သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၆ စီးပွားဖွံ့ဖြိုးမှု ထိပ်ဆုံးက မြန်မာ


အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် က နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF ရုံး။ ( ဧပြီလ ၁၄၊ ၂၀၁၆)
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် က နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF ရုံး။ ( ဧပြီလ ၁၄၊ ၂၀၁၆)

၂၀၁၆ခုနှစ်မှာ ကမ္ဘာ့ စီးပွားရေး တိုးတက်မှု နှေးကွေးနေပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေး ကတော့ ၈.၆ ရာခိုင်နှုန်းအထိ တိုးတက်လိမ့်မယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF က ခန့်မှန်းလိုက်ပါတယ်။ ဒါဟာ ၂၀၁၆ခုနှစ် ကမ္ဘာ့စီးပွားရေး ခန့်မှန်း သုံးသပ်ချက် အစီရင်ခံစာမှာ ပါတဲ့ နိုင်ငံပေါင်း ၂၀၀နီးပါးအနက် အမြင့်ဆုံး ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ကမ္ဘာ့ စီးပွားရေး အခြေအနေ ကြိုတင်ခန့်မှန်းချက်တွေနဲ့ ပတ်သက်လို့ IMF က စီးပွားရေး ပညာရှင်တွေ ရဲ့ ပြောကြားချက်တွေကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်က ပြောပြပါမယ်။

တကမ္ဘာလုံး စီးပွားရေး တိုးတက်မှု နှေးကွေးနေတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုကတော့ အားကောင်းနေပြီး၊ ကမ္ဘာ့ နိုင်ငံအားလုံးထဲမှာ အမြင့်ဆုံးနှုန်းနဲ့ တိုးတက်လိမ့်မယ်လို့ IMF ရဲ့ အစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေကို ခုလို အကောင်းမြင်ခန့်မှန်းထားတာနဲ့ ပတ်သက်လို့ IMF အဖွဲ့ရဲ့ သုတေသန ဌာန၊ ကမ္ဘာ့ စီးပွားရေး လေ့လာရေးဌာနခွဲက အကြီးအကဲ Oya Celasun က ဗွီအိုအေကို အခုလို ပြောပြခဲ့ပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ၂၀၁၆ ခုနှစ်အတွက် ကျွန်မတို့ ခန့်မှန်းထား တာကတော့ ကမ္ဘာ့ နိုင်ငံတွေထဲမှာ အားအကောင်းဆုံး နှုန်း နဲ့ တိုးတက်လာမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ၈.၆ ရာခိုင်နှုန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ Frontier economy လို့ခေါ်တဲ့ အစွန်အဖျား စီးပွားရေး အခြေအနေ ရှိတဲ့ နိုင်ငံပါ။ နှစ်ပေါင်းများစွာကြာအောင် စီးပွားရေးအရ တံခါးပိတ်ထားခဲ့ပြီး၊ အခုမှ ပြန်လည် ပွင့်လင်းလာတာပါ။ နိုင်ငံရေး အခြေအနေ မသေချာ မရေရာမှုတွေကို ကျော်လွှားနိုင်ခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှုတွေကလည်း အားကောင်းနေတဲ့ အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အလားအလာကောင်းတဲ့ အခြေအနေ ရှိနေပါတယ်။ ၂၀၁၆ ခုနှစ်နောက်ပိုင်း နှစ်တွေမှာလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေး ဟာ ဂ ရာခိုင်နှုန်း ဝန်းကျင် နဲ့ ဆက်ပြီး တိုးတက်နေပါလိမ့်မယ်။”

အလားတူ ဖွံ့ဖြိုးဆဲနဲ့ စီးပွားရေး ထွန်းသစ်စ အာရှနိုင်ငံတွေထဲမှာ ဆိုရင် ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံမှာ ၆ ရာခိုင်နှုန်းနဲ့ အထက် စီးပွားရေး တိုးတက်လိမ့်မယ်လို့ IMF ရဲ့ အစီရင်ခံစာက ခန့်မှန်းထားပါတယ်။

IMF နည်းတူ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ကလဲ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု ၈.၄ ရာခိုင်နှုန်း ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

အလားတူ တစ်ကမ္ဘာလုံး စီးပွားရေးဟာ ဆက်ပြီး တိုးတက်နေပေမယ့် စိတ်ပျက်စရာကောင်းတဲ့ နှုန်းနဲ့ပဲ ဆက် တိုးနေပြီး၊ အပျက်ဘက် ကို ရောက်သွားနိုင်တဲ့ ဘေးအန္တရာယ်တွေ ရှိနေတယ်လို့အင်္ဂါနေ့က ဝါရှင်တန်ဒီစီမြို့ IMF ရုံးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ စီးပွားရေး ပညာရှင်တွေ က ပြောပါတယ်။

IMF ရဲ့ ကမ္ဘာ့ လုံးဆိုင်ရာ စီးပွားရေး ခန့်မှန်းသုံးသပ်ချက်အရ ၂၀၁၆ ခုနှစ်မှာ တကမာလုံး စီးပွားရေး တိုးနှုန်း ၃.၂ ရာခိုင်နှုန်းရှိပြီး၊ ၂၀၁၅ ခုနှစ်ကထက်စာရင် အနည်းငယ်အရှိန်မြင့်လာမယ်၊ အဲဒီနောက် ၂၀၁၇ခုနှစ်မှာ ပိုအရှိန်ရလာပြီး ၃.၅ ရာခိုင်နှုန်းအထိ တိုးတက်မယ်လို့ ခန့်မှန်းထားပါတယ်။

ခုလို တကမ္ဘာလုံးရဲ့ စီးပွားရေး အခြေအနေကျဆင်းနေတာဟာ ကမ္ဘာအရပ်ရပ်က ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံအားလုံး လိုလိုမှာ ပျံ့နှံ့ဖြစ်ပေါ်နေတာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောသွားပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု နှေးကွေးနေတာနဲ့ ကမ္ဘာအနှံ့ ကုန်စည်ဈေးနှုန်းတွေ အားပြော့နေတာကြောင့် ကမ္ဘာ့ စီးပွားရေးတိုးတက်မှုနှေးကွေးစေပြီး၊ စီးပွားရေး ထွန်းသစ်စ နိုင်ငံတွေရဲ့ ဈေးကွက်တွေအပေါ် ရိုက်ခတ်မှု ရှိလာမယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့နိုင်ငံတွေမှာ စီးပွားရေး တိုးတက်မှု နှေးကွေးတာအပြင်၊ ရထားတဲ့ တိုးတက်မှုကြောင့် ဖြစ်လာတဲ့ အကျိုးကျေးဇူးတွေကို အညီအမျှ မခံစားရတဲ့ ပြသနာ ရှိနေတာ ကိုလည်း Maurice Obstfeld က အခုလို ထောက်ပြ ပြောဆိုသွားပါတယ်။

“အဲဒီအတွက် နိုင်ငံပေါင်းစုံက မူဝါဒ ချမှတ်သူတွေအနေနဲ့ အနာဂတ်မှာ ပူးပေါင်းဆောက်ရွက်နိုင်ဖို့ ဆက်ပြီး ဆွေးနွေးသင့်ပါတယ်။ ကျွန်တော်တို့ ရနေတဲ့ စီးပွားရေး တိုးတက်မှုတွေဟာ လူများစုဆီကို ပျံ့နှံ့ရောက်ရှိသွားတာမျိုး မရှိပဲ ဖြစ်နေပါတယ်။ နိုင်ငံအများအပြားမှာ ဝင်ငွေ မညီမျှမှုတွေ တိုးလာနေလုပ်ခလစာ တိုးတက်မှုမရှိပဲ တန့်နေပြီး၊ ဝင်ငွေ မညီမျှမှုတွေ ဖြစ်တာ တိုးလာနေပါတယ်။ ဒါကြောင့် ဖြစ်သင့်တာကတော့ မူဝါဒတွေချမှတ်တဲ့ နေရာမှာ ဝင်ငွေ ခွဲဝေဖြန့်ဖြူးမှု ညီမျှမှုကို အလေးထားဖို့ပါ။”

ကမ္ဘာ့ စီးပွားရေး အခြေအနေဟာ တရုတ်နိုင်ငံရဲ့ သက်ရောက်မှုကြောင့်အပြင်၊ အခြား နိုင်ငံရေး အခြေအနေတွေကိုလည်း အမှီပြုနေကြောင်း၊ ပြည်တွင်း စစ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံရဲ့ အခြေအနေကြောင့် ဥရောပတိုက်ထဲကို ရွှေ့ပြောင်းနေထိုင်သူတွေ သန်းနဲ့ချီ ဝင်ရောက်လာတဲ့အတွက် ဖွံ့ဖြိုးပြီး ဥရောပနိုင်ငံတွေရဲ့ စီးပွားရေးအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့အကြောင်း၊ အကျိုးဆက်အနေနဲ့ ဥရောပနိုင်ငံတွေမှာ အမျိုးသားရေး ဝါဒီတွေ ပြန်လည် ခေါင်းထောင်လာပြီး၊ ဥရောပသမဂ္ဂအတွင်းမှာ နယ်စည်းမထားတဲ့ စီးပွားရေးပေါင်းစည်းမှု တွေဆက်လုပ်ဖို့ ခက်ခဲလာတဲ့အကြောင်း စတဲ့အချက်တွေကလည်း ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေးအပေါ် သက်ရောက်မှုရှိနေကြောင်း သူက ပြောသွားပါတယ်။

XS
SM
MD
LG