သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခ မြန်မာကိုင်တွယ်ပုံ အင်ဒိုနီးရှား သဘောပေါက်


အင်ဒိုနီးရှားသမ္မတနဲ့ မြန်မာသမ္မတ တွေ့ဆုံစဉ်
အင်ဒိုနီးရှားသမ္မတနဲ့ မြန်မာသမ္မတ တွေ့ဆုံစဉ်
မြန်မာနိုင်ငံရဲ့ ပဋိပက္ခတချို့နဲ့ ပတ်သက်လို့ နိုင်ငံတကာက အထင်လွဲမှားမှုကို အင်ဒိုနီးရှား သမ္မတက ရှင်းပြခဲ့တယ်လို့ မြန်မာအစိုးရက ပြောပါတယ်။
မြန်မာနိုင်ငံကို ၂ ရက်ကြာ တရားဝင် လာရောက် လည်ပတ်ခဲ့တဲ့ အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) က မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နားလည်မှု လွဲမှားနေတဲ့ အချက်တွေကို မကြာခင်က ကျင်းပခဲ့တဲ့ OIC အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ နိုင်ငံများအဖွဲ့ အစည်းအဝေးအတွင်း ရှင်းလင်း ပြောကြားခဲ့တယ်လို့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။ အင်ဒိုနီးရှားသမ္မတဟာ သူ မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးမြှင့်ရေး အပါအဝင် နားလည်မှု စာချွန်လွှာတွေကိုလည်း လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) ဦးဆောင်တဲ့ အင်ဒိုနီးရှား ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို အင်္ဂါနေ့က ရောက်ရှိလာခဲ့ပြီး ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြန်လည် ထွက်ခွာသွားတာပါ။ သမ္မတ ယူဒိုယိုနိုရဲ့ ဒီခရီးစဉ်ဟာ အဓိကအားဖြင့်တော့ ဒေသတွင်း နှစ်နိုင်ငံအကြား စီးပွားရေး တိုးမြှင့် လုပ်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့အတွက် ရောက်လာတာလို့ ပြောလို့ရနိုင်ပေမဲ့ မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး ဆန်တဲ့ ပဋိပက္ခတွေကိုလည်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

မကြာခင်က ပြုလုပ်ခဲ့တဲ့ OIC အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ နိုင်ငံများအဖွဲ့ အစည်းအဝေးအတွင်း မြန်မာနိုင်ငံနဲ့ပတ်သက်လို့ နားလည်မှု လွဲမှားနေတဲ့ နိုင်ငံတွေကို သမ္မတ ယူဒိုယိုနို က ရှင်းလင်း ပြောကြားခဲ့တယ်လို့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ် ပြန်လည် ပြောကြားခဲ့တဲ့အကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးတဦးလည်းဖြစ်၊ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးရဲထွဋ် က ဗွီအိုအေကို ပြောပါတယ်။

“အဓိကအားဖြင့်တော့ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ အစိုးရရဲ့ ဖြေရှင်းဆောင်ရွက်နေတဲ့ဟာတွေကို သူတို့ နားလည်တယ်။ သူ မကြာခင်က OIC အစည်းအဝေး တက်တဲ့အခါမှာလည်း မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီးတော့ နားလည်မှု လွဲမှားနေတဲ့ နိုင်ငံတွေကိုလည်း မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ရှင်းပြခဲ့တယ်ဆိုပြီးတော့ ကျနော်တို့ကို ပြောပါတယ်။”

ကမ္ဘာမှာ အစ္စလာမ်ဘာသာ ကိုးကွယ်သူ အများဆုံး နိုင်ငံလည်းဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ စစ်အာဏာရှင် စနစ်အောက်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းစဉ် ကာလတုန်းကလည်း လက်ရှိ မြန်မာနိုင်ငံ ကြုံတွေ့နေရတဲ့ ပဋိပက္ခတွေနည်းတူ မတူညီတဲ့ အဖွဲ့အစည်း၊ အုပ်စုတွေအကြား နားလည်မှု လွဲမှားတာတွေ ရှိခဲ့တဲ့အတွက် အဲ့ဒီ အတွေ့အကြုံတွေ မြန်မာနိုင်ငံကို မျှဝေလိုတဲ့အကြောင်းလည်း အင်ဒိုနီးရှား သမ္မတက ပြောခဲ့တယ်လို့ ဆိုပါတယ်။

“နောက်ပြီးတော့ သူတို့ အင်ဒိုနီးရှားနိုင်ငံမှာလည်း ဒီလိုပဲ ကျနော်တို့ မတူညီတဲ့အုပ်စုတွေကြားမှာ ပြဿနာတွေဖြစ်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေကိုလည်း ကျနော်တို့နဲ့ မျှဝေပေးနိုင်ပါတယ် ဆိုပြီးတော့ ပြောပါတယ်ခင်ဗျ။ သူတို့နိုင်ငံအနေနဲ့လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လုပ်တဲ့အချိန်တုန်းက ဒီလိုမျိုး မတူညီတဲ့ အုပ်စုတွေကြားထဲမှာ ပဋိပက္ခဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေရှိတယ်။ အဲ့ဒါတွေကိုလည်း သူတို့ ဒီလိုပဲ ဖြေရှင်းခဲ့ရတာတွေ ရှိပါတယ်။ အဲ့ဒီအတွေ့အကြုံတွေကိုတော့ ကျနော်တို့ကို မျှဝေပေးနိုင်ပါတယ်ဆိုပြီး ပြောတာရှိပါတယ်။”

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဘာသာရေးဆိုင်ရာ အဓိကရုဏ်းတွေက ဒေသတွင်း နိုင်ငံတွေကိုပါ ဂယက်ရိုက်လာနိုင်တယ်လို့ သူ့အနေနဲ့ ယူဆတာကြောင့် သူ မြန်မာနိုင်ငံကို ရောက်တဲ့အခါ ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းဖို့ မြန်မာအစိုးရ အာဏာပိုင်တွေကို တိုက်တွန်းသွားမယ်လို့ စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ အစည်းအဝေးတခုအတွင်း သမ္မတ ယူဒိုယိုနိုက ပြောကြားခဲ့ပေမဲ့လည်း မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းနဲ့ တွေ့တဲ့အခါမှာတော့ အဲ့ဒီလို ပြောဆိုခဲ့တယ်ဆိုတာမျိုး မကြားသိရပါဘူး။

မြန်မာအစိုးရဘက်ကတော့ လက်ရှိ လုပ်ဆောင်နေတဲ့ နိုင်ငံရေး စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ၊ နောက် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနောက်ပိုင်း အစိုးရက လုပ်ဆောင်နေတဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအကြောင်း အင်ဒိုနီးရှားသမ္မတကို ပြန်လည် ရှင်းပြခဲ့တယ်လို့ ဦးရဲထွဋ် က ဆက်ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ ပထမ မြန်မာနိုင်ငံမှာလုပ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပြုပြင်ပြောင်းလဲမှု အခြေအနေတွေ ကျနော်တို့ ရှင်းပြပါတယ်။ နောက်တခါ နှစ်နိုင်ငံကြားမှာ သူတို့ ဆက်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်သွားနိုင်တဲ့ စီးပွားရေး အလားအလာကိစ္စတွေ ကျနော်တို့ ပြောပါတယ်ခင်ဗျ။ ကျနော်တို့ နိုင်ငံမှာ ဒါတွေဟာ မတူကွဲပြားတဲ့ ဘာသာတွေဟာ အရင်ကတည်းက အတူတူ နေထိုင်ခဲ့ကြပါတယ်။ အခုအချိန်မှာတော့ ဘာမဟုတ်တဲ့ ရာဇဝတ်မှုကြောင့် ဒီလိုဖြစ်ပေမဲ့လည်း ဒီလို ယှဉ်တွဲပြီးတော့ အတူနေထိုင်တယ်။ မြန်မာနိုင်ငံမှာလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်တွေကို ပေးထားပြီးဖြစ်တယ်။ ရခိုင်ပြည်နယ်မှာလည်း ကူညီပေးရေး ကိစ္စတွေအားလုံးကို မိုးမကျမှီမှာ ကျနော်တို့ အမိုးအကာတွေ ရောက်ရေးကိစ္စ အားလုံးကို လုပ်နေတယ်ဆိုတာ ပြန်ပြီးတော့ ရှင်းပြပါတယ်။”

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေနောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အထူး သံတမန် ခန့်အပ်ပြီး ကူညီ ထောက်ပံ့မှုတွေလည်း ပို့ပေးနေတာမှာ နောက်ထပ် အကူအညီတွေ ဆက်ပေးသွားဖို့အတွက်လည်း အင်ဒိုနီးရှား သမ္မတက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ နောက်ဆုံး ပဋိပက္ခတွေ အပါအဝင် မြန်မာနိုင်ငံအတွင်း မကြာခင်ကာလတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေကို OIC အနေနဲ့ ကိုယ်စားလှယ်လွှတ် စုံစမ်းလိုတဲ့အကြောင်း မြန်မာအစိုးရကို တောင်းဆိုခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း ဦးရဲထွဋ်က -

“ဒါ ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စ ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံက စနစ်တကျ ကိုင်တွယ်ဖြေရှင်းနေပါတယ်။ ဘယ်နိုင်ငံတကာ အဖွဲ့အစည်းကမှ လာပြီး စုံစမ်း စစ်ဆေးတာတို့၊ ဝင်ရောက်ဖြေရှင်းပေးတာတို့ လုပ်စရာအကြောင်း မရှိပါဘူး။ ကျနော်တို့ရဲ့ အချုပ်အခြာ အာဏာပိုင် အခွင့်အရေး ဖြစ်ပါတယ်။”

သမ္မတ ယူဒိုယိုနို မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး၊ လူ့စွမ်းရည် မြှင့်တင်ရေး၊ ဆန်ကုန်သွယ်မှုစတဲ့ နားလည်မှု စာချွန်လွှာတွေကို လက်မှတ်ရေးထိုးခဲ့တဲ့အပြင် ရင်းနှီးမြုပ်နှံမှုနဲ့ စွမ်းအင်ကဏ္ဍတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံတို့ဟာ နိုင်ငံရေးသမိုင်းကြောင်းအရရော၊ မတူကွဲပြားတဲ့ လူမျိုးစု ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့ နေရာမှာရော တူညီမှုရှိတယ်လို့ သုံးသပ်သူ ပညာရှင်တွေက ယူဆထားကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG