သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဆီ လူ့အခွင့်အရေးသမားတွေရဲ့ အိတ်ဖွင့်ပေးစာ


သမ္မတ ဦးသိန်းစိန်
သမ္မတ ဦးသိန်းစိန်
လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ဥပဒေမဲ့ တရားလက်လွတ် ဖမ်းဆီးတာတွေ၊ လူမသိ သူမသိ ချုပ်နှောင်ထားတာတွေနဲ့ မမျှမတ တရားစီရင်တာတွေ ဆက်ဖြစ်နေတုန်းပဲလို့ မြန်မာ့အရေး လှုပ်ရှားသူတွေက ထောက်ပြ ဝေဖန်လိုက်ပါတယ်။

ဒါကြောင့်လည်း လက်ရှိသွားနေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ အောင်မြင်စေချင်တယ်ဆိုရင် အဲ့ဒီလို အခြေအနေတွေ ဆက်မဖြစ်ရအောင် သမ္မတ ဦးသိန်းစိန်အနေနဲ့ အမြန်ဆုံး ဖြေရှင်းပေးဖို့ တိုက်တွန်း တောင်းဆိုကြပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်း က သတင်းပေးပို့ထားပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြသူတွေထဲက ဧပြီလ ၂၅ ရက်နေ့မှာ ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးသွားတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ၃ ဦးရဲ့ ဖြစ်ရပ်ကို နမူနာပြပြီး ဥပဒေမဲ့ ဖမ်းဆီးတာတွေ၊ လူမသိ သူမသိ ကာလရှည်ကြာ ထိန်းသိမ်းထားတာတွေ၊ တရားစီရင်ရေးမှာ မျှတမှု မရှိတာတွေ ဆက်ဖြစ်နေတုန်းပဲလို့ မြန်မာနိုင်ငံတွင်းနဲ့ ဒေသတွင်းအခြေစိုက် မြန်မာ့အရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့ ၇ ဖွဲ့က သမ္မတ ဦးသိန်းစိန်ဆီ
ပေးပို့တဲ့ အိတ်ဖွင့်ပေးစာ တစ်စောင်ထဲမှာ ထောက်ပြ ပြောဆိုထားကြတာပါ။

“ကိုအောင်စိုးနဲ့ ရွာသား နှစ်ယောက်ဆိုလို့ရှိရင်လည်း အဖမ်းခံထားရပြီး တော်တော်ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ် မရဘူး။ နောက် ရှေ့နေတွေ မရဘူး။ အဲ့လိုဟာမျိုးတွေဖြစ်တယ်။ ကိုရဲမင်းဦး ဆိုလို့ရှိရင်လည်း ဒီအတိုင်းပဲ သူ့ကို ဖမ်းတဲ့အချိန်မှာ အရပ်ဝတ် ထောက်လှမ်းရေးနှစ်ယောက်ကနေ ခေါ်သွားတယ်။ ပြီးတော့လည်း သူ့မိသားစုကို ဘာကြောင့် ခေါ်သွားတယ်။ ဘယ်နေရာမှာ ထားတယ်ဆိုတာကို အသိပေးတာမျိုး မရှိဘူး။ ဒီလိုဟာမျိုးတွေက ဆက်ပြီးဖြစ်နေတာကို ကျနော်တို့ တွေ့ရတယ်။ အဲ့တော့ ကျနော်တို့က အခုလို အချိန်မျိုးမှာ တရားဥပဒေစိုးမိုးရေးဟာ အရင်ကထက်စာရင် ပိုပြီးတော့ မြင့်တက်သင့်နေပြီလို့ ကျနော်တို့ မြင်တယ်လေ။ အဲ့ဒါကြောင့် ကျနော်တို့က ဒီထက်ပိုပြီး မြင့်တက်အောင်လို့ ထောက်ပြတဲ့သဘောမျိုးပါ။ ဒါကြောင့်မို့ အိတ်ဖွင့်ပေးစာကို ပေးရခြင်းဖြစ်ပါတယ်။”

ဇွန်လ ၁၇ ရက်နေ့စွဲနဲ့ သမ္မတ ဦးသိန်းစိန်ဆီ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တဲ့ အဖွဲ့ ၇ ဖွဲ့ထဲက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်ပါ။

ဒီလိုအခြေအနေတွေဟာ တနေရာထဲမှာ သီးခြားကွက်ဖြစ်နေတာမဟုတ်ဘဲ
နေရာအတော်များများမှာ ဖြစ်နေတာကို တွေ့ရတယ်လို့ဆိုပါတယ်။ အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ လူထုဘက်ကနေ ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးနေတဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ လူထုရဲ့ အခွင့်အရေးကို ဘယ်လောက် အာမခံချက်ပေးပြီး ကာကွယ်စောင့်ရှောက်သလဲဆိုတာ အဓိကကျတဲ့ အခြေခံအချက် ဖြစ်တာကြောင့် အခုလို အခြေအနေတွေကို သမ္မတအနေနဲ့ ကိုင်တွယ်လုပ်ဆောင်ပေးဖို့ ရည်ရွယ်တယ်လို့ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့က လုပ်ငန်းညှိနှိုင်းရေးမှူး မခင်ဥမ္မာက ပြောပါတယ်။

“သမ္မတကြီး အခု ဦးဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီရေးဆိုတဲ့ဟာကို သမ္မတအနေနဲ့ အောင်မြင်အောင် ကြိုးစားမယ်။ အစိုးရတရပ်လုံးအနေနဲ့ အောင်မြင်အောင် ကြိုးစားမယ်ဆိုရင်တော့ အခုလိုမျိုး တရားလက်လွတ်ဖြစ်နေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ ကြုံနေရတဲ့ တရားရေးပိုင်းဆိုင်ရာ၊ မတရားခံနေရတဲ့ ကိစ္စတွေကိုတော့ အမြန်ဆုံး ဖြေရှင်းပေးပြီးတော့မှ ခုနတုန်းက ဖိနှိပ်မှုဖြစ်နေတဲ့ ဥပဒေတွေကို အမြန်ဆုံး ရပ်သွားဖို့ နောက်ထပ် ဖမ်းဆီးတာတွေ၊ မတရားထောင်ချတာတွေ၊ မတရား ထိန်းချုပ်ထားတာတွေ ဒါမျိုးတွေ ထပ်မဖြစ်ရအောင် ပြီးသွားတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြတဲ့ဥစ္စာ ဒီမိုကရေစီမှာ ဆန္ဒပြခွင့်ရှိတယ်။ ဆန္ဒထုတ်ဖော်ခွင့်ရှိတယ်။ အဲ့တော့ ငြိမ်းချမ်းစွာ ဆန္ဒပြ ထုတ်ဖော်တဲ့ ဥစ္စာတွေကို အခုလိုမျိုး မတရား ဖမ်းဆီးတာတွေ၊ ထိန်းချုပ်တာတွေ၊ ချုပ်နှောင်တာတွေ ထပ်မဖြစ်ရတော့အောင်လို့ သမ္မတကြီးကတော့ အမြန်ဖြေရှင်းပေးပါလို့ ဒါကြောင့်မို့လို့ ကျမတို့က ဒါကို တင်ပြတာပါ။”

မကြာသေးခင်ကာလတွေအတွင်း ငြိမ်းချမ်းစွာဆန္ဒပြသူတွေ၊ ဆန္ဒပြသူတွေကို အကူအညီပေးသူတွေကို ၂၀၁၁ ခုနှစ်က ပြဌာန်းခဲ့ တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပုဒ်မ ၁၈၊ အကြမ်းဖျဉ်းအားဖြင့် ကောလာဟလ ဖြန့်ချိမှုလို့ ပြောနိုင်တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (ခ) တို့နဲ့ ဖမ်းဆီးပြီး မကြာသေးခင်ကပဲ ပြစ်ဒဏ်ချမှတ်တာတွေ ရှိခဲ့သလို တရားရင်ဆိုင်နေရတာတွေလည်း ရှိနေဆဲပါ။

အခုပေးပို့တဲ့ အိတ်ဖွင့်ပေးစာအပေါ် သမ္မတဆီက ပြန်ကြားချက်ကို ခုချိန်ထိ မကြားသိရသေးပေမဲ့လည်း အပြုသဘောဆောင် တုန့်ပြန်ချက်ရလိမ့်မယ်လို့ စာပို့သူတွေဘက်က မျှော်လင့်ထားပါတယ်။

“အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုမျိုး ပြန်ရလိမ့်မယ်။ နောက်တခုက တရားဥပဒေ စိုးမိုးရေးအတွက် ကျနော်တို့က ကူညီဖြစ်အောင် ထောက်ပြပေး တယ်ဆိုတာမျိုးကို ကျနော်တို့က ပြန်လည်နားလည်ပြီးတော့ ဥပဒေစိုးမိုးရေးကို ပိုပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့် ပါတယ်။”

လူမသိ သူမသိ ဖမ်းဆီး ထိန်းသိမ်းတာမျိုးကို ဥပဒေမဲ့လုပ်ရပ်အဖြစ် သတ်မှတ်သင့်ကြောင်း၊ အဲဒီလိုထိန်းသိမ်းခံရသူကိုလည်း နှောင့်နှေးမှုမရှိဘဲ ချက်ခြင်း လွှတ်ပေးသင့်ကြောင်း နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး ဟွမ်န် မဲန်းဒက်ဇ် က (Juan E. Méndez) ဖော်ပြ
ပြောဆိုဖူးပါတယ်။

တရားလက်လွတ် ဖမ်းဆီးတာတွေ၊ လူမသိ သူမသိ ထိန်းသိမ်းတာတွေ၊ တရားမမျှတတဲ့ တရားစီရင်ရေးတွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး
ဖော်ဆောင်နေတဲ့ နိုင်ငံတစ်ခုမှာ နေရာမရှိဘူးလို့ သမ္မတ ဦးသိန်းစိန်ဆီ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG