သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD နိုင်ရင် အမျိုးသားရင်ကြားစေ့ရေး သဘောထားကြီးစွာဆောင်ရွက်မည်


ကျိုက်လတ်မြို့မှာ ရွေးကောက်ပွဲ ပညာပေးစည်းရုံးလှုပ်ရှားနေတဲ့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။ (ဇူလိုင် ၂၅၊ ၂၀၁၅)
ကျိုက်လတ်မြို့မှာ ရွေးကောက်ပွဲ ပညာပေးစည်းရုံးလှုပ်ရှားနေတဲ့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။ (ဇူလိုင် ၂၅၊ ၂၀၁၅)

နိုင်ငံရေးမှာ အရင်က ဝင်မပါခဲ့တဲ့ တတ်သိပညာရှင်တွေ၊ အလုပ်အကိုင် ကျွမ်းကျင်သူတွေဟာ သူတို့ရဲ့ ပညာ အရည်အချင်း၊ ကျွမ်းကျင်မှုတွေနဲ့ နိုင်ငံကို အကျိုးပြုနိုင်သူတွေဖြစ်တာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်သွားမှာဖြစ်တယ်လို့ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။ ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲရလဒ်ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အပြောင်းအလဲကို အကောင် အထည်ဖေါ်မှာ ဖြစ်တယ်လို့ သူ့အနေနဲ့ယုံကြည်ကြောင်း မနေ့က ကျိုက်လတ်မြို့မှာကျင်းပတဲ့ လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသွားပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

နိုဝင်ဘာလ (၈) ရက်နေ့မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ ကြေညာပြီးနောက် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံး အကြိမ် လူထုမဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် ဧရာဝတီတိုင်း ကျိုက်လတ်မြို့ကို မနေ့က သွားရောက်ခဲ့ပါတယ်။

NLD အနေနဲ့ ကိုယ်စားလှယ်လောင်းတွေကိုရွေးချယ်တဲ့ အခါမှာ နိုင်ငံကိုအကျိုးပြုနိုင်မယ့်အရည်အချင်းကို ပထမ ဦးစားပေးအဖြစ် သတ်မှတ်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူရဲ့မိန့်ခွန်းမှာ အခုလို အလေးအနက်ထား ပြောသွားပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ တကယ်တော်တဲ့ပုဂ္ဂိုလ်ကြီးများ၊ ပညာရှင်များ၊ အတွေ့အကြုံ၊ အလုပ်အကိုင် ….များ၊ ကျွမ်းကျင်သူများကို ဖိတ်ခေါ်တယ်။ တချို့က နည်းနည်းမကျေနပ်ချင်ဘူး။ ဒီလူတွေက ဒီပုဂ္ဂိုလ်တွေက အစတုန်းက အဖွဲ့ချုပ်ဝင်တွေလည်းမဟုတ်ဘူး၊ အခုမှဝင်လာပြီးတော့ သူတို့ကို ကိုယ်စားလှယ်နေရာပေးမှာလား ဆိုပြီးတော့ မေးတဲ့လူတွေရှိတယ်။ ဟုတ်တယ်၊ ကျမတို့ ပေးရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပုဂ္ဂိုလ်တွေက အရင်တုန်းက နိုင်ငံရေးထဲမှာ ဝင်မပါခဲ့ပေမယ့် မိမိတို့ရဲ့ကျွမ်းကျင်မှုအရ၊ မိမိတို့ရဲ့ပညာအရ နိုင်ငံကိုအကျိုးပြုတယ်၊ နောက်ပြီးတော့လည်း ဒီမိုကရေစီကို ထိပါးအောင် မလုပ်ခဲ့ဘူးဆိုရင် ကျမတို့ ဒီလိုပုဂ္ဂိုလ်တွေကို နိုင်ငံ့အတွက် သုံးရမှာပဲ။ ကျမတို့က နိုင်ငံ့အတွက်တာဝန်ပေးတာ။ နိုင်ငံ့အတွက် လုပ်ရမှာပဲ။”

၂၀၁၅ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအနာဂတ် အပြောင်းအလဲကို အကောင်အထည်ဖေါ်မှာဖြစ်တယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ ဒါကြောင့် စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ပေါ်ပေါက်ဖို့ တိုင်းရင်းသား ပြည်သူအားလုံး မဖြစ်မနေ မဲပေးကြဖို့ အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။

ကျိုက်လတ်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုစည်းရုံးဟောပြောပွဲကို တက်ရောက်နားထောင်သူ ဒေသမံများကိုတွေ့ရစဉ်။ (ဇူလိုင် ၂၅၊ ၂၀၁၅)
ကျိုက်လတ်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုစည်းရုံးဟောပြောပွဲကို တက်ရောက်နားထောင်သူ ဒေသမံများကိုတွေ့ရစဉ်။ (ဇူလိုင် ၂၅၊ ၂၀၁၅)

“၂၀၁၅ ခုကိုရောက်လာပြီ။ ဒီရွေးကောက်ပွဲဟာလည်း နိုင်ငံ့ရဲ့ကံကြမ္မာကို ဆုံးဖြတ်ပေးမယ့် ရွေးကောက်ပွဲပဲ။ တချို့က ကျမကိုမေးပါတယ်။ ၁၉၉၀ ခုနှစ်တုန်းကလိုပဲ ပြန်ဖြစ်ရင်တဲ့ ဘယ်နှယ်လုပ်မလဲ တဲ့။ ကျမတော့ ပွင့်ပွင့်လင်းလင်း ပြောမယ်။ ၁၉၉၀ တုန်းကလိုဖြစ်မယ်-ဆိုပြီးတော့ ပြည်သူကို ခြိမ်းခြောက်နေတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ နားမယောင်ပါနဲ့၊ အဲဒါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးမှာစိုးလို့ ပြောတဲ့သူတွေဖြစ်တယ်။”

ကျိုက်လတ်မြို့မှာကျင်းပတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဟောပြောပွဲမှာ တက်ရောက်လာတဲ့ ဒေသခံပြည်သူတွေရဲ့ မေးခွန်းတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဖြေဆိုသွားပါတယ်။

“၂၀၁၅ မှာ ၁၀၀ % နိုင်လို့ရှိလို့ရှိရင် အခုထက်တော့ ဘယ်လိုမှ မဆိုးနိုင်ဘူးဆိုတာ သေချာပေါက်ပဲ။ နောက်တဆင့်က ဘာလဲဆိုတော့ ကျမတို့ဟာ ၁၀၀ % နိုင်တာနဲ့အမျှ ၁၀၀ % သဘောထားကြီးမှုကို ပေး-ပြပြီးတော့ ကျမတို့နိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေးအတွက် လုပ်သွားမယ်ဆိုတာကို အာမခံတယ်။ ကျမတို့နိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေး မရှိဘဲနဲ့၊ ညီညွတ်မှုမရှိဘဲနဲ့ ဘယ်တော့မှ တိုးတက်မှု မရှိနိုင်ဘူး။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးရှိဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်တာ၊ ဥပဒေပညာရှင်တွေရဲ့ အရည်အချင်းမြင့်မားလာဖို့နဲ့ ရဲတပ်ဖွဲ့တွေရဲ့ အရည်အသွေးမြင့်မားလာဖို့ စတာတွေကို ဆောင်ရွက်ဖို့လိုအပ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ ဒီကျိုက်လတ်မြို့ကဟောပြောပွဲကို ဒေသခံပြည်သူ ထောင်နဲ့ချီ တက်ရောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်မှာ ကျိုက်လတ်မြို့အပြင် ဒီကနေ့မှာ မော်ကျွန်းမြို့မှာ လူထုဟောပြောပွဲ ဆက်လက်ကျင်းပဖို့ရှိပါတယ်ရှင်။

XS
SM
MD
LG