သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ ဒုက္ခသည်တွေကို အိန္ဒိယ ကူညီ


စစ်တွေ ဘုန်းကြီးကျောင်းတွင် မှီခိုနေကြသည့် ရခိုင်ဒုက္ခသည်များ။
စစ်တွေ ဘုန်းကြီးကျောင်းတွင် မှီခိုနေကြသည့် ရခိုင်ဒုက္ခသည်များ။
ရခိုင်ပြည်နယ်အတွင်းဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ထိခိုက်နစ်နာရသူတွေကို အကူအညီပေးဖို့ အိန္ဒိယနိုင်ငံကနေ ဒေါ်လာ နှစ်သိန်း ထောက်ပံ့ပေးလိုက်ပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်အတွင်း ငြိမ်း ချမ်းရေးနဲ့ လူမှုသဟဇာတဖြစ်မှု ရှိလာဖို့လည်း ရည်ရွယ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံ အမတ်ကြီးက ပြောပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ရခိုင် ဒုက္ခသည်တွေအတွက်ပေးတဲ့ အိန္ဒိယနိုင်ငံရဲ့ အလှူငွေ ဒေါ်လာနှစ်သိန်းကိုတော့ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး Villur Sundararajan Seshadri က ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်ကို သြဂုတ်လ ၂၉ ရက်နေ့က စစ်တွေမြို့မှာပဲ အခမ်းအနားနဲ့ ပေးအပ်ခဲ့တာပါ။

အဲဒီပွဲကို ရခိုင်မှာရှိတဲ့ ရခိုင်လူမှုအသိုင်းအဝိုင်းရော မွတ်ဆလင်အသိုင်းအဝိုင်းပါ တက်ရောက်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသူတွေ အတွက် ထောက်ပံ့ကူညီမှုဖြစ်တယ်လို့ အိန္ဒိယသံအမတ်ကြီး Villur Sundararajan Seshadri က ပြောပါတယ်။

“အခုအချိန်ဟာ မြန်မာနိုင်ငံ အစိတ်အပိုင်းတခုမှာ ခက်ခဲတဲ့အခြေအနေအချို့ ရင်ဆိုင်နေရချိန်ဖြစ် ပါတယ်။ အကြမ်းဖက် နှောက်ယှက်မှုတွေကြောင့် လူ့အသက်တွေနဲ့ ပိုင်ဆိုင်မှုတွေ ထိခိုက် ဆုံးရှုံးနေကြရပါတယ်။ ဒီအတွက် အိန္ဒိယအစိုးရ အနေနဲ့ ဒေါ်လာနှစ်သိန်းဖိုး အကူအညီ ပေးတာပါ။ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ဆုံးရှုံးကြရတဲ့ ဒုက္ခသည်တွေ အတွက် မြန်မာအစိုးရက စီစဉ်ပေး ထားတဲ့ ယာယီနေအိမ်တွေမှာ အမိုးအကာတွေ ရအောင် ကူညီမှုဖြစ်ပါတယ်။ ပဋိပက္ခကြောင့် ထိခိုက် နစ်နာကြရတဲ့ လူမှုအသိုင်းအဝိုင်းနှစ်ခုစလုံးအတွက် အထောက်အပံ့အချို့ဖြစ်ပြီး၊ ငြိမ်းချမ်းရေးနဲ့ လူမျိုးရေး ဘာသာရေး သဟဇာတဖြစ်ဖို့ မျှော်လင့်ပြီး ကူညီတာပါ။”

အခု ပေးတဲ့အကူအညီတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေအတွက် အားပေး ထောက်ခံတဲ့ အကူအညီလည်းဖြစ်တယ်လို့ အိန္ဒိယသံအမတ်ကြီးက ပြောပါတယ်။ အိန္ဒိယနိုင်ငံဟာ ဘာသာရေးနဲ့ လူမျိုးရေးဆိုင်ရာ အဓိကရုဏ်းတွေနဲ့ ပဋိပက္ခတွေ မကြာမကြာ ကြုံရလေ့ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ မကြာခင်ကဆိုရင်လည်း အိန္ဒိယနိုင်ငံ အာသံပြည်နယ်ဘက်မှာလည်း အိန္ဒိယ ဒေသခံတွေနဲ့ မွတ်ဆလင်ဘာသာဝင်တွေ အကြား မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာလိုပဲ အဓိကရုဏ်းတွေဖြစ်ပြီး လူသေဆုံးမှုတွေ ပစ္စည်းဆုံးရှုံးမှုတွေ ရှိခဲ့တာပါ။

မနေ့တုန်းက အိန္ဒိယနိုင်ငံရဲ့ ရခိုင်ပြည်နယ်အတွက် အကူအညီပေးအပ်ပွဲကို ရခိုင်ဒေသ အစိုးရတင်က နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးလည်း တတ်ရောက်ပါတယ်။ ရခိုင်ပြည်နယ်အရေး ကယ်ဆယ် နေရာချထားရေးလုပ်နေတဲ့နေရာမှာ အဓိက လိုအပ်ချက်ဟာ ဒုက္ခသည်တွေ နေထိုင်ဖို့ အဆောက်အဦးတွေဖြစ်တယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ဒုက္ခသည်တွေ နေထိုင်ဖို့ အဆောက်အဦးပေါင်း ၈၀၀ ကျော် တည်ဆောက်ပေးရမှာပါ။ အခုအချိန် မှာတော့ သက်ကယ် မိုးပဲ လုပ်ပေးနိုင်တာပါ။ ဒါက အခု ရာသီဥတုဒဏ်မျိုး မခံနိုင်ပါဘူး။ နှစ်စဉ် မိုးရေချိန် သုံးရာကျော်ရှိတဲ့ ဒီလို ပင်လယ်ပြင် ဒေသအတွက် သွပ်မိုးတွေ ဝယ်သုံးရမှာပါ။”

အိန္ဒိယသံအမတ်ကြီးဟာ ပဋိပက္ခကြောင့် အိုးအိမ်မဲ့ဖြစ်နေရတဲ့သူတွေအတွက်ထားတဲ့ စစ်တွေမြို့ပေါ်က ဒုက္ခသည ်စခန်းတွေကိုလည်း သွားရောက် ကြည့်ရှုခဲ့ပါတယ်။ ဒီ ပဋိပက္ခကြောင့် လူပေါင်း ၈၀ ကျော်သေဆုံးပြီး သောင်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ မြန်မာအစိုးရက ထုတ်ပြန်ခဲ့ ပါတယ်။ ဒီ ပဋိပက္ခ ကိုင်တွယ်မှုနဲ့ပတ်သက်လို့လည်း မြန်မာ အာဏာပိုင်တွေ အနေနဲ့ နိုင်ငံတကာ ရဲ့ ဝေဖန်မှုကို ခံခဲ့ရပြီး ဒီနောက်ပိုင်းမှာလည်း ပြည်တွင်းမှာ ဝေဖန်ခံရမှုအချို့ ခံရပါတယ်။ နှစ်ပေါင်း ၅၀ ကျော် စစ်အုပ်ချုပ်ရေးအောက် နေခဲ့ရပြီးနောက် ပထမဆုံး တက်လာတဲ့ အရပ်ဘက် အစိုးရသစ် အတွက် အခု ရခိုင်ပြဿနာဟာ ကြီးမားတဲ့ စိန်ခေါ်မှုတရပ်ဖြစ်ခဲ့ပါတယ်။

ရခိုင်အရေးအခင်းမှာ ဆူပူ လှုံ့ဆော်တယ်ဆိုပြီး ထောင်ဒဏ်တွေ ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂဝန်ထမ်း အချို့ကိုတော့ သမ္မတဦး သိန်းစိန်က သူ့အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့လည်း သမ္မတက လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းထားပါတယ်။

ဒါပေမယ့် နှစ်ပေါင်းများစွာကတည်းက ရခိုင်ဒေသမှာ တင်းမာမှုရှိခဲ့တဲ့ လူမှုအသိုင်းအဝိုင်းနှစ်ခုအကြား တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုရအောင်တော့ အချိန်ယူ တည်ဆောက်ရဦးမယ်လို့ သုံးသပ်သူတွေက ယူဆပါတယ်။
XS
SM
MD
LG