သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေး အလားအလာနဲ့ စိန်ခေါ်မှုများ IMF ထုတ်ပြန်


Burma Daily Life
Burma Daily Life
မြန်မာနိုင်ငံရဲ့ စီးပွားရေး အလားအလာဟာ ဆက်လက် အားကောင်းနေပေမဲ့ စိန်ခေါ်မှုတွေလည်း ရှိနေဆဲ ဖြစ်တဲ့အကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းကုန်ထုတ်လုပ်မှု ပမာဏဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း ၇ ဒဿမ ၅ ရာခိုင်နှုန်း ရှိနေရာက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာတော့ ၇ ဒဿမ ၇၅ ရာခိုင်နှုန်းလောက်အထိ တိုးတက်လာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း ၁၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို ဦးဆောင်ခဲ့တဲ့ IMF အရာရှိ Matt Davis က အင်္ဂါနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာပါ။

ဒါပေမဲ့လည်း ဘဏ္ဍာရေးနဲ့ စီမံခန့်ခွဲမှု အပိုင်းတွေမှာ အားကောင်းအောင် လုပ်ဆောင်ဖို့ လိုအပ်နေဆဲ ဖြစ်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ၆ ရာခိုင်နှုန်းကျော်ရှိခဲ့တဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ဒီနှစ်မှာလည်း ဆက်လက် မြင့်တက်နေနိုင်တယ်လို့ IMF က ခန့်မှန်းထားတာပါ။

နိုင်ငံတော်အဆင့် စီမံခန့်ခွဲမှုတွေ အားနည်းတာ၊ လျှပ်စစ်ဓာတ်အားခ ဈေးနှုန်း မြင့်တက်လာနိုင်တာတွေက ငွေကြေးဖောင်းပွမှုကို အားပေးနိုင်တဲ့ အကြောင်းရင်းတွေ အဖြစ်နဲ့လည်း IMF က သတိပေးခဲ့ပါတယ်။

ဗဟိုဘဏ်အနေနဲ့ လုပ်ပိုင်ခွင့်တွေ ပိုရလာတဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် IMF က ချီးကျူးခဲ့ပေမဲ့ ဘဏ္ဍာရေး အသုံးစရိတ်အတွက် လွတ်လွတ်လပ်လပ် ဆုံးဖြတ်ချက် ချနိုင်တဲ့အထိ လွတ်လပ်ခွင့်ရဖို့ လိုအပ်နေဆဲပဲလို့လည်း ပြောဆိုခဲ့တာပါ။

အခွန်အတုပ် စည်းကျပ်မှုတွေ တိုးမြှင့်လုပ်ဆောင်ရာက အစိုးရအတွက် ဝင်ငွေရလာပေမဲ့ နည်းပါးနေဆဲ ဖြစ်တဲ့အကြောင်းလည်း IMF အရာရှိ Matt Davis က ပြောပါတယ်။

နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ ဘဏ္ဍာရေးကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှုတွေကို စနစ်တကျ ဆောင်ရွက်နိုင်မယ် ဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတွေအတွက် လမ်းပွင့်စေမှာဖြစ်သလို၊ ရှေ့နှစ် ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံ အပါအဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN က စီးပွားရေးဝန်းကျင် တည်ဆောက်ရာက အကျိုးအမြတ်တွေ ခံစားရနိုင်တယ်လို့လည်း IMF က ပြောပါတယ်။
XS
SM
MD
LG