သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒို စစ်သွေးကြွ ၄ ဦး ထပ်မံသေဆုံး


အင်ဒိုနီးရှား နိုင်ငံ မြန်မာသံရုံးရှေ့ အင်ဒိုလုံခြုံရေးတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားစဉ်။
အင်ဒိုနီးရှား နိုင်ငံ မြန်မာသံရုံးရှေ့ အင်ဒိုလုံခြုံရေးတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားစဉ်။
အင်ဒိုနီးရှားနိုင်ငံမှာ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြိုးပမ်းသူတွေလို့ သံသယရှိသူတွေ အပါအဝင် အစွန်းရောက်သူတွေကို နောက်ထပ် လိုက်လံ ဖမ်းဆီးရင်း လုံခြုံရေးအာဏာပိုင်တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားရာက ၂ ရက်အတွင်း စစ်သွေးကြွ ၇ ယောက်အထိ သေဆုံးခဲ့ပါတယ်။ မကြာသေးခင်တုန်းက မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေမှာ မူဆလင်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တယ်ဆိုပြီး မကျေနပ်ကြတဲ့ အစွန်းရောက်သူတွေရဲ့ လှုံ့ဆော်မှုတွေကြောင့် လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ထွက်ပေါ် နေချိန်မှာပဲ စစ်သွေးကြွတွေကို အင်ဒိုနီးရှား အာဏာပိုင်တွေက လိုက်လံ နှိမ်နင်းနေတာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကတင်ပြပေးထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားခရိုင် အလယ်ပိုင်းမှာ နောက်ဆုံးဖြစ်ခဲ့တဲ့ စီးနင်းမှု အတွင်းမှာတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့တွေရဲ့လက်ချက်နဲ့ စစ်သွေးကြွတွေလို့ သံသယရှိသူ ၄ ယောက် ထပ်မံသေဆုံးခဲ့တာ ဖြစ်ပါတယ်။ Kebume မြို့က သံသယရှိသူတွေ ပုန်းအောင်းနေရာ နေအိမ်တလုံးကို လုံခြုံရေး အာဏာပိုင်တွေက ဝိုင်းထားပြီး ညလုံးပေါက် ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် လူ ၂ ယောက်ကိုလည်း အရှင်ဖမ်းမိခဲ့တာပါ။ ၁၃ နာရီကြာ စီးနင်းမှုအတွင်း အင်ဒိုနီးရှား အထူးတပ်ဖွဲ့တွေက လက်နက်ချ အဖမ်းခံဖို့ စည်းရုံးသိမ်းသွင်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

အခုနောက်ဆုံး စီးနင်းမှုအတွင်း သေဆုံးသူ၊ ဖမ်းဆီးမိသူတွေနဲ့ ဆိုရင်တော့ ၄ ရက် ဆက်တိုက် လုံခြုံရေး အာဏာပိုင်တွေရဲ့ စီးနင်းမှုတွေအတွင်း စစ်သွေးကြွအဖြစ် သံသယရှိသူ ၇ ယောက် သေဆုံးပြီး၊ ၁၃ ယောက်ကို အရှင်ဖမ်းမိခဲ့တဲ့ အကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူ ရဲမှူးချုပ် Boy Rafi Amar က ဒီကနေ့ ဂျကာတာမြို့တော်က သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောဆိုခဲ့တာပါ။

“မနေ့တုန်းက ဝင်ရောက် စီးနင်းမှုတွေ အတွင်းမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အကြမ်းဖက် သမားတွေလို့ သံသယရှိသူတွေကြား အပြန်အလှန် ပစ်ခတ်တာတွေ ရှိခဲ့တဲ့အတွက် အသေအပျောက်တွေလည်း ရှိပါတယ်။ နောက်ဆုံး အသေအပျောက်တွေ ကြုံခဲ့ရတာကတော့ Ucup လို့လည်း သိကြတဲ့ Bayu မှာဖြစ်ပါတယ်။ စုစုပေါင်း လူ ၁၃ ယောက်ကို အရှင်ဖမ်းမိပြီး၊ ၇ ယောက်ကိုတော့ အသေမိခဲ့ပါတယ်။”

နောက်ဆုံး အဖြစ်အပျက်အတွင်း သေဆုံးသွားသူတွေဟာ လက်နက် ချဖို့ ငြင်းဆန်ပြီး လုံခြုံရေး တပ်ဖွဲ့တွေကို လက်လုပ်ဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ရာက အပြန်အလှန် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တာလို့လည်း သူကပြောပါတယ်။

မနေ့တုန်းကလည်း ဂျာဗားခရိုင်ထဲက Cigondewah ကျေးရွာမှာ သံသယရှိသူတွေ ပုန်းအောင်းနေတဲ့ နေအိမ်တလုံးကို အင်ဒိုနီးရှား အထူး တပ်ဖွဲ့ဝင်တွေ နာရီအတော်ကြာ ဝိုင်းဝန်းထားပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာက စစ်သွေးကြွ ၃ ဦး သေဆုံးခဲ့ပြီး နောက်တဦးကို ဖမ်းဆီးခဲ့ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောပါတယ်။

သံသယရှိသူတွေ ၄ လကြာ ငှားရမ်းနေထိုင်နေခဲ့တဲ့ အိမ်ထဲ မှာတော့ နောက်ပိုင်း မှာ လက်လုပ်ဗုံး တချို့အပါအဝင် လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောခဲ့ကြတာပါ။ ၇ နာရီကျော်ကြာ စီးနင်းမှုအတွင်း သေဆုံးသူတွေနဲ့ ဖမ်းဆီးမိသူတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဂျကာတာမြို့တော်က မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ဆက်နွယ်သူတွေလို့ ယူဆထားတဲ့အတွက် ဆက်လက်စုံစမ်း စစ်ဆေးနေတယ် လို့လည်း အင်ဒိုနီးရှား ထောက်လှမ်းရေးဌာနရဲ့ အကြီးအကဲ Marciano Norman ကပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“မြန်မာသံရုံးကို တိုက်ခိုက်မယ့် အစီအစဉ်မှာ ဒီအုပ်စု ပတ်သက်နေတယ်လို့ ကျနော်တို့ သံသယ ရှိပါတယ်။ အခြေအနေကိုတော့ ဆက်လက် စောင့်ကြည့်နေ ပြီး၊ ရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာကိုတော့ စောင့်နေတုန်းပါ။”

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်သူတွေအဖြစ် သံသယရှိသူ ၂ ယောက်ကိုတော့ ဂျာကာတာ မြို့တာ်မှာ မော်တော်ဆိုင်ကယ် တစင်းနဲ့ သွားနေတုန်း အင်ဒိုနီးရှား လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးမိခဲ့တာပါ။

သူတို့ ၂ ဦးထံက လက်လုပ်ဗုံးတွေ အပါအဝင် ဖောက်ခွဲရေး ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပြီးတဲ့နောက် နောက်ဆက်တွဲ သံသယရှိသူတွေကို အာဏာပိုင်တွေက လိုက်လံရှာဖွေ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။ မနေ့တုန်းက လည်း ဂျာဗားခရိုင် အလယ်ပိုင်းက Batang မြို့မှာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ နောက်ထပ် စီးနင်းတိုက်ခိုက်မှုတခုအတွင်း စစ်သွေးကြွအဖြစ် သံသယရှိသူ တဦးကို အသေမိပြီး၊ နောက်တဦးကိုလည်း အရှင် ဖမ်းဆီးရမိခဲ့တာပါ။

သူတို့ ၂ ဦးကိုတော့ မတ်လထဲမှာတုန်းက ဂျကာတာမြို့မှာရှိတဲ့ ရတနာဆိုင် တခုကို ဓားပြတိုက် လုယက်မှုတခုနဲ့ ဆက်နွယ်နေတယ်လို့လည်း ရဲတပ်ဖွဲ့က ယူဆထားတာပါ။ ကမ္ဘာပေါ်မှာ အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေ အများဆုံး ရှိရာ အင်ဒိုနီးရှား နိုင်ငံမှာ အကြမ်းဖက်အုပ်စုတွေဟာ အသစ်အသစ် ထပ်မံပေါ်ပေါက်နေပြီး၊ မကြာသေးခင် ကာလတွေအတွင်း မျက်နှာသစ်တွေကို ပိုပြီးတွေ့ လာနေရတယ်လို့လည်း ရဲတပ်ဖွဲ့ ပြောခွင့်ရသူက သတင်းထောက်တွေကို ပြောခဲ့တာပါ။

“အကြမ်းဖက်သမားတွေ ဖြစ်ကြတဲ့ ဒီလူတွေဟာ ဘဏ်တွေကို ဓားပြတိုက်တဲ့ လုပ်ရပ်မျိုးတွေနဲ့ အကြမ်းဖက် လုပ်ရပ်တွေအတွက် ငွေရှာနေကြတာပါ။ ဒါကိုကြည့်မယ် ဆိုရင် သူတို့ဟာ ငွေကြေးအလုံအလောက် ရပြီဆိုတာနဲ့ အကြမ်းဖက် လုပ်ရပ်တွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ လက္ခဏာတခု ဆိုတာ တွေ့နိုင်ပါတယ်။”

မြန်မာသံရုံးကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်မှု သတင်းထွက်ပေါ် လာပြီးနောက်မှာတော့ လုံခြုံရေး အခြေအနေတွေကို စိုးရိမ်တာှုကြောင့် အင်ဒိုနီးရှား နိုင်ငံမှာ ဖျော်ဖြေဖို့စီစဉ်ထားတဲ့ နာမည်ကျော် AeroSmith အဖွဲ့ရဲ့ စင်တင် ဂီတပွဲကိုလည်း ဖျက်လိုက်တဲ့အကြောင်း ဒီသီတင်းပတ် ထဲမှာပဲ ကြေညာခဲ့တာပါ။ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ပြောခွင့်ရသူကတော့ ဒီသီတင်းပတ်ထဲ ဖမ်းဆီးမိသူတွေဟာ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ဆက်နွယ်မှု ရှိမရှိဆိုတာ အတိအကျ သိရဖို့ အတွက်ကိုတော့ ဆက်လက် စုံစမ်းနေတုန်းပဲလို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူအများအပြား ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့ မကြာသေးခင် တုန်းက ပဋိပက္ခတွေအတွင်း မူဆလင်တွေကို ပစ်မှတ်ထား ခံခဲ့ရတယ် ဆိုပြီး လက်တုန့်ပြန် တိုက်ခိုက်ဖို့ အင်ဒိုနီးရှား မူဆလင် အစွန်းရောက်တွေကြား လှုံ့ဆော်မှုတွေလည်း ထွက်ပေါ်နေခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ထဲမှာ တုန်းကတော့ Hizbut Tahrir ရဲ့ အင်ဒိုနီးရှားအဖွဲ့ခွဲက အစွန်းရောက် အဖွဲ့ဝင်တွေ မြန်မာ အစိုးရရဲ့ အကျိုးစီးပွားတွေကို ပစ်မှတ်ထားပြီး ဂျေဟတ် ဘာသာရေးစစ်ပွဲ ဆင်နွှဲဖို့ လှုံ့ဆော်တဲ့ စာတစောင်ကို ဂျကာတာမြို့က မြန်မာသံရုံးမှာ ကပ်ထားခဲ့ဘူးပါတယ်။

ဒီလိုပဲ အကြမ်းဖက် အဖွဲ့တွေကို ဘဏ္ဍာရေးအရ ပံ့ပိုးမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ အမှုနဲ့ အခုအခါ ထောင်ဒဏ် ၁၅ နှစ် ကျခံနေရတဲ့ Abu Bakar Bashir ကလည်း မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်တွေကို ထိခိုက်နစ်နာအောင် ဆက်လုပ်နေမယ်ဆိုရင် ဘာသာရေးစစ်ပွဲ ဆင်နွှဲသွားမယ်လို့ ခြိမ်းခြောက်တဲ့ စာတစောင်ကို မနှစ်တုန်းက ထောင်ထဲကနေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG