သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရေတပ်အကြီးအကဲ အိန္ဒိယခရီးစဉ်


မြန်မာရေတပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေဟာ အိန္ဒိယနိုင်ငံ ရေတပ်အကြီးအကဲနဲ့ နယူးဒေလီမြို့မှာ တွေ့ဆုံပြီးတော့ နှစ်နိုင်ငံ ရေတပ်အကြား ဆက်ဆံရေး တိုးမြှင့်ဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒါဟာ ပြောင်းလဲလာတဲ့ မြန်မာနိုင်ငံ အနေအထားအရ အိန္ဒိယဘက်က မြန်မာနဲ့ ဆက်ဆံရေးကို တိုးမြှင့်လိုတာနဲ့ တောင်တရုတ်ပင်လယ်တွင်းမှာ အိန္ဒိယနဲ့ စစ်အင်အား ချဲ့ထွင်လိုတာကြောင့်ဖြစ်တယ် ဆိုပြီးတော့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။ ဒီအကြောင်း Reuters သတင်းတပုဒ်ကို အခြေခံပြီးတော့ ကိုအောင်အောင် က တင်ပြထားပါတယ်။

မြန်မာရေတပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေဟာ အိန္ဒိယ ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒီဗန်ဒရာ ကူမာ ဂျိုရှီ (D.K. Joshi) နဲ့ ဇူလိုင်လ ၂၉ ရက်နေ့မှာ တွေ့ဆုံပြီး အိမ်နီးချင်း နှစ်နိုင်ငံ ရေတပ်အကြား ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒါဟာ မြန်မာရေတပ် အကြီးအကဲ တစ်ဦးအနေနဲ့ အိန္ဓိယနိုင်ငံကို တရားဝင် အလည်အပတ် ရောက်ရှိလာတာဖြစ်ပြီး၊ အိန္ဒိယနိုင်ငံ ကာကွယ်ရေးဌာနရှေ့မှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။

ဒီခရီးစဉ်အတွင်း ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေဟာ အိန္ဒိယကာကွယ်ရေးဝန်ကြီး အရခ်ခါ ပါရမ်ဘေလ် ခူရိမ် အန်တိုနီ (Arackaparambil Kurien Antony) နဲ့လည်း တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။ အိန္ဒိယရေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒီဗန်ဒရာ ကူမာ ဂျိုရှီ ကတော့ အခုလို တွေ့ဆုံမှုဟာ နှစ်နိုင်ငံ ရေတပ်အကြား ပိုမို ဆက်ဆံရေးကို တိုးမြှင့်ဖို့ကို ဆောင်ရွက်ဖို့ ဖြစ်တဲ့အကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပါတယ်။ မြေပြင်၊ ရေပြင်၊ နယ်စပ်နဲ့ ရေတပ်ချင်းလည်း နီးနီးကပ်ကပ် ဆက်ဆံရေး ရှိပါတယ်။ အခု တွေ့ဆုံပွဲအတွင်းမှာတော့ အခုလို နီးကပ်တဲ့ ဆက်ဆံရေးထက်ပိုပြီး နောက်တဆင့် မြှင့်ဖို့ ဆွေးနွေးကြမှာပါဆိုပြီး ဗိုလ်ချုပ်ကြီး ဂျိုရှီ က ပြောပါတယ်။ အိန္ဒိယနဲ့ မြန်မာနိုင်ငံဟာ နှစ်ကာလကြာမြင့်စွာကတည်းက နှစ်နိုင်ငံတပ်ဖွဲ့တွေကြား နီးကပ်တဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။

အထူးသဖြင့် အိန္ဒိယနိုင်ငံဟာ သူ့ရဲ့ပြိုင်ဘက် တရုတ်နိုင်ငံနဲ့ ဒေသတွင်းမှာ အင်အား ချိန်ခွင်လျှာညှိနိုင်ဖို့အတွက် အရှေ့တောင်အာရှဒေသက တောင်တရုတ်ပင်လယ်တွင်းနဲ့ မလက္ကာရေလတ်ကြားမှာ အင်အားတိုးချဲ့ဖို့ကိုလည်း ဆောင်ရွက်နေတာပါ။ အိန္ဒိယအခြေစိုက် ၁၉၉၀ ရွေးကောက်ပွဲလွှတ်တော်အမတ် ဒေါက်တာတင့်ဆွေ ကတော့ အခုလို ပြောပါတယ်။

“တရုတ်နိုင်ငံရဲ့ စစ်အင်အားနဲ့ ယှဉ်ပြိုင်နိုင်အောင် အာဆီယံနိုင်ငံတွေနဲ့ ပိုပြီးတော့ အိန္ဒိယက တိုးလာတယ်။ မကြာသေးခင်က ဗီယက်နမ်ကို သူတို့ ကမ်းလှည့်ရေယာဉ်တွေအတွက် သန်း ၁၀၀ ပေးမယ်လို့ သတင်းတွေ ထွက်လာတယ်။ ဆိုတော့ကာ အိန္ဒိယက ဗမာနိုင်ငံနဲ့လည်း အလားတူပေါ့လေ ဘင်္ဂလားပင်လယ်အော်ကို အကြောင်းပြုပြီးတော့ ရေတပ်ချင်း ဆက်ဆံမှုကလည်း သေချာပေါက် တိုးလာမှာဖြစ်ပါတယ်။”

ဒါ့အပြင် စစ်ရေးတစ်ခုတည်းသာ မဟုတ်ဘဲ ဒေသတွင်း စီးပွားရေးဆိုင်ရာ အခင်းအကျင်းတွေကြောင့်လည်း အိန္ဒိယဘက်က အခုလို မြန်မာနဲ့ ဆက်ဆံရေး နီးကပ်လိုတာ ဖြစ်တယ်ဆိုပြီးတော့လည်း ဒေါက်တာတင့်ဆွေက ဆက်ပြောပါတယ်။

“လုံခြုံရေး၊ ကာကွယ်ရေးတင် မကဘဲနဲ့ စီးပွားရေး အချက်အခြာပေ့ါလေ ဥပမာ - သဘာဝဓာတ်ငွေ့သိုက်တွေကလည်း အဲ့ဒီထဲမှာရှိတယ်။ အလားတူပဲ အိန္ဒိယက လုပ်နေတဲ့ ကုလားတန်မြစ်ဝမြစ်ကြောင်းနဲ့ စီမံချက်တွေကလည်း ဘင်္ဂလားပင်လယ်အော် အဝမှာ ရှိနေတော့ကာ အိန္ဒိယအတွက်လည်း အင်မတန်မှ အရေးပါတဲ့ အနေအထားဖြစ်တယ်။ ဆိုတော့ကာ အိန္ဒိယကလည်း ဗမာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုပြီးတော့ ရချင်မှာဖြစ်သလို၊ ဗမာနိုင်ငံကလည်း ဒီအပေါ်မှာ ချိန်ဆရမယ်လို့ ကျနော် ယူဆနိုင်ပါတယ်။”

မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံ အရှေ့နယ်စပ်နဲ့ မိုင် ၁၀၀၀ ကျော် ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း အခြေချတပ်စွဲထားတဲ့ အိန္ဒိယလက်နက်ကိုင် သူပုန်တွေကို နှိမ်နင်းဖို့အတွက် အိန္ဒိယဘက်က မြန်မာဘက်ကနေ အကူအညီကို လိုအပ်နေတာအပြင် မြန်မာနဲ့ နယ်စပ်ချင်း ကုန်သွယ်မှုကနေ သီးခြားဖြစ်နေတဲ့ အိန္ဒိယအရှေ့မြောက်ဒေသကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ချင်နေတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG