သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICG သုံးသပ်ချက်နဲ့ သူတို့အမြင်


နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့်လေ့လာရေးအဖွဲ့ ICG က ဒီကနေ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ရာမှာ ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာဝင်တွေကို နိုင်ငံသားစိစစ်ရာမှာ ဘင်္ဂါလီအဖြစ် အသုံးပြုတာဟာ အကျပ်အတည်းတခု ဖြစ်လာနိုင်ကြောင်းနဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေဟာ ၂၀၁၅ ရွေးကောက်ပွဲကာလမှာ ပိုမို မြင့်မားလာနိုင်ကြောင်းကို သုံးသပ်ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာအပေါ်မှာ ရခိုင်ပြည်နယ်အရေး ဆောင်ရွက်သူတွေရဲ့ အမြင်သဘောထားတွေကို မေးမြန်းပြီး ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

နိုင်ငံတကာမှာဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေ၊ ပဋိပက္ခတွေကို တားဆီးနိုင်ဖို့အတွက် သုံးသပ်ချက်တွေ၊ မူဝါဒပိုင်းဆိုင်ရာ အကြံပြုချက်တွေ ထောက်ကူပေးနေတဲ့ နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့်လေ့လာရေးအဖွဲ့ ICG က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး စာမျက်နှာ ၄၅ မျက်နှာပါဝင်တဲ့ အစီရင်ခံစာတစောင်ကို ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ဒီအစီရင်ခံစာမှာ ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာဝင်တွေကို နိုင်ငံသားစိစစ်ရာမှာ အစိုးရနဲ့ ရခိုင်တိုင်းရင်းသားတွေက “ရိုဟင်ဂျာ” ဆိုတဲ့အမည်ကို လက်မခံတာနဲ့ သူတို့တွေခေါ်ဝေါ်နေတဲ့ “ဘင်္ဂါလီ” ဆိုတဲ့ အသုံးအနှုန်းကို အစ္စလာမ်ဘာသာဝင်တွေက လက်မခံတာဟာ အကျပ်အတည်းတခုဆီကို ရောက်ရှိလာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

ဒီသုံးသပ်ချက်အပေါ် ရခိုင်ပြည်နယ် ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ စုံစမ်းရေးကော်မရှင်မှာ ပါဝင်ခဲ့သူ၊ နိုင်ငံတော်သမ္မတ အကြံပေးနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက အထူးအကြံပေး ဒေါ်ရင်ရင်နွယ်က သူ့အမြင်ကို အခုလို ပြောပါတယ်။

“ICG က သူတို့က ပြောတယ်။ ဗမာပြည်ကိုပဲ ထုံးစံအတိုင်း အပြစ်တင်နေတယ်။ ဒီရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို အသိအမှတ်ပြုသင့်တယ်ပေါ့။ အစိုးရကလည်း အသိအမှတ် မပြုဘူး။ ရခိုင်ကလည်း အသိအမှတ် မပြုဘူးပေါ့။ နိုင်ငံတော်က အသိအမှတ်ပြုထားတဲ့ ဥပဒေနဲ့အညီ နိုင်ငံတော်ရဲ့ သတ်မှတ်ချက်ကိုပဲ လက်ခံရမယ်။ အဲ့လိုလက်မခံနိုင်ရင်တော့ ဘယ်လိုလုပ်ပြီး ဒီပြဿနာက သွားပြီးမတုန်း။ ၁၉၈၂ ဒီနိုင်ငံသားဥပဒေကို လုပ်တုန်းက သူတို့တွေကိုချည်းသက်သက် ရည်ရွယ်ပြီး လုပ်ခဲ့တာမှ မဟုတ်တာ။ နိုင်ငံခြားသားတွေ၊ နိုင်ငံသားဖြစ်ချင်တဲ့သူတွေ အားလုံးကို ရည်ရွယ်တာပဲ။ ဘယ်နိုင်ငံကမှ ဒီ citizenship ကို လာပြီး နိုင်ငံခြားသားတွေ လာပြောလို့ ရမှာမဟုတ်ဘူး။ ဗိုလ်ကျလို့လည်းမရဘူး ကိုယ်တို့နိုင်ငံကိုလေ။”

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်က အစ္စလာမ်ဘာသာဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးရွှေမောင်ကတော့ အခုလို သုံးသပ်ပါတယ်။

“ဒီနေရာမှာ အဓိက key point အနေနဲ့ ပြောချင်တာက ကျနော်တို့ ရခိုင်ပြည်နယ်မှာရှိနေတဲ့ မူဆလင်အများစုတွေကို သူတို့က ဘင်္ဂါလီလို့ ကြိုတင်သတ်မှတ်ပြီးတော့မှ ဘင်္ဂါလီအဖြစ် သတ်မှတ်ရေးပေါ့နော် အဲ့ဒါကို တစိုက်မတ်မတ် လုပ်နေတဲ့အတွက် အဲ့ဒါလေးကတော့ နည်းနည်း မသင့်တော်ဘူးပေါ့လေ။ ဘာလို့လဲဆိုတော့ ဒီလူမျိုးစုတခုရဲ့ နာမည်က အဲဒီလူမျိုးစုအုပ်စုတွေနဲ့ ဆွေးနွေးတိုင်ပင် ပြောဆိုပြီးတော့မှလေ ဒါမျိုးကို လုပ်ရမှာ။ ဘင်္ဂါလီလူမျိုးအဖြစ် သတ်မှတ်မှ လျှောက်ခွင့်ရှိတယ်။ အဲ့လို ကြိုတင်သတ်မှတ်ချက်တွေဟာ ဒီ process ကို နှောင့်နှေးစေတယ်၊ အခက်အခဲဖြစ်စေတယ်။ ဒီလိုပဲ ကျနော် ပြောချင်ပါတယ်။”

ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးမှုနိမ့်ကျပြီး အလွန်အမင်း ဆင်းရဲမွဲတေနေတာနဲ့ ဘာသာလူမျိုးမတူတဲ့ အသိုင်းအဝိုင်း ၂ ခုအကြား ပဋိပက္ခတွေ၊ တင်းမာမှုတွေ ရှိနေတာတွေဟာ သမိုင်းစဉ်ဆက် အဆိပ်အတောက်လို ဖြစ်နေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒီတင်းမာမှုတွေက ၂၀၁၂ ခုနှစ်နဲ့ နောက်ပိုင်းကာလတွေမှာ ပဋိပက္ခတွေကို ဖြစ်ပေါ်စေခဲ့ပြီး ဒီအခြေအနေတွေဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ပိုမို မြင့်တက်လာနိုင်တယ်လို့လည်း ICG က သုံးသပ်ပါတယ်။

ဒေါ်ရင်ရင်နွယ်ကတော့ လက်ရှိ ရခိုင်ပြည်နယ်အစိုးရက အခြေအနေတွေကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

“သဘောက ဒီပါဝင်တဲ့လူတွေအပေါ် မူတည်တာပေါ့။ ပြဿနာတွေ ပိုကြီးထွားလာသလားဆိုတာ။ ယုံကြည်ပါတယ်။ အခု ဗိုလ်ချုပ်မောင်မောင်အုန်းတို့ ကိုင်တွယ်နေတာတော့ မှန်တယ်လို့ ပြောရမှာပဲလေ။ တရားဥပဒေစိုးမိုးရေးကို အားပေးပြီး ကိုင်တွယ်နေတာ။”

ဦးရွှေမောင်ကတော့ အရင်ရွေးကောက်ပွဲတွေတုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းက အစ္စလာမ်ဘာသာဝင်တွေဟာ မဲထည့်ခွင့်၊ နိုင်ငံရေးပါတီတွေမှာ ပါဝင်ခွင့်ရခဲ့ပြီး အခုအခါမှာ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံသားစိစစ်ပြီး နိုင်ငံရေးမှာ ပါဝင်ခွင့်ပြုဖို့ ဆောင်ရွက်လာတာကြောင့် ICG က ၂၀၁၅ ရွေးကောက်ပွဲမှာ ပဋိပက္ခတွေ ပိုများလာနိုင်ကြောင်း သုံးသပ်တာဖြစ်မယ်လို့ ယူဆပါတယ်။

“အရင်တုန်းကနေ အပြည့်အ၀ ရလာတဲ့ အခွင့်အရေးရတဲ့ ဗမာလူမျိုးစုတခုကို တဖြည်းဖြည်း တဖြည်းဖြည်း အခွင့်အရေးတွေကို လျှော့ချမယ်၊ ရုပ်သိမ်းမယ် အဲ့လိုဆိုရင်တော့ ဘယ်လိုပြောမလဲ ၂၀၁၅ ကျနော်တို့ ရွေးကောက်ပွဲရောက်တဲ့အခါကျ ဒါ All Inclusive ဖြစ်တဲ့၊ Free and Fair ဖြစ်တဲ့ ရွေးကောက်ပွဲ ဖြစ်ပါ့မလားဆိုတဲ့ သံသယတွေ၊ ကျနော်တို့ရဲ့ ဝေဖန်သုံးသပ်မှုတွေ၊ အများကြီး ပေါ်လာနိုင်စရာ အကြောင်းရှိပါတယ်။ အဲ့ဒီဟာကိုများ အခြေခံပြီးတော့ ICG က သုံးသပ်ထားပုံရတယ်”

ICG ရဲ့ အစီရင်ခံစာမှာ ရခိုင်လူမျိုးတွေဟာ ဗမာလူမျိုးတွေရဲ့ လွှမ်းမိုးမှုကို တွန်းလှန်နေရသလို တရားမဝင် ဝင်ရောက်လာတဲ့ မူဆလင်တွေရဲ့ လွှမ်းမိုးတာကိုလည်း စိုးရိမ်နေရကြောင်း ဖော်ပြထားပြီး ရခိုင်ပြည်နယ်က ပြဿနာတွေကို ဖြေရှင်းရာမှာ ရခိုင်လူမျိုးတွေရဲ့ စိုးရိမ်ချက်ကို ပပျောက်ဖို့ နည်းလမ်းရှာရမှာဖြစ်သလို မူဆလင်လူမှုအဖွဲ့အစည်းရဲ့ အခွင့်အရေးကိုလည်း ကာကွယ်ဖို့ လိုအပ်ကြောင်း ဖော်ပြပါတယ်။

XS
SM
MD
LG