သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဘာသာရေးပွဲတော်တွင်း လူနင်းမှုကြောင့် ၃၆ ဦးသေ


အိန္ဒိယနိုင်ငံမှာ ဘာသာရေးအားလပ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့က မီးရထားဘူတာရုံ တရုံအတွင်း လူအုပ်ကြီး တိုးဝှေ့ခဲ့ကြရာမှာ အနည်းဆုံး လူ ၃၆ ယောက် သေဆုံးသွားတဲ့အကြောင်း အိန္ဒိယတာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးသူတွေထဲက အများစုဟာ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ နိုင်ငံမြောက်ပိုင်း အလာဟာဘတ် (Allahabad) မြို့မှာ ကျင်းပတဲ့ ဘာသာရေးပွဲတော်ကနေ အိမ်ပြန်ကြမယ့် ဘုရားဖူး လူအုပ်ကြီး ဘူတာရုံကို ရောက်ရှိလာပြီးနောက် လုယက်တိုးဝှေ့ခဲ့ကြရာကနေ အခုလို ဖြစ်ပွားခဲ့တာပါ။

ဒီဘာသာရေးပွဲတော်ကို လူတွေ သန်းနဲ့ချီပြီးတော့ သွားရောက်ဆင်နွှဲခဲ့ကြပါတယ်။ ဘယ်လိုကနေစပြီးတော့ တိုးဝှေ့မှုဖြစ်ပွားခဲ့ရတယ်ဆိုတာ သေချာမသိရသေးပါဘူး။ လူတွေ ဒါဇင်ပေါင်းများစွာ ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တနင်္ဂနွေနေ့တုန်းက လူ သန်းပေါင်း ၃၀ ကျော်ဟာ အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်နဲ့ ယမုံနာမြစ် နှစ်သွယ်ပေါင်းဆုံတဲ့နေရာမှာ မြစ်ထဲကို ခုန်ဆင်းခဲ့ကြပါတယ်။ အဲ့ဒီနေ့ဟာ ဆယ့်နှစ်နှစ်မှာ တကြိမ် ကျင်းပတဲ့ Kumbh Mela ဟိန္ဒူဘာသာရေးပွဲတော်ရဲ့ အထွတ်မြတ်ဆုံးနေ့လည်းဖြစ်ပါတယ်။

အဲ့ဒီနေ့မှာ မြစ်ရေက မကောင်းမှုတွေကို သန့်ရှင်းစင်ကြယ်ပေးပြီးတော့ လွတ်မြောက်မှုကို ရစေတယ်။ အသစ်တဖန် ပြန်ပြီးတော့ မွေးဖွားလိုက်သလို ဖြစ်စေတယ်လို့ ဟိန္ဒူဘာသာဝင်တွေက ယုံကြည်ကြပါတယ်။
XS
SM
MD
LG