သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး HRW စွပ်စွဲချက် အမေရိကန်စိုးရိမ်


အမေရိကန် နိုင်ငံခြားရေးဌာန ယာယီလက်ထောက် ပြောခွင့် ရသူ Patrick Ventrell
အမေရိကန် နိုင်ငံခြားရေးဌာန ယာယီလက်ထောက် ပြောခွင့် ရသူ Patrick Ventrell
နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်အတွင်း ဖြစ်ခဲ့တဲ့ ဘာသာရေး ပဋိပက္ခအတွင်း မူဆလင်တွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ အာဏာပိုင်တွေ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲထားပါတယ်။ ဒီလို လုပ်ဆောင်မှုတွေဟာ လူမျိုးတုံး သတ်ဖြတ်မှုတွေ အသွင်ဆောင်တယ်လို့လည်း ဖော်ပြထားတဲ့ အဲ့ဒီ အစီရင်ခံစာနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက စိုးရိမ်မကင်း ဖြစ်ရတဲ့အပြင် အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ တနင်္လာနေ့က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။

Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးက ဧပြီလ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ “All You Can Do is Pray” ဆိုတဲ့ ဆုတောင်းရုံကတပါး တခြား အားကိုးဖွယ်ရာမရှိ ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ အစီရင်ခံစာဟာ မျက်မြင်သက်သေ အများအပြား အပါအဝင် ရိုဟင်ဂျာ မူဆလင်တွေနဲ့ ရခိုင် ဗုဒ္ဓဘာသာဝင် ၁၀၀ ကျော်တို့နဲ့ တွေ့ဆုံမေးမြန်းထားတဲ့ အချက်တွေကို အခြေခံပြီး ရေးသားပြုစုထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လနဲ့ အောက်တိုဘာလက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ၂ ရပ်အတွင်း လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရပြီး လူ ၁ သိန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေး စောင့်ကြည့်ရေး အစီရင်ခံစာအရ တချို့ဖြစ်ရပ်တွေဟာ ဆိုးရွားလှပြီး ကြိုတင်သတိပေးထားပေမဲ့လို့လည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရိုဟင်ဂျာတွေထံကနေ ဒုတ်၊ ဓားတွေကို သိမ်းကာ အကာအကွယ် မပေးနိုင်ခဲ့တဲ့အတွက်ကြောင့်လည်း ဗုဒ္ဓဘာသာဝင် လူအုပ်ကြီး လက်ချက်ကြောင့် သေဆုံးခဲ့ရသူတွေအနက် ကလေး ၂၈ ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

အခုလို အာဏာပိုင်တွေရဲ့ ပါဝင်ပတ်သက်မှုကို ထောက်ပြပြီး လူသားမျိုးနွယ်စုအပေါ် ကျူးလွန်မှုတရပ်အဖြစ် Human Rights Watch အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ် ပါတယ်။

ဒီအချက်အလက် ဖော်ပြချက်တွေနဲ့ပတ်သက်ပြီး Human Rights Watch ရဲ့ အစီရင်ခံစာသစ်ပါ အချက်အလက်တွေကို အမေရိကန် ပြည်ထောင်စုက နီးနီးကပ်ကပ် စောင့်ကြည့်နေ တယ်လို့ နိုင်ငံခြားရေးဌာန ယာယီလက်ထောက် ပြောခွင့်ရ ပတ်ထရစ် ဗန်ထရဲလ် (Patrick Ventrell) က တနင်္လာနေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“ဒီသတင်းတွေကို ကျနော်တို့ ကြားပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ အခြေအနေကို သေသေချာချာ လေ့လာစောင့်ကြည့်နေပါတယ်။ အချက်အလက်တွေ လက်ခံရရှိရင် ရရှိသလို သတင်းတွေကို စိစစ်သုံးသပ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သတင်းအချက်အလက် အားလုံးကို လေ့လာသုံးသပ်မှာဖြစ်သလို စွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့ရင်လည်း သေသေချာချာ သုံးသပ်သွားမှာ ဖြစ်ပါတယ်။”

အမေရိကန် ပြည်ထောင်စုအနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ် သောကြာနေ့က နှစ်ပတ်လည် လူ့အခွင့်အရေး အစီရင်ခံစာ ထုတ်ပြန်ရာမှာ တချိန်က အထီးကျန်ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုတွေ ပိုမို ခိုင်မာလာတဲ့ တိုးတက်တဲ့ အရိပ်အယောင်တွေ မြင်တွေ့ခဲ့ရတယ်လို့ သုံးသပ်ထားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ ရိုဟင်ဂျာ မူဆလင်တွေအကြား ပဋိပက္ခအခြေအနေကို ထောက်ပြရာမှာတော့ မြန်မာအစိုးရအနေနဲ့ အကြမ်းဖက်မှုကို နှိမ်နင်းရာမှာ လုံခြုံရေးတပ်တွေကို စေလွှတ်ခြင်း ပဋိပက္ခ ဖြစ်ပွားရာဒေသတွေကို နိုင်ငံတကာ လေ့လာရေး ပုဂ္ဂိုလ်တွေ သွားရောက်လေ့လာခွင့်ပြုခြင်း စတဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေ ကို မြင်တွေ့ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့်လည်း Human Rights Watch အစီရင်ခံစာသစ်နဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုက စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်းလည်း မစ္စတာ ဗန်ထရဲလ် (Ventrell) ထောက်ပြခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုဒဏ် ရင်ဆိုင်နေကြရတဲ့ လူနည်းစုတွေအရေးနဲ့ ပတ်သက်လို့လည်း အမေရိကန် ပြည်ထောင်စုက အလွန်ပဲ စိုးရိမ်မကင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ တိုင်းရင်းသား လူနည်းစုတွေကို ဦးတည်တဲ့ လူအုပ်ကြီးတွေရဲ့ အကြမ်းဖက်မှု ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ကျနော်တို့ စိုးရိမ်မကင်း ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ အကြမ်းဖက်မှုတွေ နောက်ထပ် မဖြစ်ပွားရအောင် ဟန့်တားနိုင်မယ့် သင့်တော်တဲ့ ခြေလှမ်းတွေလှမ်းပြီး အကြမ်းဖက်ခံရသူတွေကို အကာအကွယ်ပေးဖို့ ပြည်တွင်းမှာ အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေကြရသူတွေနဲ့ တခြား လိုအပ်တဲ့ သူတွေဆီကို ပုံမှန် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အဟန့်အတားမရှိ အချိန်ရရှိနိုင်ဖို့လည်း လုပ်ဆောင်ပေးဖို့ကို ကျနော်တု့ိ ဆက်လက် တောင်းဆိုပါတယ်။”

ဒီမိုကရေစီနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအပြင် သတင်းလွတ်လပ်ခွင့် စသဖြင့် လူ့အခွင့်အရေး တိုးတက်မှုတွေကြောင့် ဒဏ်ခတ်ပိတ်ဆို့မှု အများစုကို လျှော့ချပေးခဲ့တဲ့ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာအာဏာပိုင်များနဲ့ ဆက်လက် ဆက်ဆံရာမှာ ပဋိပက္ခတွေကို ရေရှည် ဖြေရှင်းနိုင်ဖို့ အဓိက တိုက်တွန်းခဲ့တာလည်းဖြစ်တယ်လို့ မစ္စတာ ဗန်ထရဲလ် (Ventrell) က ပြောပါတယ်။

“မြန်မာအာဏာပိုင်တွေနဲ့ ကျနော်တို့ ဆက်လက် ဆက်ဆံနေသလို၊ ပြစ်မှုကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူဖို့ကိုလည်း ဆက်လက် တိုက်တွန်းပါတယ်။ ဒီအကြမ်းဖက်မှုရဲ့ အခြေခံ အကြောင်းရင်းတွေကို ဖြေရှင်းပေးပြီးတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား အုပ်စုတွေအကြား အတူတကွ သိုက်သိုက်ဝန်းဝန်း နေနိုင်ပြီး၊ နောက်ထပ် ပဋိပက္ခတွေ မဖြစ်ရလေအောင် အကာအကွယ်ပေးမယ့် စနစ်တရပ်ကို ချမှတ်ပေးဖို့ကိုလည်း ကျနော်တို့ တိုက်တွန်းပါတယ်။ မြန်မာအာဏာပိုင်တွေနဲ့ ကျနော်တို့နဲ့ ဆက်ဆံမှုမှာ ဒီအပိုင်းတွေ အများကြီး ပါဝင်ပါတယ်။”

ဒါ့အပြင် ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ပတ်သက်လို့ သီးခြားကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာတာကို စောင့်ကြည့်ရမှာဖြစ်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဘာသာရေး အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး ရေရှည်ခံမယ့် ငြိမ်းချမ်းရေးရရှိဖို့ ခြေလှမ်းတွေ ယူရာမှာလည်း အမေရိကန် ပြည်ထောင်စုက ထောက်ခံအားပေးသွားမှာဖြစ်ပါတယ်။

Human Rights Watch အဖွဲ့ရဲ့ အစီရင်ခံစာပါ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့တော့ မြန်မာအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြိုင်က မူဆလင်တွေကို နှိပ်ကွပ်ရာမှာ လုံခြုံရေးတပ်တွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို လက်မခံ ပယ်ချခဲ့ပြီး Human Rights Watch စုံစမ်းစစ်ဆေးသူတွေအနေနဲ့ ဖြစ်ရပ်မှန် အခြေအနေကို နားမလည်ကြတဲ့အကြောင်း တုံ့ပြန်ပြောကြားထားတာကို အေပီသတင်းမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG