သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေနဲ့ပတ်သက်တဲ့ ထိုင်းနိုင်ငံမူဝါဒ HRW ဝေဖန်


ထိုင်း မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းမှာ ဒုက္ခသည်ကလေးငယ်တွေအတွက် စာသင်ခန်း။
ထိုင်း မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းမှာ ဒုက္ခသည်ကလေးငယ်တွေအတွက် စာသင်ခန်း။
ထိုင်းနိုင်ငံရဲ့ အစိုးရရဲ့ တဖက်သက် ဆုံးဖြတ်ချက်ချခဲ့တဲ့ မူဝါဒတွေကြောင့် ထိုင်းနိုင်ငံထဲက မြန်မာနိုင်ငံသား ဒုက္ခသည် ထောင်ပေါင်းများစွာဟာ ဖမ်းဆီးခံကြရတာနဲ့ နေရင်းနိုင်ငံကို ပြန်ပို့ခံရတဲ့ ဒုက္ခတွေကို ရင်ဆိုင်နေကြရတယ်လို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေး Human Rights Watch အဖွဲ့ကပြောဆိုလိုက်ပါတယ်။

စက်တင်ဘာ ၁၃ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ HRW အဖွဲ့ရဲ့ ဒီအစီရင်ခံစာမှာ ထိုင်းမြန်မာနယ်စပ်တလျောက် ဒုက္ခသည်စခန်းတွေက ဒုက္ခသည်ပေါင်း တစ်သိန်းလေးသောင်းအပေါ်မှာ ထိုင်းအစိုးရရဲ့ ပြုမူဆောင်ရွက်ချက်တွေကို မှတ်တမ်း တင်ထားပါတယ်။

လူသူအရောက်အပေါက်နည်းတဲ့နေရာတွေမှာ ဒီဒုက္ခသည်စခန်းတွေမှာ ကျပ်ကျပ်သိပ်သိပ်နေထိုင်နေကြရတဲ့ ဒုက္ခသည်တွေ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာခွင့် ဝင်ငွေရတဲ့အလုပ် လုပ်ကိုင်ခွင့်နဲ့ သူတို့ရဲ့ ကလေးတွေ တန်းတူပညာသင်ကြားခွင့်တွေ မရရှိကြဘူးလို့ ဒီအစီရင်ခံစာက ဆိုပါတယ်။

ဒုက္ခသည်တွေဟာ ငွေကြေးများစွာပေးရတဲ့ လာဘ်ပေးမူတွေ လုပ်ပြီးတော့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် မခံယူနိုင်ကြဘူးဆိုရင် သူတို့ဟာ ဒုက္ခသည်စခန်းတွေမှာ ဖမ်းဆီးခံကြရတာ နေရင်းနိုင်ငံကို ပြန်ပို့ခံကြရတာတွေနဲ့ မကြာခဏ ကြုံနေရတယ်လို့လည်း ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒုက္ခသည်အားလုံးရဲ့ လေးဆယ်ရာခိုင်နှုန်းလောက်ဟာ ဒုက္ခသည်အဖြစ် တရားဝင်မှတ်ပုံတင်ခွင့်မရရှိသေးတာကြောင့် တရားမျှတပြီးတော့ ထင်သာမြင်သာရှိစေမယ့် မြန်မာနိုင်ငံက ရောက်ရှိလာသူ ဒုက္ခသည်တွေကို စောင့်ကြည့်ရေး စနစ်တရပ်ကို ထူထောင်ဖို့ ထိုင်းအစိုးရအနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း HRW က တိုက်တွန်းထားပါတယ်။
XS
SM
MD
LG