သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ် အိန္ဒိယ လုံခြုံရေး အထူး တင်းကြပ်


အိန္ဒိယနယ်စပ်ဂိတ်ကို စောင့်ကြပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့များ။
အိန္ဒိယနယ်စပ်ဂိတ်ကို စောင့်ကြပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့များ။

အိန္ဒိယ-မြန်မာနယ်စပ် ဒေသမှာ အိန္ဒိယအစိုးရက ခွဲထွက်ရေး သူပုန်တွေ အပေါ် အထူး ထိုးစစ်ဆင်မှုတရပ် ဆင်နွှဲခဲ့ပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ နယ်စပ်ဒေသမှာ လုံခြုံရေးကို တင်းကျပ် ဆောင်ရွက်နေတယ်လို့ အိန္ဒိယ လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။ အကြမ်းဖက် လှုပ်ရှားမှုတွေကို အချိန်မရွေး ကြုံရနိုင်တဲ့အတွက် ကြိုတင် ကာကွယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရိုက်တာ သတင်းတပုဒ်ကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပါမယ်။

အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ ခွဲထွက်ရေး သူပုန်အဖွဲ့တွေကို အိန္ဒိယအစိုးရက အထူး ကွန်မန်ဒို တပ်ဖွဲ့တွေက အထူးစစ်ဆင်ရေးတရပ် ဆင်နွှဲခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ အနောက်ဘန်ဂေါ ပြည်နယ်မှာလည်း လုံခြုံရေး အထူး တင်းကျပ် ထားတယ် လို့ ဒေသဆိုင်ရာ လုံခြုံရေး အရာရှိတွေက ပြောပါတယ်။ Siliguri မြို့က မီးရထားဘူတာရုံနဲ့ အနီးတဝိုက်ဒေသတွေမှာ လုံခြုံရေးအရာရှိတွေက လိုက်လံ စောင့်ကြည့်တာ၊ ခရီးသွားတွေကို မှတ်ပုံတင်လက်မှတ် စစ်တာ၊ အနံ့ခံခွေးတွေနဲ့ ခရီးဆောင်အိပ်တွေကို အနံ့ခံစစ်ဆေးတာ အပါအဝင် လုံခြုံရေးအတွက် အထူး တင်းကျပ် ဆောင်ရွက်နေတယ်လို့ဒေသဆိုင်ရာ လုံခြုံရေးကော်မရှင် အကြီးတန်း M.D Saquib က ပြောပါတယ်။

“လုံခြုံရေးနဲ့ ပတ်သက်လာရင် ကျနော်တို့ ဘာကိုမှ အလျော့မပေးနိုင်ပါဘူး။ အထူးသဖြင့် ခရီးသွားတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်လာရင် ဒါက ကျနော်တို့အတွက် အရေးကြီးဆုံး ကိစ္စပါ။ ”

မီးရထားဘူတာရုံမှာ စောင့်ကြည့် ကင်မရာတွေ တပ်ဆင်ပြီး ဘူတာရုံတဝိုက် သံသယဖြစ်စရာ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေကြတာပါ။ သူတို့အနေနဲ့ အခုလို လုပ်ဆောင်တာဟာ အကြမ်းဖက်တိုက်ခိုက်နိုင်တဲ့ တိတိကျကျ သတင်းတခုခု ရထားလို့ မဟုတ်ဘဲ ကြိုတင်ကာကွယ်တဲ့သဘော ဖြစ်တယ်လို့ ဆိုပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်က ခွဲထွက်ရေး သူပုန်တွေအပေါ် အိန္ဒိယအစိုးရက အထူး စစ်ဆင်ရေး ဆင်နွှဲ ခဲ့ပြီးတဲ့နောက် လုံခြုံရေးကို ပိုပြီးတော့ စစ်ဆေး တင်းကျပ်ဖို့ လိုအပ်တာကြောင့် ခုလို ဆောင်ရွက်ရတာ ဖြစ်တယ်လို့လည်း M.D Saquib က ပြောပါတယ်။

“ထူးထူးခြားခြား ခြိမ်းခြောက်ခံထားရတဲ့ အခြေအနေတော့ မရှိပါဘူး။ ဒါပေမဲ့ နိုင်ငံတကာ နယ်စပ်ဒေသတွေနဲ့ ထိစပ်နေတဲ့ နေရာမှာ အချိန်မရွေး တခုခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သတိရှိနေဖို့ လိုပါတယ်။ ဒီအတွက် ကျနော်တို့ လုံခြုံရေးကို အထူးသတိထား စောင့်ကြည့်နေတာ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကပဲ အိန္ဒိယ အထူးကွန်မန်ဒို တပ်ဖွဲ့တွေဟာ အိန္ဒိယမြန်မာနယ်စပ်က နာဂ ခွဲထွက်ရေး သူပုန်တွေကို ချေမှုန်းတဲ့ အထူးစစ်ဆင်ရေး တရပ် ဆင်နွှဲခဲ့ပြီး သူပုန်အဖွဲ့ဝင် အများအပြား ကို ချေမှုန်းနိုင်ခဲ့တယ်လို့လည်း အိန္ဒိယ အရာရှိတွေက ပြောဆိုထားပါတယ်။

ဒီ စစ်ဆင်မှုတွင်း မြန်မာနယ်မြေ ပိုင်နက်ထဲအထိ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အကြောင်းနဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အိန္ဒိယအစိုးရအနေနဲ့ သည်းခံမှာမဟုတ်ဘူး ဆိုတာ ပြသခြင်း ဖြစ်တယ်လို့လည်း အိန္ဒိယ အစိုးရ အရာရှိတွေက ပြောဆိုထားတာပါ။

သူပုန်တွေကို မြန်မာ့ပိုင်နက်ထဲအထိ ဝင်ရောက် ချေမှုန်းခဲ့တယ် ဆိုတဲ့ အပေါ်မှာ မြန်မာအစိုးရ ဘက်တော့ တရားဝင် တုံ့ပြန် ပြောဆိုတာ မရှိသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပဲ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး နဲ့ မြန်မာနိုင်ငံခြားရေး ဌာနက အကြီးတန်း တာန်ဝန်ရှိသူတွေ တွေ့ဆုံခဲ့ကြပေမဲ့ အသေးစိတ် ထုတ်ပြန် ကြေညာခြင်းတော့ မရှိပါဘူး။

အိန္ဒိယ-မြန်မာနယ်စပ်မှာ အခြေစိုက် လှုပ်ရှားနေတဲ့ နာဂသူပုန်အဖွဲ့ကြီး ၂ ဖွဲ့ထဲက တဖွဲ့ဖြစ်တဲ့ NSCN – Kaplang အဖွဲ့က အိန္ဒိယစစ်တပ် စခန်းတွေကို ဇွန်လ ၄ ရက်နေ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဒါကို တုံ့ပြန်တဲ့အနေနဲ့ အိန္ဒိယစစ်တပ်က ခုလို ပြန်လည်း အထူးစစ်ဆင်ရေးတရပ် ပြုလုပ်ပြီး တိုက်ခိုက်ခဲ့တယ်လို့ အိန္ဒိယစစ်ဘက် ပြောခွင့်ရက ပြောပါတယ်။

အိန္ဒိယ အငယ်တန်း ပြန်ကြားရေးဝန်ကြီး Rajyavardhan Singh Rathore - ရတ်သောရီ) ကတော့ အိန္ဒိယနဲ့ မြန်မာအစိုးရကြား တဘက်နိုင်ငံတွင်းမှာ ရှိနေတဲ့ လက်နက်ကိုင် သူပုန်အဖွဲ့တွေကို ဝင်ရောက် တိုက်ခိုက်ခွင့် ရှိတယ်ဆိုတဲ့ အခြေခံ သဘောတူညီချက် ရယူထားတာ ရှိတယ်လို့ ပြောပါတယ်။ နယ်စပ်ဒေသ သူပုန်အဖွဲ့ ချေမှုန်းရေး ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ပဲ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု ကိစ္စတွေကို ဆွေးနွေးဖို့အတွက် အိန္ဒိယ အမျိုးသား လုံခြုံရေးအကြံပေး Ajit Doval ဟာလည်း မြန်မာနိုင်ငံကို သိပ်မကြာခင်မှာ သွားရောက်ဖို့ ရှိနေပါတယ်ရှင်။

XS
SM
MD
LG