သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရဖွဲ့နိုင်ရင် ဒေါ်စု ဦးဆောင်မယ်


ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေး ဆင်းစဉ်။
ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေး ဆင်းစဉ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ လာမယ့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲ မှာ အနိုင်ရမယ်ဆိုလျင် အစိုးရအဖွဲ့ကို သူဦးဆောင်သွားဖို့ အစီအစဉ် ရှိတယ်လို့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ သမ္မတဖြစ်ပိုင်ခွင့်ရှိဖို့ အတွက်တော ဥပဒေအရ တားဆီးခံထားရတာပါ။ စက်တင်ဘာ ၃၀ ရက်နေ့တုန်းက India Today ရုပ်မြင်သံကြား ဌာနနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံစဉ် အခုလို ပြောခဲ့ပါတယ်။ ဒီအကြောင်း ရိုက်တာ သတင်းတပုဒ်ကို အခြေခံပြီး ကိုအောင်အောင်က ပြောပြပေးမှာပါ။

၂၅ နှစ်အတွင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ပထမဆုံး

အကြိမ်အဖြစ် ကျင်းပမယ့် ရွေးကောက်ပွဲမှာ NLD အနေနဲ့ အပြတ်အသတ် အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းမှုတွေရှိပေမယ့် မြန်မာစစ်တပ်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ကွယ်လွန်သွားတဲ့ အမျိုးသားနဲ့ သား ၂ ယောက်တို့ဟာ မြန်မာနိုင်ငံသား မဟုတ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ ဖြစ်ခွင့်မရှိပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတဖြစ်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးပမ်းခဲ့ကြပေမယ့် ဒီကိစ္စမအောင်မြင်ပြီးနောက်မှာ NLD ကိုယ်စားလှယ် အများအပြားပါဝင်မယ့် အစိုးရအဖွဲ့ကို ဘယ်သူ ဦးဆောင်မလည်း ဆိုတာနဲ့ ပါတ်သတ်လို့ မသဲမကွဲဖြစ်နေတာပါ။ ဒေါ်အောင်ဆန်းစုကြည်က

“NLD အနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရဖွဲ့မယ်ဆိုလျင် ကျမအနေနဲ့ သမ္မတ ဖြစ်ဖြစ် မဖြစ်ဖြစ် အစိုးရအဖွဲ့ကို ဦးဆောင်မှုပေးသွားမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားပြီးပါပြီ။”

မြန်မာနိုင်ငံမှာ အထက်လွှတ်တော် အောက်လွှတ်တော်နဲ့ စစ်တပ်ကိုယ်စားလှယ်တွေက သမ္မတလောင်း ၃ ဦးကို ရွေးချယ်ပေးရတာဖြစ်ပြီး အဲဒီထဲက မဲအများဆုံးရသူဟာ သမ္မတဖြစ်လာပြီး အစိုးရအဖွဲ့ကို ဦးဆောင်တာပါ။ သမ္မတဦးသိန်းစိန်အနေနဲ့ ပါတီဥက္ကဌ ရာထူးက ဖယ်ရှားခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြား အတူပူးပေါင်းဆောင်ရွာတာမျိုး ရှိခဲ့တာနဲ့ ပါတ်သတ်လို့ NLD ဟာ ဦးရွှေမန်းကို သမ္မတလောင်းအဖြစ် တင်မြှောက်ဖို့ စဉ်းစာခဲ့ပုံရတယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ပါတ်သတ်လို့တော့ ဒေါ်အောင်ဆန်းစုကြည့်က NLD အနေနဲ့ အရပ်သားတယောက်ကို ရွေးချယ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဒါဟာ ဘယ်သူ့ကို ရွေးချယ်မလည်း ဆိုတာမျီုးမဟုတ်ပဲ NLD ကရွေးချယ်တင်မြှောက်လိုက်တဲ့ သမ္မတလောင်းဟာ ကျမတို့အားလုံးအတွက် အရပ်သားစစ်စစ်တဦး ဖြစ်ဖို့ ဘယ်သူဟာ အသင့်တော်ဆုံးလဲဆိုတာပဲဖြစ်ပါတယ်။”

လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD အနေနဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ မူဆလင်တဦးမှာ ပါဝင်ခြင်းမရှိတာနဲ့ ပါတ်သတ်လို့ ဝေဖန်မှုတွေထွက်ပေါ်လာပေမယ့် NLD ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် မူဆလင်တဦးကို လိုအပ်ချက်ပြည့်မှီခြင်းမရှိတာကြောင့် ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံမေးမြန်းခန်းအတွင်း ပြောပါတယ်။ တဖက်မှာလည်း ဗုဒ္ဓဘာသာနဲ့ ပါတ်သတ်ပြီးတော့ NLD ဟာ လုံလုံလောက်လောက် ကာကွယ်ပေးတာမရှိဘူးဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတာပါ။ အစိုးရရဲ့ မူဝါဒတွေဟာ နိုင်ငံရေးမှာ ဘာသာရေးအခန်းဂဏ္ဍပိုပါဝင် ပါတ်သတ်လာအောင် အထောက်အကူဖြစ်နေသလားဆိုတာနဲ့ ပါတ်သတ်လို့ ဒေါ်အောင်ဆန်းစုကြည်က

“ဥပဒေကို ဆန့်ကျင်၊ ဘာသာရေးကို အသုံးချပြီး NLD ကို တိုက်ခိုက်မှုတွေရှိတာနဲ့ ပါတ်သတ်လို့ အစိုးရဟာ ထိထိရောက်ရောက် လုပ်ဆောင်တာမျိုးမရှိပါဘူး။”

၂၀၁၂ ခုနှစ်က စတင်ဖြစ်ပွါးတဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေအတွင်း အိုးအိမ်မဲ့ ဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေနဲ့ ပါတ်သတ်ပြီး သူ့အနေနဲ့ သိတ်ပြောဆိုတာမျိုးမရှိဘူးလို့ ပြောဆိုခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က

“ဒီကိစ္စနဲ့ ပါတ်သတ်ပြီး ကျမ ပြောပြီးပါပြီ။ဒါပေမယ့် လူတွေက စိတ်မဝင်စားကြဘူးလေ။ ဘာလို့လည်းဆိုတော့ သူတို့ကြားချင်တာက ရခိုင်တွေကို ကျမအနေနဲ့ အပြစ် တင်စေချင်တာပါ။”

ဒီကိစ္စဟာ အင်မတန် ရိုးရှင်းပြီး ရခိုင်တွေလည်း နစ်နာမှုတွေ ကြုံနေရတာကြောင့် သူတို့ကို အပြစ် မတင်နိုင်ဘူးဆိုပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်ခင်ဗျာ။

XS
SM
MD
LG