သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ရေဘေး ပျောက်ဆုံးသူ ရာဂဏန်းရှိ


ရခိုင်ပြည်နယ်အတွင်း ရေနစ်မြုပ်သည့် မြို့နယ်များမှ ရေဘေးသင့် ပြည်သူများသို့ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ရန်သယ်ဆောင်လာစဉ်။ (ဓာတ်ပုံ- MOI) သြဂုတ် ၂၊ ၂၀၁၅။
ရခိုင်ပြည်နယ်အတွင်း ရေနစ်မြုပ်သည့် မြို့နယ်များမှ ရေဘေးသင့် ပြည်သူများသို့ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ရန်သယ်ဆောင်လာစဉ်။ (ဓာတ်ပုံ- MOI) သြဂုတ် ၂၊ ၂၀၁၅။

ရခိုင်ပြည်နယ်အတွင်းမှာ ရေဘေးဒဏ်ကြောင့် သေဆုံးပျောက်ဆုံးသူ ရာဂဏန်းလောက်ရှိနေကြောင်းနဲ့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ အရေးတကြီးလိုအပ်နေပေမယ့် အစိုးရပိုင်းက ကယ်ဆယ်ရေးကိစ္စတွေ အဆင်သင့် မဖြစ်သလို အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ဘက်ကလည်း အစိုးရနဲ့သာ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်လို့ အစိုးရခွင့်ပြုချက်မရဘဲ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လက်တွဲ ဆောင်ရွက်နိုင်မယ့် အခြေအနေ မတွေ့ရပါဘူး။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဆိုးဝါးတဲ့သဘာဝရေးဘေးကြောင့် ရခိုင်ပြည်နယ်အတွင်မှာ သေဆုံးမှုတွေရှိနေသလို ပျောက်ဆုံးမှုတွေလည်း ရာဂဏန်းရှိနေပြီလို့ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် ဦးဦးလှစောက ဆိုပါတယ်။

“သေဆုံးတဲ့သူစာရင်းဟာ ရွာတွေမှာ ဟိုမှာ (၂၀) ဒီမှာ (၁၅) ယောက်ဆိုတော့ (၃၀၀) နီးပါးလောက်တော့ ရှိမယ်လို့ ခန့်မှန်းထားကြတယ်။ အလောင်းတွေလည်း တချို့ မျောနေတာတွေရှိတယ်လို့ ကျနော်တို့ ကြားရတယ်ဗျ။ အလောင်းတွေမျောတော့ အဲဒီအလောင်းတွေကောက်တဲ့၊ ဆယ်တဲ့အလုပ်က ဘာမှမလုပ်ရသေးဘူး။ ရာဂဏန်းကတော့ အေးအေးဆေးဆေး ရှိသွားပါပြီ။ ဧရိယာတခုလုံး အင်မတန်ကျယ်ပြောတယ်- မြောက်ဦး၊ ကျောက်တော်၊ မင်းပြားက - နော်၊ အထူးသဖြင့် ကျေးလက်တောရွာတွေပေါ့။”

ရခိုင်အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးကတော့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် (၄) မြို့နယ်လောက် ရေပြင်ကြီးဖြစ်နေတဲ့အတွက် ကျေးရွာနေ ပြည်သူတွေအတွက် အသက်ကယ်ဖို့ အခြေအနေ အရေးတကြီးလိုအပ်နေတဲ့အကြောင်း အခုလို ပြောပါတယ်။

“သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ၊ နိုင်ငံတော်အဆင့်အကြီးအကဲတွေ၊ ဗွီဒီယို ဓာတ်ပုံမှတ်တမ်းတွေကို ကျနော်တို့ ကြည့်ရတဲ့အခါမှာ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါတော အဲဒီဒေသတခုလုံး ပင်လယ်ပြင်ကြီးလိုဖြစ်နေတယ်။ ပင်လယ်ပြင်ကြီးလိုဖြစ်နေတယ်။ ကလေးတွေကအကုန်လုံး အိမ်ခေါင်မိုး အပေါ်ထပ် တွေမှာ တွေ့ရတဲ့အပိုင်းတွေရှိတယ်။ အဲဒီတော့ ဘယ်လောက်ပျောက်လို့၊ ဘယ်လောက် အဝှာဖြစ်တယ်ဆိုတဲ့ဟာကို တအိမ်နဲ့ တအိမ်တောင်ကို အခု လောလောဆယ်မှာ ဆင်းပြီးတော့ အဆက်အသွယ် လုပ်လို့မရနိုင်တဲ့ နေရာဒေသတွေ ရှိနေပါတယ်။ ဗိုလ်ချုပ်လှမြင့်တို့၊ ဗိုလ်မှူးကြီးစံရွှေအောင်တို့ လေယာဉ်နဲ့လိုက်ကြည့်တယ်၊ ဟိုက်စကီးနဲ့လိုက်ကြည့်တယ်။ ဟိုက်စကီးကလည်း တစီးတည်း ရှိတယ်။ အဲဒီဟိုက်စ်ကီးမှာ ဘာရိက္ခာမှလည်း ပါမသွားဘူး။ အဲဒီတော့ သူတို့က ဒေသတွေကိုလိုက်ကြည့်တဲ့ အဆင့်ပဲ ရှိတယ်။ ကျေးလက်ဒေသတွေကို ရောက်ဖို့က တော်တော်လေးကို ခက်ခဲနေတယ်။ ဟိုက်စကီးတွေနဲ့ စနစ်တကျ အဲဒီဟာ လုပ်ဖို့လိုတယ်လို့ ကျနော်တို့က အဲဒီလိုမြင်တယ်။”

ဒီနေ့မှာပဲ ဘူးသီးတောင်၊ မောင်တောကိုသွားရာလမ်းမှာ တောင်ပြိုသွားတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပိုပြီးတော့ အခက်အခဲဖြစ်သွားပါတယ်။ တချို့စက်လှေတွေဟာ ရေစီးမကျော်နိုင်တဲ့အတွက် လှေမှောက်ပြီး သေဆုံး၊ ပျောက်ဆုံးနေတာတွေလည်း ရှိနေပါတယ်။ မနေ့ကတော့ ရခိုင်ခေါင်းဆောင်တွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရာမှာ ရေဘေးနဲ့ပတ်သက်လို့ အကူအညီပေးဖို့ တောင်းဆိုခဲ့ပေမယ့် မပြေလည်ခဲ့ဘူးလို့လည်း ဦးခိုင်ပြည်စိုးက ပြောပါတယ်။

“ကျနော်တို့နဲ့တွေ့တဲ့အဖွဲ့က ICRC ပါတယ်၊ UNOCHAR ပါတယ်။ နောက်အဖွဲ့အစည်းတွေ ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်း ငါးဖွဲ့နဲ့ ကျနော်တို့တွေ့တယ်။ တွေ့ပြီးတော့ ဒီလိုဟာတွေကို ကျနော်တို့က အကူအညီတောင်းတယ်။ ဖြစ်နိုင်ရင် အမြန်ဆုံးကယ်လို့ရအောင်လုပ်ပေးဖို့၊ နောက်တခါ ရေကျသွားတဲ့အခါမှာ ဒီလူတွေဟာ ရောဂါဘယ ထူထပ်နိုင်တယ်။ အဲဒီဟာကို အကူအညီပေးဖို့၊ အခုအချိန်မှာ သောက်သုံးရေရှားပါးမှုဖြစ်နေတယ်။ မိုးရေကို ခံသောက်လို့ ရအောင် ပလပ်စတစ်တာလပတ်လှူပေးဖို့၊ နောက်တခါ ထမင်းချက်စားစရာမရှိဘူး၊ ဘာမှ မရှိဘူးဆိုတဲ့အခါမှာ ရိက္ခာခြောက်တွေပေးဖို့၊ ခင်ဗျားတို့ မသွားနိုင်ဘူးဆိုလို့ရှိရင် ကျနော်တို့ဆီကတဆင့်လှူပြီးတော့ ကျနော်တို့သွားသင့်တယ်ဆိုတဲ့ဟာတွေ တောင်းတဲ့အခါမှာ သူတို့ဆီက ဒီဟာတွေနဲ့ ပတ်သက်လို့ အဆင့်သင့် လုပ်ထားတာပဲရှိတယ်တဲ့။ ကျနော်တို့မှာ အဲသလို ပေးလို့မရဘူးဆိုတဲ့ဟာကို တရားဝင်ပြောတယ်။ အစိုးရက သွားဆိုမှ သွားမယ်ဆိုလို့ရှိရင်တော့ အဲဒီလူတွေအကုန်လုံး သေမှာပဲ-လို့၊ အဲဒါကြောင့် ခင်ဗျားတို့ရခိုင်ပြည်သူတွေ ဒီလောက် ဒုက္ခရောက်နေတဲ့အခါမှာ ဘာမှ ကူညီပံ့ပိုးမှု၊ ပူးပေါင်းဆောင်ရွက်မှု မလုပ်နိုင်ဘူးလားလို့ ကျနော်တို့ကမေးတယ်။ ကျနော်တို့က အစိုးရနဲ့ပဲ လုပ်လို့ရမယ်-တဲ့။ အဲဒါဆိုလို့ရှိရင် နောက်ဆို ကျနော်တို့နဲ့ မပြောနဲ့တော့-လို့။ အစိုးရပိုင်းကို သက်ဆိုင်ရာဒေသအာဏာပိုင်တွေကို သွားပြောရတဲ့အနေအထား ရှိတယ်။ ဘယ်ရွာမှာကတော့ ဘယ်လိုဖြစ်နေပြီ။ အဲဒီဟာတွေကို အနိမ့်ဆုံးကယ်ခဲ့ပါ - ဆိုတဲ့ဟာ၊ သူတို့မှာကလည်း ဘာပစ္စည်းမှ၊ ဘာယန္တရားမှမရှိဘူး။ ကျနော်တို့တွေ့ရတာ။”

ရခိုင်ပြည်နယ်အတွင်းက အသေအပျောက်စာရင်းနဲ့ပတ်သက်လို့ အစိုးရတာဝန်ရှိသူတွေကို ဖုန်းခေါ်ခဲ့ပေမယ့် တာဝန်ခ ံဖြေမယ့်သူ မရှိခဲ့ပါဘူး။ ရခိုင်ပြည်နယ်အတွင်း နေရာတချို့ကိုတော့ စနေနေ့ကစပြီး အစိုးရတာဝန်ရှိသူတွေ ရဟတ် ယာဉ်နဲ့ သွားရောက်ကြည့်ရှုခဲ့တာတော့ ရှိပါတယ်။ သီတင်း ၂ ပတ်ကျော် ကြာတဲ့အထိ တိုင်းနဲ့ပြည်နယ် (၁၁) ခုတို့မှာ ရေဘေးဒဏ်ကို အကြီးအကျယ် ခံစားနေရပေမယ့် အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးမှု အားနည်းပျက်ကွက်တယ် ဆိုပြီး ကူညီကယ်ဆယ်ရေးတွေ နှောင့်နှေးနေတဲ့အပေါ်မှာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ပဲခူးတိုင်းအပါအဝင် တခြား တိုင်းနဲ့ပြည်နယ်တချို့မှာလည်း သဘာဝရေဘေးဒဏ်ကြောင့် ပျောက်ဆုံး၊ သေဆုံးမှုတွေ ရှိနေပါတယ်။ ဒီအထဲမှာလက်ရှိ အသက်ဘေးအန္တရာယ် ကျရောက်နေတဲ့အထိ ဆိုးဆိုးဝါးဝါး ရေဘေးဒဏ် ခံစားနေရတာက ရခိုင်ပြည်နယ်အတွင်းက ကျေးရွာအများစုဖြစ်ပြီး ရဟတ်ယာဉ်တွေ၊ စက်လှေတွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ပေးဖို့ လိုနေကြောင်း ဒေသခံတွေက ပြောနေကြတာလည်း ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG