရှိသူတွေ၊ လူ့အခွင့်အရေး ကြိုးပမ်းဆောင်ရွက်သူတွေ၊ နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ သူမရဲ့ တက်တက်ကြွကြွ ထိတွေ့ဆက်ဆံခဲ့ပြီး ဒီအချက်က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာမှုမှာ အများကြီး အထောက်အကူ ဖြစ်ခဲ့ပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီလူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆုကို တနှစ်မှာ တယောက်ကိုပဲ ရွေးချယ် ချီးမြှင့်တာဖြစ်တယ်လို့လည်း Evan Owen က ပြောပါတယ်။

“အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေထဲက တနှစ်ကို တစ်ယောက်ပဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စွမ်းဆောင်ချက်ဆုကို ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီဆုဟာ အတော်လေးကို အရေးပါတဲ့ဆုပါ။ ပြီးတော့ ကမ္ဘာတဝှမ်းက ရွေးချယ်တင်မြှောက် ခံလိုက်ရသူတွေကြားထဲက သူမဟာ အရွေးခံရတာဖြစ်ပါတယ်။”

ဒီဆုအပြင်၊ လူ့အခွင့်အရေးကို သံတမန်နည်းနဲ့ ကြိုးပမ်းဆောင်ရွက်မှုနဲ့ လူ့အခွင့်အရေး ကာကွယ်သူဆုတွေကိုလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ချီးမြှင့်ခဲ့ပါတယ်။ လူ့အခွင့်အရေးကို သံတမန်နည်းနဲ့ ကြိုးပမ်းဆောင်ရွက်မှု ဆုကိုတော့ ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် John Tefft က ရရှိသွားပြီး၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ဆုကိုတော့ ဆီးရီးယား လူ့အခွင့်အရေး လှုပ်ရှားသူ Hanadi Zahlout နဲ့ အီရတ်နိုင်ငံ NGO အဖွဲ့ဝင် ဟာမူရာဘီ လူ့အခွင့်အရေးအဖွဲ့က ရသွားပါတယ်။
XS
SM
MD
LG