သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားရဲနဲ့ ပစ်ခတ်မှုအတွင်း သံရုံးတိုက်ခိုက်ဖို့ ကြံစည်သူအဖြစ် သံသယရှိသူ ၃ ဦးသေဆုံး


အင်ဒိုနီးရှားရဲတွေနဲ့ သံရုံးဗုံးခွဲဖို့ ကြံစည်သူတွေအဖြစ် သံသယရှိသူတွေကြား ပစ်ခတ်မှုဖြစ်
အင်ဒိုနီးရှားရဲတွေနဲ့ သံရုံးဗုံးခွဲဖို့ ကြံစည်သူတွေအဖြစ် သံသယရှိသူတွေကြား ပစ်ခတ်မှုဖြစ်
အင်ဒိုနီးရှားနိုင်ငံမှာ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြိုးပမ်းသူတွေလို့ သံသယရှိသူတွေကို နောက်ထပ် လိုက်လံဖမ်းဆီးရင်း လုံခြုံရေး အာဏာပိုင်တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားရာက စစ်သွေးကြွ ၃ ယောက် သေဆုံးသွားပြီး အနည်းဆုံး တဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။

ဂျာဗားခရိုင်အနောက်ဖက် Cigondewah ကျေးရွာမှာ သံသယရှိသူတွေ ပုန်းအောင်းနေတဲ့ နေအိမ်တလုံးကို အင်ဒိုနီးရှား အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ဝင်တွေ နာရီအတော်ကြာ ဝိုင်းဝန်းထားပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာက သေဆုံးခဲ့တာလို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ရဲ့ အကြီးအကဲ တီမူရာ ပရာဒိုပို (Timur Pradopo) က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ ၄ လကြာ ငှားရမ်းထားတဲ့ အိမ်ထဲမှာရှိနေကြတဲ့ လက်နက်ကိုင် စစ်သွေးကြွတွေဖက်က ခုခံမှုတွေ ရှိခဲ့ရာက လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အစောပိုင်းမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ကြောင်းလည်း အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောပါတယ်။

အင်ဒိုနီးရှား ဒေသခံသတင်းတွေမှာတော့ လုံခြုံရေး အာဏာပိုင်တွေ ဝိုင်းထားတဲ့ နေအိမ်ကနေ ထွက်ပြေးဖို့ ကြိုးပမ်းကြတဲ့ စစ်သွေးကြွတွေကို လိုက်လံဖမ်းဆီးရင်း ပစ်ခတ်ရာက သေဆုံးခဲ့တာလို့လည်း ဖော်ပြနေကြတာပါ။ အနည်းဆုံး နောက်ထပ်လူတဦးကို အရှင်ဖမ်းမိခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်သူတွေအဖြစ် သံသယရှိသူ ၂ ယောက်ကို အင်ဒိုနီးရှား လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဂျာကာတာမြို့တော်မှာ မော်တော်ဆိုင်ကယ် တစင်းနဲ့ သွားနေတုန်း ဖမ်းဆီးမိခဲ့တာပါ။ သူတို့ ၂ ဦးထံက လက်လုပ်ဗုံးတွေ အပါအဝင် ဖောက်ခွဲရေး ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပြီးတဲ့နောက် နောက်ဆက်တွဲ သံသယရှိသူတွေကို အာဏာပိုင်တွေက လိုက်လံရှာဖွေ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အင်ဒိုနီးရှား နိုင်ငံမှာ ဖျော်ဖြေဖို့စီစဉ်ထားတဲ့ နာမည်ကျော် AeroSmith အဖွဲ့ရဲ့ စင်တင်ဂီတပွဲကိုလည်း ဖျက်လိုက်တဲ့အကြောင်း ဒီသီတင်းပတ်ထဲမှာပဲ ကြေညာခဲ့တာပါ။

မြန်မာနိုင်ငံမှာ လူအများအပြား ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့ မကြာသေးခင်တုန်းက ပဋိပက္ခတွေအတွင်း မူဆလင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတာကို လက်တုန့်ပြန်ဖို့ ရည်ရွယ်ပြီး အစွန်းရောက်သူတွေက တိုက်ခိုက်ဖို့ စီစဉ်ခဲ့တာလို့လည်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့ကပြောပါတယ်။ မကြာသေးခင်နှစ်တွေကစလို့ မြန်မာနိုင်ငံက ပဋိပက္ခတွေအပေါ် မကျေနပ်သူ အင်ဒိုနီးရှား မူဆလင်အစွန်းရောက်တွေက မြန်မာအစိုးရရဲ့ အကျိုးစီးပွားတွေကို ပစ်မှတ်ထားပြီး ဂျေဟတ် ဘာသာရေးစစ်ပွဲ ဆင်နွှဲဖို့ လှုံ့ဆော်တိုက်တွန်းမှုတွေလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

အခုနောက်ဆုံး သေဆုံးသွားသူတွေနဲ့ ဖမ်းဆီးမိသူတွေဟာ သံရုံးကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ဆက်နွယ်မှု ရှိမရှိ စစ်ဆေးသွားမှာ ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
XS
SM
MD
LG