သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအတွက် အထောက်အကူ တိုးပေးဖို့ ICRC တောင်းဆို


မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ ICRC အကြီးအကဲ Peter Maurer တို့ နေပြည်တော်မှာ တွေ့ဆုံစဉ် (၁၄ ဇန်နဝါရီ ၂၀၁၃)
မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ ICRC အကြီးအကဲ Peter Maurer တို့ နေပြည်တော်မှာ တွေ့ဆုံစဉ် (၁၄ ဇန်နဝါရီ ၂၀၁၃)
မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေအတွက် နောက်ထပ် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၉ သန်းနီးပါး လှူဒါန်းကြဖို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC က အလှူရှင်တွေကို ပန်ကြားလိုက်ပါတယ်။

ဒီရန်ပုံငွေတွေကို ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေက ဘေးဒုက္ခသင့်သူတွေနဲ့ အကျဉ်းထောင် အခြေအနေ တိုးတက်စေရေးဆိုင်ရာ လုပ်ငန်းတွေအတွက် အသုံးပြုသွားမယ်လို့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ အခြေစိုက် ICRC တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံတွင်း အကျဉ်းထောင်တွေရဲ့ အခြေအနေ တိုးတက်စေဖို့၊ လက်နက်ကိုင် ပဋိပက္ခနဲ့ တခြား အကြမ်းဖက်မှုတွေကြောင့် ဘေးဒဏ်သင့်ရသူ
တွေကို အကူအညီပေးဖို့ စတဲ့ လုပ်ငန်းတွေကို တိုးချဲ့ လုပ်ဆောင်နေတယ်လို့ ဇူလိုင်လ ၈ ရက် နေ့စွဲနဲ့ ICRC ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အထူးသဖြင့်ကတော့ ရာပေါင်းများစွာသောလူတွေ သေဆုံး ဒဏ်ရာရခဲ့ကြ၊ လူပေါင်းများစွာ အဖမ်းခံခဲ့ကြရ၊ နေအိမ်ပေါင်းများစွာ အဖျက်စီးခံခဲ့ရပြီး မရှိမဖြစ် လိုအပ်ချက်တွေကို ရဖို့ ရုန်းကန်နေရတဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေကို
ထောက်ပြပြီးတော့ ရန်ပုံငွေ ထပ်ပြီး လှူဒါန်းကြဖို့ ICRC က အလှူရှင်တွေကို ပန်ကြားလိုက်တာပါ။

"မြန်မာနိုင်ငံက လူသားချင်း စာနာမှုဆိုင်ရာ ကျနော်တို့ရဲ့ လုပ်ငန်းတွေအတွက် နောက်ထပ် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၈.၈၂ သန်း လှူဒါန်းကြဖို့ ကျနော်တို့ ပန်ကြားထားပါတယ်။ အဲ့ဒါဆိုရင် ၂၀၁၃ ခုနှစ်အတွက် ကျနော်တို့ရဲ့ စုစုပေါင်း ရန်ပုံငွေဟာ အမေရိကန် ဒေါ်လာ ၁၆.၄ သန်း ဖြစ်ပါလိမ့်မယ်။"

ဂျနီဗာအခြေစိုက် ICRC အဖွဲ့ရဲ့ အများပြည်သူ ဆက်ဆံရေးဆိုင်ရာ အရာရှိ အီဝန်န် ဝတ်တ်ဆင်န် (Ewan Watson) ပြောသွားတာပါ။

အဲဒီရန်ပုံငွေတွေကို ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က ဘေးဒဏ်သင့်သူတွေ၊ အကျဉ်းထောင်တွေရဲ့ အခြေအနေ တိုးတက်လာစေရေး ထောင်တွေဆီ သွားရောက် ကြည့်ရှုပြီး ရေနဲ့ တခြား လိုအပ်တာတွေအတွက် လုပ်ဆောင်ပေးဖို့တွေအပြင် အကူအညီတွေ အဓိက လိုအပ်နေတဲ့ ရခိုင်ပြည်နယ်အတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်လို့ မစ္စတာဝတ်တ်ဆင်န်က ပြောပါတယ်။

"ရခိုင်ပြည်နယ်မှာ အဓိက လိုအပ်ချက်တွေ ရှိနေပါတယ်။ လူအများအပြားအတွက် ကျန်းမာရေး စောင့်ရှောက်မှုပိုင်းမှာ ပြတ်လပ်မှုတွေ ကြုံနေရပါတယ်။ လူတွေဟာ သူတို့လိုအပ်နေတဲ့ ကုသမှုတွေကို ခံယူဖို့အတွက် ဆေးရုံတွေ၊ ဆေးခန်းတွေဆီ မသွားနိုင်ဘဲ ဖြစ်နေကြပါတယ်။ ဒါကြောင့်လည်း အဲ့ဒီမှာ အရေးကြီးတဲ့ လိုအပ်ချက်တချို့ကို ကျနော်တို့ တွေ့နေရတာပါ။"

ရခိုင်ပြည်နယ်က လူပေါင်း ၁ သောင်းခွဲကျော်အနေနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းနဲ့ ဝင်ငွေ ပြန်ရစေဖို့ အကူအညီပေးရေး ICRC က စီစဉ်ထားပါတယ်လို့ ICRC ရဲ့ အရှေ့အာရှ၊ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသများအတွက် လုပ်ငန်းအကြီးအကဲ အာလိန်းန် အက်ရှလီမန်းန် (Alain Aeschlimann) က ပြောပါတယ်။

ICRC အဖွဲ့ဟာ ဒီနှစ်အစောပိုင်းကစပြီး အကျဉ်းထောင်တွေဆီ ဝင်ရောက်ကြည့်ရှုခွင့် ပြန်ရခဲ့တာပါ။ အဲဒီလို သွားရောက်ချိန်တွေအတွင်း အကျဉ်းကျနေသူတွေရဲ့ အခြေအနေ ဘယ်လိုရှိနေတယ်ဆိုတာကို သိရဖို့ ထောင်တွင်း လှည့်လည်ကြည့်ရှုတာတွေ၊ အကျဉ်းကျနေသူတွေနဲ့ သီးခြား တွေ့ဆုံ မေးမြန်းတာတွေ လုပ်ပြီးတဲ့နောက် အဲဒါတွေအပေါ် အခြေခံပြီး တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတာတွေ လုပ်ခဲ့တယ်လို့ မစ္စတာ ဝတ်တ်ဆင်န် က ပြောပါတယ်။

"ရှေ့ဆက်ပြီး အခိုင်အမာ လုပ်ဆောင်ဖို့ရာတွေကို ကြည့်ရှုပြီး အခြေအနေ တိုးတက်အောင်လုပ်ဖို့ သူတို့နဲ့ ကျနော်တို့ ဆွေးနွေးပါတယ်။ အကျဉ်းသားတွေ အတွက် သန့်စင်ခန်းလိုမျိုး နေရာတွေကို ကောင်းမွန်အောင် လုပ်ပေးပြီး အကျဉ်းထောင်တွင်း အခြေအနေ ပိုကောင်းလာစေဖို့ပါ။ ဒါ့အပြင် အကျဉ်းသား
တွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ နည်းလမ်းတွေကိုလည်း ကျနော်တို့ ရှာဖွေနေပါတယ်။ ဒါဟာ ကျနော်တို့ အရှိန်တိုးမြှင့်ပြီး လုပ်ဆောင်သွားဖို့ မျှော်လင့်ထားတာတွေပါ။"

အကျဉ်းထောင်တွင်း နေထိုင်မှုအခြေအနေ တိုးတက်လာအောင် လုပ်ဆောင်ဖို့ တာဝန်ရှိသူတွေကို ICRC က ပေးခဲ့တဲ့ အကူအညီတွေကြောင့် အကျဉ်းသား ၁ သောင်း ၄ ထောင်ရှိနေတဲ့ အကျဉ်းထောင်လေးခုက ရေနဲ့ သန့်ရှင်းရေးဆိုင်ရာ အခြေအနေတွေ တိုးတက်အောင် လုပ်နိုင်ခဲ့တယ်လို့ ICRC က ပြောပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်က ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေဆီ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ကနဦး သွားရောက်ခဲ့ပြီး ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နဲ့ အစိုးရထိန်းချုပ်ထားတဲ့ ဒေသတွေမှာရှိတဲ့ ဆေးရုံ ၃ ခုအတွက် မရှိမဖြစ် လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေ ပေးအပ်ခဲ့တယ်လို့လည်း ICRC က ပြောပါတယ်။
XS
SM
MD
LG