သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာ နယ်စပ်လမ်းများ ပြင်ဆင် မွမ်းမံသွားမည်


အိန္ဒိယနဲ့ မြန်မာ နှစ်ဘက်နယ်စပ်အကြား ကုန်သွယ်ရေးလမ်းတွေကို ပြုပြင်မွန်းမံဖို့ မကြာခင် ဆောင်ရွက်သွားတော့မယ်လို့ အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန်က ပြောလိုက်ပါတယ်။ ဒီလမ်းတွေဟာ အိန္ဒိယနိုင်ငံ အတွက် မြန်မာနိုင်ငံတင်မဟုတ်ဘဲ အခြား အရှေ့တောင်အာရှ နိုင်ငံတွေနဲ့လည်း ဆက်သွယ် သွားနိုင်မယ့် ကုန်းတွင်းပိုင်း လမ်းကြောင်း ဖြစ်လာပါလိမ့်မယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မနိပူ ပြည်နယ်ဟာ မြန်မာနဲ့ နယ်ချင်းကပ်ပြီး၊ ကုန်သွယ်ရေးအရလည်း အချက်အချာဖြစ်နေတဲ့ နေရာတခုပါ။ ပြီးခဲ့တဲ့ စနေနေ့ကတော့ မနီပူပြည်နယ်မြို့တော် အင်ဖာ မှာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဆွေးနွေးပွဲတရပ် ပြုလုပ်ပါတယ်။ မနိပူပြည်နယ်က တဆင့် မြန်မာနိုင်ငံ ဖြတ်ပြီး အရှေ့တောင်အာရှ ဒေသအထိ အိန္ဒိယကုန်စည်တွေနဲ့ ဒေသတွင်းက ကုန်စည်တွေ အပြန်အလှန် ကုန်သွယ်နိုင်ကြမယ့် အလားအလာကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ဒီအတွက် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ မြန်မာနဲ့ နယ်စပ် လမ်းပန်း ဆက်သွယ်ရေး ကိစ္စရပ်ကို မကြာခင်မှာ ဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ အစည်းအဝေး တတ်ရောက်နေတဲ့ အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် Ranjan Mathai က ပြောပါတယ်။

“မြန်မာနိုင်ငံတွင်းက လမ်းတွေကို ပြုပြင်မွမ်းမံသွားဖို့ အစီအစဉ် ရှိပါတယ်။ မြန်မာအာဏာပိုင်တွေ ဘက်ကလည်း ဒါကို လက်ခံဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဒါကြောင့် လာမယ့် လေးနှစ် ငါးနှစ် အတွင်းမှာ အိန္ဒိယနဲ့ မြန်မာ၊ အိန္ဒိယနဲ့ အခြား အရှေ့တောင်အာရှ နိုင်ငံတွေအကြား ဆက်သွယ်မှုတွေ အားကောင်းလာဖို့ ရှိပါတယ်။”

မနိပူပြည်နယ် အင်ဖာနဲ့ မြန်မာနိုင်ငံက ဒုတိယအကြီးဆုံး မြို့တမြို့ဖြစ်တဲ့ မန္တလေးမြို့အကြားမှာ ခရီးသည်တင် ဘက်စ်ကား ထားရှိဖို့ ကိစ္စကို အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြား အတော်ကြာ ကတည်းက ဆွေးနွေးနေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီ လမ်းပေါက်သွားမယ်ဆိုရင် နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး အတွက် အလားအလာကောင်းတွေ ပိုပြီး ရှိလာမှာဖြစ်ပါတယ်။

အိန္ဒိယဘက်ကတော့ ဒီလမ်းတွေ ပြုပြင်မွမ်းမံလိုက်ခြင်းအားဖြင့် မြန်မာနဲ့သာမက အခြားအရှေ့တောင်အာရှနိုင်ငံတွေနဲ့ပါ ကုန်တွင်းပိုင်း ကုန်သွယ်မှုဆက်ဆံရေး ထူထောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါကြောင့် မိုးတွင်းဆိုရင် သွားလာမှုခက်ခဲတဲ့ ဒီလမ်းတွေကို ပြန်ပြီး ပြင်ဆင်မွန်းမံသွားဖို့၊ ရာသီ မရွေး ပုံမှန်အသုံးပြုနိုင်ဖို့ လိုလားနေတာပါ။

“မိုးရာသီကာလမှာ လမ်း အစိတ်အပိုင်းအချို့ ပျက်စီးသွားတာတွေ ရှိပါတယ်။ ဒါကြောင့် အဲဒီလမ်းတွေကို ပြန်ပြီး ပြုပြင်မွမ်းမံဖို့ ကျနော်တို့ သဘောတူထားပါတယ်။ ဒီ အစီအစဉ် ပြီးဆုံးဖို့ နှစ်အနည်းငယ်တော့ ကြာနိုင်ပါတယ်။ ဒုတိယအဆင့်ကတော့ လူဝင်မှု ကြီးကြပ်ရေးတွေ အခွန်အကောက် ကိစ္စတွေ စသဖြင့် ပါဝင်တဲ့ စနစ်တရပ် ဖြစ်လာဖို့ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင် တည်ဆောက် သွားရပါမယ်။ ဒီအတွက် မြန်မာ အာဏာပိုင်တွေနဲ့ တွဲပြီး ဆောင်ရွက်သွားမှာပါ။ တတိယနဲ့ နောက်ဆုံး ကိစ္စရပ်ကတော့ ကျနော်တို့ ဘက်က လမ်းရှိမယ်၊ မြန်မာဘက်က လမ်းရှိမယ်၊ အဲဒီမှာ ကုန်စည်တွေ သယ်ပို့ရတဲ့ ကြားစခန်းအနေနဲ့ ဘယ်လို ဆောင်ရွက်မလဲ ဆိုတာကိုလည်း ကျနော်တို့ ဆွေးနွေးရမှာ ဖြစ်ပါတယ်။”

အိန္ဒိယနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံအကြားမှာ သမိုင်းကြောင်းအရရော လူမျိုးနွယ် ယဉ်ကျေးမှု ဘာသာရေး အရပါ ဆက်စပ်မှုတွေ ရှိခဲ့တာပါ။ နယ်စပ် ကုန်သွယ်ရေးတွေလည်း အပြန်အလှန် ရှိခဲ့ပါတယ်။ နှစ်နိုင်ငံဟာ ကုန်တွင်းပိုင်းအရ ကီလိုမီတာ ၁,၆၀၀ လောက် နယ်မြေချင်း ဆက်စပ်နေသလို၊ ဘင်္ဂလား ပင်လယ်အော်မှာလည်း ရေနယ်နမိတ် ဆက်စပ်နေပါတယ်။ တရားမဝင် မှောင်ခို နယ်စပ် ကုန်သွယ်ရေး နှစ်ပေါင်းများစွာ ရှိခဲ့ပြီးနောက်၊ ၁၉၉၄ ခုနှစ်မှာတော့ နှစ်ဘက် နယ်စပ် ကုန်သွယ်ရေး သဘောတူညီချက် တရပ် ရရှိခဲ့ပါတယ်။ ဒီနောက် နယ်စပ် ကုန်သွယ်ရေး စခန်းနှစ်ခုကို ဖွင့်ခဲ့ပါတယ်။ မကြာခင်မှာလည်း နောက်ထပ် ကုန်သွယ်ရေး စခန်းသစ်တခု ထပ်မံ ဖွင့်လှစ်ဖို့လည်း ပြင်ဆင်နေပါတယ်။

ဒါကြောင့်လည်း အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း မကြာခင်လတွေ အတွင်းက မြန်မာနိုင်ငံ သွားရောက်စဉ်မှာ နယ်စပ်တည်ငြိမ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး ကိစ္စတွေကို အလေးထား ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် အိန္ဒိယအနေနဲ့ ရခိုင်ပြည်နယ် အတွင်းက စစ်တွေ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး ပိုင်းမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားပြီး၊ အဲဒီကတဆင့်လည်း အရှေ့တောင်အာရှဒေသနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
XS
SM
MD
LG