သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Iraq ထောင်ဖောက်မှု ၃၀ ကျော်သေ ၄၀ ထွက်ပြေး


ထောင်ဖောက်မှုဖြစ်နေစဉ် ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှာ စုဝေးကြည့်ရှုနေကြတဲ့ အရပ်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ။ (မေ ၉၊ ၂၀၁၅)
ထောင်ဖောက်မှုဖြစ်နေစဉ် ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှာ စုဝေးကြည့်ရှုနေကြတဲ့ အရပ်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ။ (မေ ၉၊ ၂၀၁၅)

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တော်မြောက်ဘက်က အကျဉ်းထောင်တခုမှာ ထောင်ဖောက်ပြေးဖို့ ကြိုးစားရင်း အဓိကရုဏ်းဖြစ်ပြီး တော့ လူ ၃၆ ယောက် ထက်မနည်း သေဆုံးပြီး အကျဉ်းသား ၄၀ ထွက်ပြေးသွားတယ်လို့ တာဝန်ရှိသူတွေက စနေနေ့မှာ ပြောပါတယ်။

Khalis အကျဉ်းထောင်က အဓိကရုဏ်းအတွင်း ရဲတပ်ဖွဲ့ဝင်ခြောက်ယောက်နဲ့ အကျဉ်းသား ၃၀ သေဆုံးတယ်လို့ အီရတ် ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါပေမဲ့ တခြားတာဝန်ရှိသူတွေကတော့ သေဆုံးသူအရေအတွက်ဟာ ရဲတပ်ဖွဲ့ဝင် ၁၂ ဦးနဲ့ အကျဉ်းသား ၅၀ ထက်မနည်းရှိတယ်လို့ ပြောကြပါတယ်။

အကျဉ်းသားအချင်းချင်း ရန်ဖြစ်ကြတာကြောင့် ထောင်ဝန်ထမ်းတွေက တားဆီးဖို့ဝင်လာချိန်မှာ အကျဉ်းသားတွေက လူအင်အားနဲ့ ဝိုင်းတိုက်ခိုက်ပြီး လက်နက်တွေကို ယူလိုက်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

အဲဒီ ထောင်ဖောက်ပြေးတဲ့ဖြစ်ရပ်ကို သူတို့လက်ချက်လို့ အစ္စလာမ်အစွန်းရောက် IS စစ်သွေးကြွတွေက ကြေညာပါတယ်။ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဂျီဟတ်ဒ်ဝါဒီတွေရဲ့ ဝက်ဘ်ဆိုက်တွေမှာ သူတို့ဘက်က ဇာတ်လမ်းစုံကိုတင်ထားပါတယ်။ ထောင်ထဲက အကျဉ်းသားတွေနဲ့ ချိန်ကိုက်ပြီးတော့ အကျဉ်းထောင်အပြင်ဘက်မှာ သူတို့အဖွဲ့က ဖောက်ခွဲမှုတွေလုပ်ခဲ့တယ်လို့ IS အဖွဲ့က ပြောပါတယ်။ ထွက်ပြေးသွားသူတွေထဲမှာ IS အဖွဲ့ဝင် ၃၀ လောက်ပါတယ်လို့ သူတို့ရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ထွက်ပြေးသွားသူတချို့ဟာ အကြမ်းဖက်မှုဆိုင်ရာ စွဲချက်တွေနဲ့ ထောင်ချခံထားရတာလို့ အီရတ်တာဝန်ရှိသူတွေဘက်က ပြောပါတယ်။

XS
SM
MD
LG