သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူ့အခွင့်အရေး နောက်ကြောင်းလှည့် ဟု HRW ဝေဖန်


မြန်မာစစ်ပြေးဒုက္ခသည်များ။
မြန်မာစစ်ပြေးဒုက္ခသည်များ။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ၂၀၁၄ ခုနှစ်အတွင်းမှာ ကျဆင်း သွားပြီး လွန်ခဲ့တဲ့ ၃ နှစ်တုန်းက စတင် လုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ကနေ ရရှိထားတဲ့ တိုးတက်မှုတွေ ဟာလည်း နောက်ပြန် လှည့်သွားနေပြီလို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က နှစ်စဉ် ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေဟာ ကဏ္ဍ အတော်များများမှာ ကျဆင်းနေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေတွေ လွန်ခဲ့တဲ့ နှစ်ထဲမှာ ဆိုးရွားလာတဲ့အကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က နှစ်စဉ်ထုတ်ပြန်တဲ့ ၂၀၁၅ ခုနှစ် အစီရင်ခံစာထဲမှာ ဖော်ပြထားတာပါ။

၂၀၁၄ ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အထွေထွေကျဆင်းခဲ့တဲ့အထဲ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာဒုက္ခသည်တွေအရေး၊ သတင်းမီဒီယာလွတ်လပ်မှုနဲ့ သတင်းထောက်တွေ ဖမ်းဆီး ထိန်းသိမ်းခံနေကြရမှု၊ နိုင်ငံရေးအကျဉ်းသားတွေ ဆက်ရှိနေသေးတဲ့ကိစ္စ၊ မျိုးစောင့်ဥပဒေ စတာတွေဟာ အဓိကျတဲ့ အချက်တွေဖြစ်တယ်လို့ HRW ရဲ့ အာရှရေးရာ လက်ထောက် ညွန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေဟာ ပိုဆိုးလာတဲ့အကြောင်း Phil Robertson က ပြောပါတယ်။

“ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေရဲ့အရေးကို သာဓက ပြရမယ်ဆိုရင် - ဒုက္ခသည်စခန်းတွေမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခသည် ၁၄၀,၀၀၀ ကျော်ရှိတယ်။ သူတို့အခြေအနေဟာ အရမ်းကို ဆိုးလာနေတယ်။ သူတို့အနေနဲ့ အသက်မွေးဝမ်းကျောင်းမှုအတွက် လုပ်ကိုင်စားသောက်လို့မရဘူး၊ လွတ်လပ်စွာ သွားလာခွင့်မရှိဘူး၊ ကလေးငယ်တွေ ပညာသင်ကြားခွင့် မရှိဘူး၊ ထိရောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရကြပါဘူး။”

မီဒီယာ ဥပဒေ ပြုပြင်ပြောင်းလဲဖို့နဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကိစ္စနဲ့ပတ်သက်လို့ Phil Robertson ပြောတာကတော့ -

“ မီဒီယာ ဥပဒေ ပြင်ဆင်ရေးကိစ္စကို ကြည့်မယ်ဆိုရင်လည်း - သတင်းထောက်တချို့ မတရားတဲ့နည်းနဲ့ တရားစီရင်ပြီး ထောင်ချခံနေကြရတယ်။ အဲဒီအထဲမှာ Unity က သတင်းထောက်တွေ ကိစ္စကတော့ သိသာတဲ့ ဥပမာတခုဖြစ်ပေမယ့် မွန်ပြည်နယ်အတွင်း စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ သတင်းထောက် ကိုပါကြီးဟာလည်း ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။”

နိုင်ငံရေးအကျဉ်းသားတွေကိစ္စမှာလည်း သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွတ်ပေးခဲ့တာတွေ ရှိပေမယ့် အခု အခြေအနေတွေဟာ ပြန်လည် ဆိုးရွားလာနေတဲ့အကြောင်း၊ အထူးသဖြင့် ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြသူတွေကို ဖမ်းဆီး ထောင်ချတာတွေ ရှိခဲ့တယ်လို့ Phil Robertson က ပြောပါတယ်။

အခုလို မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးအခြေနေတွေ ဆိုးရွားလာနေတာဟာ - အရှိန်ရလာနေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေဟာ ကားတိုက်မှုဖြစ်သလို - ရုတ်တရက် ရပ်တန့်သွားတယ်လို့ HRW ရဲ့ အစီရင်ခံစာထဲမှာ တင်စား ဖော်ပြထားပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုဆိုး လာတဲ့ကြားက နိုင်ငံတကာ အသိုင်းဝိုင်းက မြန်မာအစိုးရအပေါ် ဆက်လက် ထောက်ခံ အားပေးနေတဲ့အပေါ် သူတို့အနေနဲ့ စိုးရိမ် ပူပန်ကြောင်းလည်း Phil Robertson က ဆက်ပြောပါတယ်။

“ မြန်မာအစိုးရကို ထောက်ခံအားပေးနေတဲ့ - အထူးသဖြင့် နိုင်ငံတကာက အလှုရှင်တွေအနေနဲ့ လူ့အခွင့်အရေးအခြေအနေတွေ ဆိုးရွားနေတဲ့ကြားက မသိကျိုးကျွန်ပြုပြီး ဆက်လက် ထောက်ခံ အားပေးနေတဲ့အပေါ် ကျနော်တို့အနေနဲ့ အထူးစိုးရိမ်မိပါတယ်။ အခုချိန်ဟာ နိုင်ငံတကာက အလှုရှင်တွေအနေနဲ့ လက်ချင်းယှက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်သင့်ပြီဆိုလို့ မားမားမတ်မတ် ရပ်တည် ပြောဆိုရမယ့် အချိန်ဖြစ်ပါတယ်။”

အထူးသဖြင့်တော့ မြောက်အမေရိကနဲ့ ဥရောပတိုက်က နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်ဖို့ ဖိအားပေး ပြောဆိုဖို့ထက် မြန်မာနိုင်ငံမှာ စီးပွားလုပ်လိုတဲ့ဆန္ဒက ပိုပြင်းပြနေတယ်လို့ Phil Robertson က ပြောပါတယ်။

တကယ်တော့ အဲဒီလို မျက်စိမှိတ် ထောက်ခံနေတာဟာ အန္တရာယ်များပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမိုဆိုးရွားလာစေတဲ့ အဓိက အကြောင်းအရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ကောင်းမွန်ဖို့ဆိုရင် ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေကို ပြုပြင် ပြောင်းလဲဖို့ လိုအပ်ကြောင်း Phil Robertson က ထောက်ပြ ပြောဆိုပါတယ်။

“ အရင်ဦးဆုံးတော့ - အစိုးရလက်ထဲမှာ ဖိနှိပ် ချုပ်ချယ်တဲ့ ဥပဒေတွေ အများအပြား ရှိနေသေးပြီး အဲဒီ ဥပဒေတွေကို ဆက်လက် အသုံးပြုနေတဲ့ ကိစ္စကို ပြောရမှာ ဖြစ်ပါတယ်။ အစိုးရနဲ့ သဘောထားခြင်း မတိုက်ဆိုင်တဲ့ သူတွေရဲ့ အသံတွေကို ဖိနှိပ် တားဆီးတဲ့ ဥပဒေတွေကို ချက်ခြင်း ရုပ်သိမ်းပေးဖို့ လိုပါမယ်။ နောက် မြေသိမ်း၊ ယာသိမ်းဖြစ်နေတဲ့ကိစ္စကို ထိရောက်စွာ ကိုင်တွယ်နိုင်တဲ့ နည်းလမ်းရှိဖို့ လိုအပ်ပါတယ်။ တခါ - ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ရိုဟင်ဂျာတွေနဲ့ ရခိုင်ဒေသခံတွေအကြား ပြန်အဆင်ပြေပြီး သင့်တင့်စွာ နေထိုင်နိုင်ရေး လုပ်ဆောင်ပေးဖို့ ထိရောက်တဲ့ နည်းလမ်းကို အမြန်ဆုံး ရှာဖို့ လိုအပ်သလို ပြစ်မှု ကျူးလွန်ခဲ့တဲ့သူတွေကိုလည်း အပြစ်ပေး အရေးယူဖို့ လိုအပ်ပါတယ်။”

မြန်မာနိုင်ငံမှာ လက်ရှိ ပြောဆို ဆွေးနွေးနေကြတဲ့ မျိုးစောင့်ဥပဒေဟာလည်း လူမျိုးရေး၊ ဘာသာရေးအရ အမုန်းပွားစေတဲ့ ပြောဆိုမှုတွေ ဖြစ်တဲ့အတွက် မုန်းတီးမှုတွေ တိုးပွားစေတဲ့ ပြောဆိုမှုတွေ မရှိအောင် အစိုးရအနေနဲ့ ဆောင်ရွက် သင့်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အထွေထွေးရွေးကောက်ပွဲ တဖြည်းဖြည်း နီးကပ်လာတာနဲ့အမျှ အဲဒီ လူမျိုးရေး၊ ဘာသာရေးအရ အမုန်းပွားစေတဲ့ ပြောဆိုမှုတွေ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုအတွင်း ဖြစ်ပေါ်ခဲ့ရင် တိုင်းပြည်အခြေအနေဟာ ပိုပြီး ဆိုးသွားနိုင်တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှရေးရာ လက်ထောက်ညွန်းကြားရေးမှူး Phil Robertson က ပြောပါတယ်။

XS
SM
MD
LG