သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဓမ္မပြုကျင့်သူအဖြစ် စွပ်စွဲခံရသူ အိန္ဒိယနိုင်ငံသား အဆုံးစီရင်


ကျောင်းသူလေးတယောက်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က ဘတ်စ်ကားတစီးပေါ်မှာ အုပ်စုလိုက် အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရသူတွေထဲက တစ်ယောက်ဟာ အကျဉ်းထောင်အတွင်းမှာ မိမိကိုယ်မိမိ အဆုံးစီရင် သွားတယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရမ်ဆင်း (Ram Singh) ဆိုသူဟာ သူ့ရဲ့အဝတ်အစားတွေကို အသုံးပြုပြီး တနင်္လာနေ့ မနက်ပိုင်းမှာ ဆွဲကြိုးချ သတ်သေသွားတာ ဖြစ်တယ်လို့ Tihar အကျဉ်းထောင် တာဝန်ရှိသူတွေက ပြောပါတယ်။

ထောင်တွင်းမှာ ကိုယ့်ကိုကိုယ် သတ်သေသွားတယ်ဆိုတဲ့ ဖြစ်ရပ်ဟာ လုံခြုံရေး ပေါ့ဆမှု တွေကြောင့် ဖြစ်ရတာဖြစ်ကြောင်းနဲ့ ဒီကိစ္စကို အာဏာပိုင်တွေအနေနဲ့ စုံစမ်းစစ်ဆေးနေကြောင်း ပြည်ထဲရေးဝန်ကြီး ဆူရှီးလ် မူမာ ရှင်ဒီ (Sushil Mumar Shinde) က ပြောပါတယ်။

ရမ်ဆင်း (Ram Singh) ရဲ့ ရှေ့နေနဲ့ သူ့ရဲ့ မိဘတွေကတော့ ရမ်ဆင်း (Ram Singh) ဟာ အသတ်ခံရတာ ဖြစ်တယ်လို့ ပြောပါတယ်။ ရမ်ဆင်း (Ram Singh) မှာ အရင်ကတည်းက ရထားတဲ့ လက်က ဒဏ်ရာကြောင့် ကြိုးဆွဲချဖို့ လုပ်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

ရမ်ဆင်း (Ram Singh) ရဲ့ ဖခင်ဖြစ်သူကလည်း သူ့သားက ထောင်တွင်းမှာ သူ့ကို သတ်မယ်ဆိုပြီး တခြားအကျဉ်းသားတွေရဲ့ ထပ်တလဲလဲ ခြိမ်းခြောက်တာ ခံနေခဲ့ရပြီး အဓမ္မ လိင်စော်ကားတာလည်း ကြုံခဲ့ရတယ်လို့ သူ့ကို ပြောပြခဲ့တယ်လို့ ပြောဆိုပါတယ်။

ရမ်ဆင်း (Ram Singh) ဟာ ဒီဇင်ဘာလအတွင်း ၂၃ နှစ်အရွယ် ကျောင်းသူလေး ကို နှစ်နာရီလောက် ဝိုင်းပြီး အဓမ္မပြုကျင့်ခဲ့တဲ့ ဘတ်စ်ကားကို မောင်းပေးခဲ့သူဆိုပြီး စွပ်စွဲခံထားရသလို အဓမ္မပြုကျင့်ခဲ့သူ ၅ ဦးပါ အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တယ်လို့လည်း အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။

အဓမ္မပြုကျင့်ပြီးတဲ့နောက် မိန်းကလေးကို လမ်းဘေးမှာ ပစ်မချခင် သံဒုတ်နဲ့ ရိုက်နှက် ခဲ့ကြပါသေးတယ်။ မိန်းကလေးဟာ ရရှိထားတဲ့ ခန္ဒာကိုယ်တွင်း ဒဏ်ရာတွေနဲ့ သီတင်းနှစ် ပတ်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။
XS
SM
MD
LG