သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တကိုယ်တော်ချီတက်ဆန္ဒပြသူ ရန်ကုန်ရောက်ရှိ


တကိုယ်တော်ချီတက်ဆန္ဒပြနေသူ ကိုနိုင်နိုင်အောင်။ (ဓာတ်ပုံ- ကိုဗသက်အောင်)
တကိုယ်တော်ချီတက်ဆန္ဒပြနေသူ ကိုနိုင်နိုင်အောင်။ (ဓာတ်ပုံ- ကိုဗသက်အောင်)

သာယာဝတီအကျဉ်းထောင်တွင်း အထိန်းသိမ်းခံ သပိတ်မှောက်ကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအပါအဝင် ထောင်တွင်း အစာငတ်ခံဆန္ဒပြနေတဲ့ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းကို ထောက်ခံတဲ့အနေနဲ့ ပဲခူးကနေ သာယာဝတီအထိ တကိုယ်တော် လမ်းလျှောက်ဆန္ဒပြသူကို လမ်းမှာ အာဏာပိုင်တွေဘက်က တားဆီးမှုတွေရှိခဲ့ပါတယ်။ ဒီလို တားဆီးမှုတွေရှိပေမဲ့ ဖမ်းဆီးခံ ကျောင်းသားနဲ့ဝန်းရံပြည်သူတွေ ရှေ့တပတ် တရားရုံးထုတ်ချိန်အမှီ သာယာဝတီခရိုင် တရားရုံးအထိ အရောက ်ချီတက်သွားမှာဖြစ်တယ်လို့ တကိုယ်တော်ဆန္ဒပြသူ ကိုနိုင်နိုင်အောင်က ပြောပါတယ်။ အသေးစိတ် မဆုမွန်က တင်ပြပေးထားပါတယ်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးရေး မန္တလေးကနေ ရန်ကုန်အထိ ခရီးရှည်ချီတက် ဆန္ဒပြကြရင်းနဲ့ လက်ပံတန်းမြို့မှာ အကြမ်းဖက် ဖြိုခွင်းခံရလို့ သာယာဝတီထောင်တွင်း ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ဒီမိုကရေစီ ပညာရေးပင်မ သပိတ်မှောက်ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေ လွတ်မြောက်ရေးအပါအဝင် နိုင်ငံတဝှမ်းလုံးကအကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး သာယာဝတီအကျဉ်းထောင်ထဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသားခေါင်းဆောင်ကိုအောင်မှိုင်းဆန်း အစာငတ်ခံဆန္ဒပြနေပါတယ်။

ကိုအောင်မှိုင်းဆန်းရဲ့အစာငတ်ခံဆန္ဒပြမှုကို ထောက်ခံတဲ့အတွက်ရော နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနဲ့ အဖမ်းဆီးခံ ကျောင်းသားတွေကို ဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းက ကိုနိုင်နိုင်အောင်က ပဲခူးကနေ သာယာဝတီအထိ အောက်တိုဘာ ၂၃ ရက် သောကြာနေ့ကစလို့ တကိုယ်တော် လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ စနေ့မှာတော့ ဗကသ အလံတွေကို ကိုယ်မှာ ချည်နှောင်ပြီး အသံတိတ်ငြိမ်းချမ်းစွာ ဆန္ဒပြ လမ်း လျှောက်လာတဲ့ ကိုနိုင်နိုင်အောင်ကို ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့အဝင် မိုင်တိုင်၂၂ မှာ မှော်ဘီမြို့နယ် ရဲမှူးကြီးက ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ခွင့်ပြုချက်တင်ထားခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ပါတယ်။

ကိုနိုင်နိုင်အောင်။ ။ ပဲခူးကနေ သာယာဝတီသွားတဲ့ခေါင်းစဉ်နဲ့ ရည်ရွယ်ချက် (၃) ချက်ရှိတယ်။

ရဲမှူး။ ။ အေး၊ ဟုတ်ပြီ။

ကိုနိုင်နိုင်အောင်။ ။ နိုင်ငံသားတစ်ယောက်အနေနဲ့တောင်းဆိုတယ်။ (အေး၊ ဟုတ်ပြီ။) နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး။ (ဟုတ်ပြီ။) အခု ဖမ်းဆီးထားတဲ့ကျောင်းသားတွေကို ဂုဏ်ပြုတယ်။ ကိုအောင်မှိုင်းဆန်းရဲ့ အစာငတ်ခံဆန္ဒပြနေတာကို ဂုဏ်ပြုတယ်။ အဲဒီအတွက် ချီတက်လမ်းလျှောက်တယ်။

ရဲမှူး။ ။ အဲဒီတော့ ညီလေးက တကိုယ်တော်ဆန္ဒပြတယ်ဆိုတော့- တကိုယ်တော် ချီတက်တယ်၊ ဆိုတော့………….ဆီက ခွင့်ပြုချက်တွေ တင်ထားတာရှိလား။

ကိုနိုင်နိုင်အောင်။ အဲလိုဆိုရင် ရဲမှူးကြီးကို ကျနော်ပြန်မေးမယ်။ …………… ဥပဒေပြဌာန်းချက်ပေါ့နော်၊ …အစိုးရလက်ထက်မှာ ကျနော် အခုလုပ်နေတဲ့ ……..

ရဲမှူး။ ။ ကိုယ့်ညီကိုကိုယ်မေးတာက တင်ထားသလား။

ကိုနိုင်နိုင်အောင်။ ။ မတင်ထားဘူး။

ရဲမှူး။ ။ အေး၊ မတင်ထားဘူး၊ ဟုတ်ပါပြီ။

ကိုနိုင်နိုင်အောင်။ ။ မတင်ထားဘူး၊ နိုင်ငံသားဥပဒေရဲ့လုပ်ပိုင်ခွင့်အရ ကျနော်လုပ်တယ်။

ရဲမှူး။ ။ အေးပါ။ ရပါပြီ၊ ရပါပြီ။

ကိုနိုင်နိုင်အောင်။ ။ ဟုတ်ကဲ့၊ မင်္ဂလာပါ။

ဒါကတော့ မှော်ဘီမြို့နယ် ရဲမှူးကြီးနဲ့ တကိုယ်တော်ဆန္ဒပြသူ ကိုနိုင်နိုင်အောင်တို့ အပြန်အလှန်ဆွေးနွေးခဲ့ကြတာပါ။

ပဲခူးမြို့ကနေ သာယာဝတီအထိ ဘာကြောင့် ချီတက်လမ်းလျှောက် ဆန္ဒပြရပါသလဲ ဆိုတာကို တကိုယ်တော်ဆန္ဒပြသူ ကိုနိုင်နိုင်အောင်က လမ်းလျှောက်နေချိန်မှာပဲ ဗွီအိုအေရဲ့ ဆက်သွယ်မေးမြန်းချက်ကို အခုလိုဖြေပါတယ်။

“လက်ရှိအခြေအနေမှာ နောက်အစိုးရမပြောင်းမီ ရွေးကောက်ပွဲနီးနေပြီ။ နိုင်ငံရေးအကျဉ်းသားဆိုတာကို ပုဒ်မမျိုးစုံ တပ်ပြီးတော့ ဖမ်းဆီး ထားတုန်း။ ကျောင်းသားတွေ အခု ကျနော်တို့ နောင်လာမယ့်အနာဂါတ်နဲ့ ပစ္စုပ္ပန်တည့်တည့်မှာ ကောင်းစားအောင်ဆောင်ရွက်နေတဲ့ ဗကသ ကျောင်းသားတွေကိုပဲ သမိုင်းအစဉ်အဆက်မပျက်ခဲ့တဲ့ ကျောင်းသားသမိုင်းကိုဖျက်ချင်တော့၊ ကျောင်းသားတွေကို မလိုက်လျောချင်တော့ လူ့အခွင့်အရေးချိုးဖောက်၊ နိုင်ငံသားအခွင့်အရေးချိုးဖောက်ပြီးတော့ လွှတ်တော်အရပ်ရပ်မှာတင်ပြပြီးတော့ ခံဝန်ကတိတွေနဲ့ သစ္စာပြုပြီး တော့မှ အကြမ်းဖက် ဖမ်းဆီးတဲ့အချိန်အထိကို ကျနော် အဲဒါကို အရင်ရှင်းချင်တယ်။ နောက်ထပ်သုံးချက်အနေနဲ့က (၁) နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊ (၂) အချက်က အမျိုးသားပညာရေးကို စတင်သပိတ်မှောက်တဲ့အချိန်ကစပြီး အခု ကိုအောင်မှိုင်းဆန်း အပါအဝင် အဖမ်းဆီးခံကျောင်းသားတွေက အမှန်တရားအတွက် ရပ်တည်တယ်ဆိုတာကို ထောက်ခံတာ။ နံပါတ် (၃) အချက်က ဗကသ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းအပါအဝင် - ယခု ၂၃ ရက်နေ့ကစပြီးတော့ ကိုအောင်မှိုင်းဆန်းက စပြီးတော့ အစာငတ်ခံ ဆန္ဒဖော်ထုတ်တဲ့၊ သပိတ်မှောက်တဲ့အချိန်အထိကို ကျနော် ဂုဏ်ပြုတဲ့အနေနဲ့ ပြည်သူတစ်ယောက်ရဲ့ ရင်ထဲကခံစားချက်အနေနဲ့ ဒီကျောင်းသားတွေဟာ ကျနော်တို့အတွက် လုပ်နေတယ်ဆိုတာကို ရည်ရွယ်ချက်နဲ့ ကျနော် ဂုဏ်ပြုပြီးတော့ ကျနော့်ရဲ့ခြေထောက်ကိုအနာခံ၊ ကျနော့်ချွေးတွေ အစိုခံပြီးတော့ ပဲခူးကနေ သာယာဝတီအထိ ချီတက် ဂုဏ်ပြုရခြင်းဖြစ်ပါတယ်။”

လာမယ့်အောက်တိုဘာလ ၂၇ ရက်နေ့ အင်္ဂါနေ့ သာယာဝတီခရိုင် တရားရုံးကို ရုံးထုတ်စစ်ဆေးခံဖို့ သာယာဝတီအကျဉ်းထောင်တွင်းက ကျောင်းသားကျောင်းသူနဲ့ဝန်းရုံပြည်သူတွေ ရုံးထုတ်ထွက်လာချိန်အမှီ လမ်းခရီးမှာ ဘယ်လိုအနှောင့်အယှက်မျိုးနဲ့တွေ့ကြုံရပါစေ မရောက် ရောက်အောင် လမ်းလျှောက်ချီတက်သွားဖို့ရှိပါတယ်လို့လည်း ကိုနိုင်နိုင်အောင်က ပြောပါတယ်။

“၂၇ ရက်နေ့၊ ရုံးထုတ်အမီကို ကျနော့်ရဲ့နောင်တော် ရဲဘော်တွေပေါ့ဗျာ- သူတို့ကို ကျနော် ဒီလိုဂုဏ်ပြုပါတယ်ဆိုတဲ့ အထိမ်းအမှတ်အနေနဲ့ သူတို့မြင်အောင် ကျနော်ပြလို့ရမယ်။ ကျနော့်ရဲဘော်တွေတွေ့ရင် ကျနော့်ရင်ထဲက ခံစားချက်တွေကို သူတို့သိစေရမယ်ဆိုပြီးတော့ - ကျနော့် ရင်ထဲမှာ ဘာတွေရှိတယ်ဆိုတာကို သူတို့ကို အဲဒီနေ့ကျမှ ဒီအစိုးရကို ထုတ်ပြမှာ။”

ဖမ်းဆီးခံ ကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး တကိုယ်တော် ပဲခူးကနေ သာယာဝတီအထိ လမ်းလျှောက်နေချိန်အတွင်း ပဲခူးမြို့က သူ့နေအိမ်ကို အာဏာပိုင်တွေဘက်က ဖိအားပေးမေးမြန်းစုံစမ်းမှုတွေရှိသလို သူ့ကို လမ်းတလျှောက် ရဲအာဏာပိုင်တွေဘက်က စစ်ဆေးမေးမြန်းမှုကို ခံခဲ့ရပေမဲ့ သူ ဘာကြောင့် အခုလိုလမ်းလျှောက် ချီတက်နေရပါသလဲ ဆိုတာကို ဒေသခံ ပြည်သူတွေဘက်က စိတ်ဝင်တစား မေးမြန်းမှုတွေရှိလို့ ရှင်းပြခဲ့တယ်လို့လည်း တကိုယ်တော်ဆန္ဒပြသူက ပြောပါတယ်။

အခုလို ကိုနိုင်နိုင်အောင် လမ်းလျှောက်ချီတက်နေသလိုပဲ နိုင်ငံရေးအကျဉ်းသားများ လွှတ်မြောက်ရေး သာယာဝတီ ထောင်တွင်း အစာငတ်ခံ တောင်းဆို ဆန္ဒပြနေတဲ့ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းကို ထောက်ခံတဲ့အနေနဲ့ လည်း အောက်တိုဘာလ ၂၃ ရက်နေ့က မန္တလေးတိုင်းအတွင်းမှာ မန္တလေးကျုံးအနီး၊ မန္တလေးတက္ကသိုလ်နဲ့ ဈေးချိုတွေမှာ နိုင်ငံရေးအကျဉ်းသားများအားလုံး ချက်ချင်းလွှတ် စာသား ပါသော အင်္ကျီဖြူတွေ ဝတ်ဆင်ပြီး ဗကသ ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

XS
SM
MD
LG