သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ်တွင်း မြေယာသိမ်းခံရမှု ပြဿနာကြီးထွား


ကရင်ပြည်နယ် သံလွင်မြစ်ကမ်းဘေးက ကရင်ရွာလေးတရွာ
ကရင်ပြည်နယ် သံလွင်မြစ်ကမ်းဘေးက ကရင်ရွာလေးတရွာ
မြန်မာနိုင်ငံအရှေ့ပိုင်း တိုင်းရင်းသားဒေသတွေမှာ မတရားမြေယာ အသိမ်းခံရမှုတွေဟာ အဓိကကြုံနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတယ်လို့ ကရင် လူ့အခွင့်အရေး အဖွဲ့တခုက ပြောလိုက်ပါတယ်။ KHRG လို့ခေါ်တဲ့ ထိုင်းနိုင်ငံ အခြေစိုက် ကရင်လူ့အခွင့် အရေးအဖွဲ့ရဲ့ ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းစာဆရာများ အသင်းတိုက်မှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အဖွဲ့ရဲ့ တနှစ်တာ အစီရင်ခံစာ ထုတ်ပြန်ပြီးတော့ အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုဝင်းမင်း က တင်ပြထားပါတယ်။

မြန်မာအစိုးရနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့ကြား အပစ်အခတ် ရပ်စဲရေး လုပ်အပြီးမှာ ထိုက်တန်တဲ့ လျော်ကြေးမပေးဘဲ စီးပွားရေး ကုမ္ပဏီတွေက ဒေသခံ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အခုလို မြေယာသိမ်းယူတာတွေဟာ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသတွေမှာ အများဆုံးဖြစ်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်နေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ အဓိက ဆွေးနွေးခဲ့သူ တဦးဖြစ်တဲ့ KHRG ကရင်လူ့အခွင့်အရေးအဖွဲ့က နော်ခူးခူးဂျူး က ဆိုလိုက်ပါတယ်။

“ဒီအစီရင်ခံစာမှာ ဆိုလို့ရှိရင် ၂၀၁၁ ခုနှစ်ကနေပြီးတော့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအထိ ကျမတို့ ရရှိတဲ့သတင်းတွေအပေါ်မှာ ပြန်ပြီးတော့ ဝေဖန် သုံးသပ်လိုက်တဲ့အခါမှာ အများဆုံး တွေ့ရှိရတာ ကတော့ မြေယာနဲ့ပတ်သက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တွေ့ရတယ်။”

ထိုင်းနိုင်ငံအခြေစိုက် SYCB ခေါ် မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက်အဖွဲ့နဲ့ Alternative Asean လို့ခေါ်တဲ့ စင်ပြိုင်အာဆီယံ အဖွဲ့တို့ကပါ ပါဝင်ဆွေးနွေးခဲ့တဲ့ ဒီသတင်းစာ ရှင်းလင်းပွဲမှာ KHRG ကရင်လူ့အခွင့်အရေးအဖွဲ့က အခုလို အစီရင်ခံစာ ထုတ်ပြန်ပြီး သယံဇာတ တွေ ကြွယ်ဝတဲ့ တိုင်းရင်းသားဒေသတွေမှာ သယံဇာတ တူးဖော်ရေး၊ လမ်းပန်းဆက် သွယ်ရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် ဒေသခံ လူထုနဲ့ မတိုင်ပင်ဘဲ အခုလို အဓမ္မ မြေသိမ်း မှုတွေ ဖြစ်နေတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

“ရပ်တည်ရာ ပျောက်ဆုံးခြင်း” လို့ အမည်ပေးထားတဲ့ ဒီအစီရင်ခံစာထဲမှာ အဓိက တွေ့ရှိခဲ့ချက်တွေ ကို နော်ခူးခူးဂျူး က ဆက်ပြီး -

“အဓိကကတော့ တဖတ်သတ် ဆောင်ရွက်ပုံရတယ်။ ရွာသားတွေနဲ့ လုံး၀ တိုင်ပင် ဆွေးနွေးခြင်း၊ အကြောင်းကြားခြင်းမရှိဘဲနဲ့ တဖတ်သတ် ဆောင်ရွက်ခဲ့ခြင်းဆိုတာကို ကျမတို့ တွေ့ရပါတယ်။ ဒုတိယတချက်အနေနဲ့က ဒီလို စီမံကိန်းတွေကြောင့် မြေယာ သိမ်းဆည်းခံရခြင်းတွေ၊ ဒေသ တွင်း မြေယာကို အသုံးပြုမှု အခက်အခဲတွေကို ကြုံရ တယ်။ တတိယအချက်အနေနဲ့က သူတို့ ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုအပေါ်မှာ ရသင့်ရထိုက်တဲ့ လျော်ကြေးငွေ ရရှိဖို့အတွက်ကို ကြိုးပမ်းရာမှာ သူတို့အတွက် အများကြီးပဲ အခက်အခဲတွေ ရှိပါတယ်။ လေးချက်မြောက်အနေနဲ့က သဘာ၀ သယံဇာတ တူးဖော်ရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့် သူတို့ ဒီအခု အတင်း အဓမ္မ နေရာ ရွှေ့ပြောင်းခံရတာကို ကျမတို့ တွေ့ရတယ်။”

အခုလို မတရား မြေသိမ်းခံခဲ့ရမှုအပေါ် လျော်ကြေးရဖို့အတွက် ဒေသခံတွေအနေနဲ့ ကြိုးစားခဲ့ပေမဲ့ စီးပွားရေးကုမ္ပဏီတွေက လာဒ်စားတဲ့ ဒေသခံအရာရှိတွေနဲ့ ပူးပေါင်း ကြံစည်ဆောင်ရွက်ခဲ့ တာကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့ နော်ခူးခူးဂျူး က ဆက်ပြောပါတယ်။ ဒါ့အပြင် အခုလို မတရား မြေယာ အသိမ်းခံခဲ့ရတဲ့ အကျိုးဆက်အနေနဲ့ ဒေသခံတွေဟာ သူတို့ရဲ့ မူလနေရာတွေကို ဆုံးရှုံးပြီး ပြောင်းရွှေ့ပေးခဲ့ရတာအပြင် သူတို့ရဲ့ စားဝတ်နေရေးအတွက်နဲ့ သဘာဝပတ်ဝန်းကျင်အတွက်ပါ ထိခိုက် ပျက်စီးကုန်ပြီလို့ ခူးခူးဂျူး က ထောက်ပြလိုက်ပါတယ်။

“နောက်ပိတ်ဆုံးအချက်အနေနဲ့က ကျမတို့ ဒီနောက်ဆက်တွဲပေါ့ သဘာ၀ သယံဇာတ တူးဖော်ရေး ဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ သူတို့ရဲ့ လယ်မြေ၊ စားဝတ်နေရေးနဲ့ အသက်အန္တရာယ်တွှေအပေါ်မှာ နောက်ဆက်တွဲ ဆိုးကျိုးတွေ သက်ရောက်မှုကိုလည်း ကျမတို့ တွေ့ရှိရပါတယ်။”

အခုလို ထိခိုက်စေခဲ့တဲ့ မတရား မြေယာသိမ်းမှုတွေကို ဖော်ထုတ်ခဲ့တဲ့ ဒီအစီရင်ခံစာထဲမှာ ပါဝင်ပတ်သက်ခဲ့တဲ့ စီးပွားရေး စီမံကိန်းပေါင်း ၃၀ ကျော်နဲ့ အစိုးရဌာနတွေကို ရွာသားတွေက အသေးစိတ် တိုင်ချက်ဖွင့်ထားရာမှာ ထားဝယ်ရေနက် ဆိပ်ကမ်းနဲ့ ရွှေကျင်ဆည်တွေလည်း ပါတယ်လို့ KHRG ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တကယ်တော့ ၂၀၁၂ နှစ်ဆန်းပိုင်းမှာ KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ မြန်မာအစိုးရ တို့အကြား အပစ်ခတ်ရပ်စဲခဲ့ပြီး မတရားလူသတ်မှုနဲ့ အဓမ္မ ကျင့်မှုတွေလို စစ်ပွဲနဲ့ တိုက်ရိုက် ပတ်သက်ပြီးဖြစ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လျှော့ကျလာပေမဲ့ အခုလို စီးပွားရေး ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ မြေယာသိမ်းမှုဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကတော့ တိုးပွားလာနေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက သုံးသပ်နေချိန်နဲ့ မြန်မာနိုင်ငံ အနှံ့အပြား မှာလည်း မြေယာသိမ်းမှု ပဋိပက္ခတွေ တိုးပွားလာနေချိန်မှာ ဒီအစီရင်ခံစာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
XS
SM
MD
LG