သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမျှတမှု ရရှိရေး အိန္ဒိယဆန္ဒပြသူတွေ ဖြိုခွဲခံရ


နယူးဒေလီမြို့မှာ အုပ်စုလိုက် အဓမ္မပြုကျင့်သူတွေကို အမြန်ဆုံး အရေးယူပေးဖို့ တောင်းဆိုနေတဲ့ ဆန္ဒပြသူများ ဖြိုခွဲခံရစဉ်။ (ဒီဇင်ဘာလ ၂၃၊ ၂၀၁၂)
နယူးဒေလီမြို့မှာ အုပ်စုလိုက် အဓမ္မပြုကျင့်သူတွေကို အမြန်ဆုံး အရေးယူပေးဖို့ တောင်းဆိုနေတဲ့ ဆန္ဒပြသူများ ဖြိုခွဲခံရစဉ်။ (ဒီဇင်ဘာလ ၂၃၊ ၂၀၁၂)
အိန္ဒိယနိုင်ငံမှာ ၂၃ နှစ်အရွယ် ကျောင်းသူတဦးကို အုပ်စုလိုက် အဓမ္မပြုကျင့်မှုနဲ့ ရိုက်နှက်မှုတွေ အတွက် စွပ်စွဲချက်နဲ့ ဖမ်းဆီးထားသူ ၆ ယောက်ကို မြန်မြန်ဆန်ဆန် အရေးယူပေးဖို့ နယူးဒေလီ မြို့တော်မှာ တောင်းဆိုဆန္ဒပြမှုတွေ တနင်္ဂနွေနေ့က ၂ ရက်မြောက်တဲ့ အချိန်မှာတော့ ရဲတွေက မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေနဲ့ နှိမ်နင်းခဲ့ပါတယ်။ အာဏာရ ကွန်ဂရက်ပါတီရဲ့ အကြီးအကဲ Sonia Gandhi ကတော့ ဆန္ဒပြသူတွေနဲ့ တွေ့ဆုံစကားပြောဖို့ နေအိမ်ကနေ စနေနေ့ည သန်းခေါင်ကျော်မှာ ထွက်လာခဲ့သလို တနင်္ဂနွေနေ့မှာ တုန်းကလည်း တချိန်မှာ အိန္ဒိယရဲ့ဝန်ကြီးချုပ် ဖြစ်လာမယ်လို့ အများက တွက်နေကြတဲ့ သားဖြစ်သူ Rahul နဲ့ ထပ်မံ သွားရောက်ခဲ့တာပါ။

အဓမ္မပြုကျင့်မှုနဲ့ ပတ်သက်လို့ ဆန္ဒပြသူတွေ အကြီးအကျယ် စုဝေးနေကြတဲ့ နေရာဟာ ဆန္ဒပြခွင့် မရှိတဲ့နေရာ ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ သမ္မတအိမ်တော်နဲ့ လွှတ်တော် အနီးအနား တဝိုက်ဟာ ဆန္ဒပြခွင့်မရှိတဲ့ တားမြစ်နေရာတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့တာပါ။ စနေနေ့မှာ တုန်းကလည်း တရားမျှတမှု ရရှိရေး ကြွေးကြော်ပြီး နယူးဒေလီမြို့မှာ ချီတက် ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။

ရက်အတော်ကြာကြာ ဖြစ်ပွားနေတဲ့ နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးထားသူ ၆ ယောက်ကို သေဒဏ် စီရင်ဖို့ တောင်းဆိုမှုတွေလည်း ရှိခဲ့တာပါ။ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးငယ်ဟာ အရင်တပတ် တနင်္ဂနွေနေ့တုန်းက ယောကျ်ားလေး အဖော်တဦးနဲ့အတူ နယူးဒေလီ မြို့တော်မှာ ဘတ်စ်ကားစီးသွားရင်း တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံတင်ထားရဆဲ ဖြစ်ပေမဲ့ စနေနေ့မှာတော့ ရဲကို တိုင်ချက် ပေးနိုင်ခဲ့ပါတယ်။
XS
SM
MD
LG