သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရောက် သမ္မတဦးသိန်းစိန်ကို ဆန္ဒပြ


အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီရေး လူပ်ရှားသူတွေရဲ့ ထိုင်သပိတ် ဆန္ဒပြပွဲ- Source- ဆန္ဒပြပွဲဦးဆောင်သူ Ashin Dhamma's သတင်းမှတ်တမ်းပုံများမှ ဖော်ပြသည်။
အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီရေး လူပ်ရှားသူတွေရဲ့ ထိုင်သပိတ် ဆန္ဒပြပွဲ- Source- ဆန္ဒပြပွဲဦးဆောင်သူ Ashin Dhamma's သတင်းမှတ်တမ်းပုံများမှ ဖော်ပြသည်။
မြန်မာသမ္မတဦးသိန်းစိန်ဟာ ဒီကနေ့မနက်မှာပဲ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပမယ့် အကြိမ် ၂၀မြောက် အာဆီယံ-အိန္ဒိယထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့ ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီလိုအိန္ဒိယနိုင်ငံကို သမ္မတဦးသိန်းစိန် လာရောက်တဲ့အချိန်မှာပဲ အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီရေး လူပ်ရှားသူတွေက ထိုင်သပိတ် ဆန္ဒပြနေကြပါတယ်။ ဆန္ဒပြသူတွေက ဘာအချက်တွေကို အဓိကထား တောင်းဆို ဆန္ဒပြနေကြပါသလဲဆိုတာ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ဒီဇင်ဘာလ ၂၀ရက်နေ့မှာပဲ မြန်မာသမ္မတဦးသိန်းစိန်ဟာ အာဆီယံထိပ်သီး နိုင်ငံ့ခေါင်းဆောင်တွေ ပါဝင်ဆွေးနွေးကြမယ့် အကြိမ် ၂၀မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်နဲ့အတူ နိုင်ငံခြားရေးရာဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန ကျမ်းမာရေးဝန်ကြီးဌာနနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးတွေ လိုက်ပါသွားကြတယ် ဆိုတာကို နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

“ကျနော်တို့က ထွက်တာပဲပြောလို့ရတယ်။ သတင်းက ကျန်တာတော့ ပြောလို့မရဘူး။ ကျနော်တို့ဝဘ်ဆိုဒ်မှာ အခုတင်ဖို့လုပ်တယ်။ တင်လိုက်တယ်။ အဲ့မှာပဲ သွားဖတ်လိုက်ပါနော်။”

ဒါကတော့ သမ္မတဦးသိန်းစိန်ရဲ့ အိန္ဒိယနိုင်ငံခရီးစဉ်သတင်းထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့ သမ္မတရုံးညွန်ကြားရေးမှူး ဦးဇော်ဌေးပြောပြခဲ့တာပါ။ မြန်မာသမ္မတဦးသိန်းစိန်ရဲ့ ဒီခရီးစဉ်ဟာ သမ္မတသက်တမ်းအတွင်း အိန္ဒိယကိုသွားရောက်တဲ့ ဒုတိယအကြိမ်မြောက် ခရီးစဉ်လည်းဖြစ်ပါတယ်။

အခုလိုမျိုး အိန္ဒိယနိုင်ငံကို သမ္မတဦးသိန်းစိန် သွားရောက်နေတဲ့အချိန်မှာ လက်ရှိပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေပါတယ်ဆိုတဲ့ အရပ်သားအစိုးရ လက်ထက် တိုင်းရင်းသားဒေသတွေမှာ စစ်ဖြစ်ပွားနေတဲ့ အခြေအနေတွေ၊ နောက် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေနဲ့ လက်ပံတောင်းတောင် အရေး ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ သံဃာတော်တွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေနဲ့ ပတ်သက်ပြီးတော့ ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ အိန္ဒိယနိုင်ငံက မြန်မာ့ဒီမိုကရေစီရေး လူပ်ရှားသူတွေက ထိုင်သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေကြတာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၀ရက်နေ့ဟာ ငါးရက်တာထိုင်သပိတ်ဆင်နွှဲတာ စတုတ္တမြောက် နေ့ဖြစ်ပါတယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ်က ဦးကျော်သန်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ကျနော်တို့ ထိုင်သပိတ်ပြုလုပ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ရေရှည်အားဖြင့် ကျနော်တို့ သဘာဝရေမြေ တောတောင်တွေကို အရင်းတည်တဲ့ နိုင်ငံခြားရင်းနှီးမြုတ်နှံမှုတွေနဲ့ပတ်သက်လို့ ဒါလူထုကို အပြည့်အဝ သတိပေးရမယ်။ ဒီဟာတွေတင်မဟုတ်ဘူး။ လက်ပံတောင်းတောင် ကိစ္စတစ်ခုတည်းတင်မဟုတ်ဘူး။ ကျန်တဲ့နေရာတွေကို ကုမ္ပဏီတွေက သိမ်းပြီး လုပ်နေတဲ့ စီမံချက်တွေရော၊ နောက်တစ်ခုဗျာ ကျနော်တို့ ဘာမှရေရေရာရာ မသိရသေးဘဲ၊ လက်ပံတောင်းတောင်ကိစ္စထက်၊ မြစ်ဆုံကိစ္စထက် သိပ်စိုးရိမ်စရာ၊ သိပ်ကြောက်စရာကောင်းတဲ့ ကိစ္စ နောက်ထပ် Project လည်းရှိသေးတယ်။ ကျောက်ဖြူ ဆိပ်ကမ်းဓာတ်ငွေ့ပိုက်လိုင်း စီမံချက်ဆိုတာ ဒီလိုဟာမျိုး အများကြီး ရှိသေးတယ်။ ဒါကြောင့် ကျနော်တို့ပြောနေတာက ဒီတိုင်းပြည်ထဲမှာ နိုင်ငံခြားနဲ့ ဖက်စပ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံးကို လူကြားထဲမှာ ထင်ထင်ရှားရှား၊ ပွင့်ပွင့်လင်းလင်း ထုတ်ပြဖို့ လိုတယ်လို့ ကျနော်တို့ပြောနေတာဖြစ်တယ်။”

ဆန္ဒပြသူတွေရဲ့ အဓိကတောင်းဆိုချက်တွေကတော့ လက်ပံတောင်းတောင်အရေးမှာ သံဃာတော်တွေကို အကြမ်းဖက်နှိမ်နှင်းမှုမှာ သမ္မတဦးသိန်းစိန် ကိုယ်တိုင် တောင်းပန်သင့်တဲ့အကြောင်းနဲ့ နောက်ပြီးတော့ ဒေသခံပြည်သူတွေ နစ်နာဆုံးရုံူးမှုတွေကို အဓိကထား ထည့်သွင်းစဉ်းစားပေးသင့်တယ်ဆိုတာကို တောင်းဆိုထားတယ်လို့ ဦးကျော်သန်းက ပြောပါတယ်။

“အဓိကအားဖြင့်တော့ လက်ပံတောင်းတောင်မှာဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်လို့ အစိုးရရဲ့ ကိုင်တွယ်ပုံတွေက မတရားသလို၊ သူတို့လုပ်နေတဲ့ဟာတွေကလည်း မရိုးသားဘူးလို့ ကျနော်တို့က ပြောချင်တာပဲ။ သာမန်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြနေတဲ့ သံဃာတော်တွေ၊ နောက်အိပ်စက်အနားယူနေတဲ့အချိန်ကို ရွေးပြီးတော့ ဒီလိုမီးလောင်ဗုံးတွေနဲ့ ပစ်တယ်တို့ ဘာတို့ဆိုတာက အင်မတန် ရိုင်းစိုင်းကြမ်းတမ်းတဲ့ အပြုအမူလို့ ကျနော်တို့ကမြင်တယ်။ ဘယ်လိုလူမျိုးအပေါ်မှာပဲဖြစ်ဖြစ်၊ ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ် မလုပ်သင့်တဲ့အလုပ်လို့ ကျနော်တို့မြင်တယ်။ ဒါလူသားတရပ်လုံးအပေါ်မှာ လုပ်တဲ့ ရာဇဝတ်မှုလို့ ကျနော်တို့ဆုံးဖြတ်တယ်။ ဒါကို နိုင်ငံတကာမှာ ဖော်ထုတ်ပြနိုင်ဖို့ ကျနော်တို့ ထိုင်သပိတ်ကို လုပ်တာဖြစ်တယ်။”

အခုလိုလက်ပံတောင်းအရေးစုံစမ်းစစ်ဆေးမှုတွေကို သမ္မတအနေနဲ့ -ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးပေးနေပေမယ့် ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအပေါ်မှာ ကျေနပ်အားရမှု မရှိဘူးလို့လည်း ဦးကျော်သန်းက ဆက်ပြောပါတယ်။

“သိသိသာသာ ရှင်းရှင်းလင်းလင်းမရှိဘူး။ လူထုကျေနပ်လောက်တဲ့ အဖြေပါမလာဘူးဆိုတဲ့ သူများတွေ ဝေဖန်တဲ့ကိစ္စ အပေါ်မှာ ကျနော်ကတော့ သဘောတူတယ်။ ဒီအတိုင်းပဲ ကျနော်တို့လည်း ဒီလိုပဲ ဆုံးဖြတ်တယ်။ ဒီလိုပဲ မြင်တယ်။ တကယ် လက်တွေ့ကျတဲ့ ဖော်ထုတ်မှုတွေရှိဖို့ လိုတယ်။ အဲ့ဒီ့တော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း စစ်အာဏာရှင်တွေ၊ စစ်အုပ်စုတွေဘက်က တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ကိစ္စ ဘိုးဘွားအမွေတွေကို ချရောင်းတဲ့ကိစ္စမှာ တိုင်းသူပြည်သားတွေ သိသင့်တယ်ဆိုတဲ့ အချက်တွေ သူတို့ဖွင့်ပြဖို့လိုတယ်။ ဒေါ်စုအနေနဲ့လည်း အဲ့ဒီ့ဗိုလ်ချုပ်တွေကို တိုက်တွန်းဖို့လိုတယ်လို့ ကျနော်တို့ကတော့မြင်တယ်။”

မြန်မာနိုင်ငံတွင်းမှာ လက်ပံတောင်းတောင်အရေးလို နိုင်ငံခြားရင်းနှီးမြုတ်နှံမှု စီမံကိန်းတွေ အပါအဝင် နိုင်ငံတွင်းမှာ ဒေသခံပြည်သူတွေနဲ့ ရင်းနှီးမြုတ်နှံသူတွေကြား မကျေနပ်မှု ပဋိပက္ခတွေဖြစ်လာနိုင်တဲ့အပေါ် အာဆီယံ ထိပ်သီးခေါင်းဆောင်တွေအနေနဲ့ ထည့်သွင်းစဉ်းစားနိုင်အောင်အတွက် ဒီထိုင်သပိတ်က အဓိကရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်ပါတယ်လို့ ဦးဆောင်စီစဉ်သူ ဦးကျော်သန်းကပြောပါတယ်။

ထိုင်သပိတ်ငါးရက်တာ အဆုံးသတ်ပြီး ဒီဇင်ဘာလ ၂၁ရက်နေ့မှာတော့ အာဆီယံ- အိန္ဒိယ ထိပ်သီးအစည်းအဝေး ကျင်းပတဲ့ နေရာ အနီးနားအထိ ချီတက်ဆန္ဒပြမှုပြုလုပ်ကြမယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ အိန္ဒိယနိုင်ငံအတွင်းမှာ အာဆီယံထိပ်သီး အစည်းအဝေးကျင်းပနေတာက တကြောင်း၊ နောက်ပြီးတော့ အိန္ဒိယမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားမှာစိုးတဲ့အတွက်လည်း လုံခြုံရေးကို တင်းတင်းကျပ်ကျပ်ချထားတယ်လို့လည်း သိရပါတယ်။
XS
SM
MD
LG