သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလစိုးရိမ်မှု လူ့အခွင့်အရေးအဖွဲ့တွေ ထောက်ခံ


မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tomas Ojea Quintana
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tomas Ojea Quintana
မြန်မာပြည်တွင်းမှာ ဆက်ပြီး ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက် လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ရဲ့ သတိပေးချက် ကို နိုင်ငံတကာ အသိုင်းအဝိုင်းက အာရုံစိုက်ဖို့ လိုတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ နဲ့ လေ့လာသုံးသပ်သူ တွေက ပြောလိုက်ပါတယ်။ မကြာသေးခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quntana) ရဲ့ ခရီးစဉ်နဲ့ ပက်သက်လို့ ဗွီအိုအေ သတင်းထောက် ရွန် ကော်ဘန် (Ron Corben) ဘန်ကောက် မြို့ကနေ ပေးပို့ထားတဲ့သတင်းကို ကိုကျော်သိင်္ခ က တင်ပြထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လမ်းကြောင်းမှန်ပေါ်ကို သွားနေတဲ့ တချိန်တည်းမှာပဲ နိုင်ငံတွင်း ဆက်ပြီး ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ချက်ခြင်း ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ် လို့ မြန်မာနိုင်ငံကို ၅ ရက်ကြာခရီး သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား က ပြောပါတယ်။

မစ္စတာ ကင်တားနားဟာ သူ့ရဲ့ ခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ လက်ရှိ အင်းစိန် ထောင်တွင်းမှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရအဖွဲ့က အကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို၊
ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံ ၅ ရက်ကြာ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် ပဋိပက္ခတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်စခန်းတွေဆီကိုလည်း သွားရောက်လည်ပတ်ခဲ့ပြီး၊ ဒီဒုက္ခသည်စခန်း တွေရဲ့ အခြေအနေဟာ တိုးတက်ကောင်းမွန်လာပေမဲ့လည်း အခုထိ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရှိသေးဘူးလို့လည်း မစ္စတာ ကင်တားနား က ပြောပါတယ်။

မြန်မာနိုင်ငံ ခရီးစဉ်နဲ့ပက်သက်ပြီး မစ္စတာ ကင်တားနားရဲ့ ကနဦး အစီရင်ခံစာမှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေနဲ့ပက်သက်ပြီး တိုးတက်မှု မရှိတာ၊ လက်နက်ကိုင် ပဋိပက္ခတွေ အချိန်အတော်ကြာ ဆက်ပြီး ဖြစ်ပွားနေတာ စတဲ့ အချက်တွေ ပါတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တဖွဲ့ဖြစ်တဲ့ Alternative ASEAN Network ပြောရေးဆိုခွင့်ရှိသူ ဒက်ဘီ စတောဟဒ် (Debbie Storhard) က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အရေတကြီး ကိုင်တွယ်ဖြေရှင်းရမယ့် လူ့အခွင့်အရေး ပြဿနာတွေကို အခုထိ ကိုင်တွယ် ဖြေရှင်းတာမျိုး မရှိသေးဘူး။ ရှေ့ဆက် လုပ်ရမှာတွေက အများကြီး ရှိနေသေးတယ် ဆိုတာ ကို မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်က ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်။ မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးအပေါ် သိပ်ပြီး အကောင်းမြင်လွန်း အားကြီးနေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို မြန်မာနိုင်ငံနဲ့ပက်သက်ပြီး နိုးနိုးကြားကြား ဖြစ်ဖို့
ဆော်သြသလို ဖြစ်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။”

မစ္စတာ ကင်တားနားဟာ မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့အကြား မကြာသေးခင်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ နေရာကိုလည်း သွားရောက်ခဲ့ပါသေးတယ်။

အပစ်အခတ် ရပ်စဲရေးအတွက် မြန်မာအစိုးရနဲ့ KIO တို့ ဆွေးနွေးတဲ့ အဆင့်အထိ အခြေအနေ တိုးတက်လာတာကို သူ့အနေနဲ့ အားရတဲ့အကြောင်းလည်း ကင်တားနား က ပြောပါတယ်။ ဒါပေမဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကလို့ သံသယရှိသူတွေကို ဖမ်းပြီး နှိပ်စက်နေတယ်ဆိုတဲ့ အစီရင်ခံစာတွေ နဲ့ပက်သက်ပြီးတော့ စိုးရိမ်မိတဲ့ အကြောင်းလည်း သူက ပြောပါတယ်။

မြန်မာစစ်တပ်ရော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နှစ်ဘက်စလုံးကပါ နိုင်ငံတကာ လူ့အခွင့်အရေး နဲ့ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေတွေကို နားလည် သဘောပေါက်ကြဖို့ကို လည်း နှစ်ဘက်စလုံးကို မစ္စတာ ကင်တားနား က တောင်းဆိုလိုက်ပါတယ်။

ကင်တားနားအနေနဲ့ ရခိုင်နဲ့ ကချင်ပြည်နယ်အရေး ကိစ္စတွေနဲ့ပက်သက်ပြီး အပြုသဘောဆောင်တဲ့ အမြင်မျိုး ရှိပေမဲ့လည်း မြန်မာအစိုးအနေနဲ့ ပြဿနာတွေကို အခုထက်ပိုပြီး ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေတုန်းပဲလို့ အရှေ့တောင်အာရှဆိုင်ရာ နိုင်ငံတကာ ဥပဒေပညာရှင်များအဖွဲ့ရဲ့ ကိုယ်စားလှယ် ဘင်ဂျမင် ဇဝက်ကီး (Benjamin Zawacki) က ပြောပါတယ်။


“မြန်မာပြည်ထဲက အဲ့ဒီနေရာတွေကို သွားရောက်လည်ပတ်ခွင့်ရတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် တယောက်အနေနဲ့ မြန်မာနိုင်ငံထဲက အပြောင်းအလဲတွေနဲ့ ပက်သက်ပြီး အခုလို အကောင်းဘက်ကနေ ထုတ်ပြီး ပြောဆိုဖို့ ဆိုတာကတော့ အရေးကြီးတဲ့ အချက်တချက်ပေါ့လေ။ တိုင်းရင်းသားဒေသ ၂ ခုမှာ အခြေအနေတွေက ပိုပြီး ကောင်းလာတယ်၊ အပြောင်းအလဲတွေ ရှိလာတယ်ဆိုပေမဲ့ တကယ့် တကယ်တမ်းကျတော့ ပိုပိုပြီးတော့တောင် ဆိုးလာနေတာပါ”

မြန်မာနိုင်ငံထဲက တိုးတက်မှုဆိုလို့ ထောင်တွေထဲကို နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့အစည်းတွေ သွားခွင့်ရတာ တခုပဲ ရှိပါတယ်လို့ အာရှဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ လက်ထောက် ညွန်ကြားရေးမှူး ဖေးလ် ရောဘတ်စန် (Phil Robertson) က ပြောပါတယ်။

မြန်မာနိုင်ငံထဲက လူ့အခွင့်အရေး အခြေအနေနဲ့ပက်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်ကို အားနည်းသွားအောင် မြန်မာအာဏာပိုင်တွေက တွန်းအားတွေ
ပေးနေတယ်လို့ သူက ပြောပါတယ်။

လာမယ့်လမှာတော့ မစ္စတာ ကင်တားနားအနေနဲ့ သူ့ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ အပြည့်အစုံကို ကုလသမဂ္ဂဆီ တင်သွင်းလိမ့် မယ်လို့ မျှော်လင့်ရပါတယ်။
XS
SM
MD
LG