သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်ပဋိပက္ခ မြန်မာကိုင်တွယ်ပုံ အင်ဒိုကျေနပ်


အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာရှိတဲ့ မြန်မာသံရုံးရှေ့ကနေ အင်ဒိုနီးရှားရဲအရာရှိတွေ ဖြတ်လျှောက်သွားစဉ် (၃ မေ ၂၀၁၃)
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာရှိတဲ့ မြန်မာသံရုံးရှေ့ကနေ အင်ဒိုနီးရှားရဲအရာရှိတွေ ဖြတ်လျှောက်သွားစဉ် (၃ မေ ၂၀၁၃)
အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြိုးစားခဲ့တာနဲ့ သဘောထား တင်းမာတဲ့ မူဆလင်တွေက သံရုံးရှေ့မှာ ဆန္ဒလာပြတာတွေ ကြုံခဲ့ရပြီးတဲ့နောက် မြန်မာသံရုံးရဲ့ လုံခြုံရေး အခြေအနေဟာ တည်ငြိမ်နေပြီလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ပဋိပက္ခတွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရရဲ့ ကိုင်တွယ်လုပ်ဆောင်ပုံတွေကို အင်ဒိုနီးရှားအစိုးရက ထောက်ခံပါတယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ရန်ကုန်ရုံးကနေ ကိုကျော်ကျော်သိန်း က သတင်းပေးပို့ခဲ့ပါတယ်။

ဂျကာတာမြို့တော်မှာရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ ဆင်ထားတဲ့ ပိုက်ဗုံး ၅ လုံးနဲ့အတူ သံသယရှိသူ ၂ ဦးကို ကြာသပတေးနေ့ နှောင်းပိုင်းမှာ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးတဲ့ နောက်တစ်ရက်မှာပဲ သဘောထား တင်းမာတဲ့ ရာပေါင်းများစွာသော အင်ဒိုနီးရှားနိုင်ငံသား မူဆလင်တွေက သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာပါ။

သံသယဖြစ်ခံရသူ ၂ ဦးဟာ မြန်မာအစိုးရက ရိုဟင်ဂျာမူဆလင်တွေအပေါ် ပြုမူဆက်ဆံပုံနဲ့ ပတ်သက်ပြီး လက်စားချေဖို့ ရည်ရွယ်ချက်နဲ့ သံရုံးကို ဗုံးခွဲဖို့ ကြံစည်ခဲ့တာ ဖြစ်တယ်လို့ အင်ဒိုနီးရှားကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

သံရုံးရှေ့မှာ ဆန္ဒပြခဲ့သူတွေဟာလည်း အလားတူ မကျေနပ်ချက်နဲ့ဘဲ သူတို့ရဲ့ သဘောထားတွေကို အေးအေးချမ်းချမ်း ထုတ်ဖော်ခဲ့ကြပြီး သူတို့ရဲ့ တောင်းဆိုချက်ကို မြန်မာသံရုံး တာဝန်ရှိသူတွေက လက်ခံပြီးတဲ့နောက် ဆန္ဒပြပွဲ အဆုံးသတ်ခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ-ပစိဖိတ်ရေးရာ လက်ထောက် ညွှန်ကြားရေးမှူး ဂူဒါဒီ ဆာဆွန်းဂ်ကိုး (Gudadi Sasongko) က ဗွီအိုအေကို ပြောပါတယ်။

"အခြေအနေ တည်ငြိမ်နေပါပြီ။ ဆန္ဒပြပွဲဟာ အခြေခံအားဖြင့် တကယ့်ကို အေးချမ်းပါတယ်။ ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြသူတွေက သူတို့ရဲ့ သဘောထားတွေကို ထုတ်ဖော်ခဲ့ကြပါတယ်။ သံရုံးကိုယ်စားလှယ်တစ်ဦးနဲ့လည်း သူတို့ တွေ့ဆုံခဲ့ပါတယ်။ အမြင်တွေကို ဖလှယ်ခဲ့ကြပြီး ဆန္ဒပြသူတွေက သဘောထား ပြောခဲ့ကြတာကို သံရုံးတာဝန်ရှိသူက လက်ခံခဲ့ပါတယ်။ အဲ့ဒီနောက် ဆန္ဒပြသူတွေ ပြန်သွားကြပါတယ်။ ဘယ်လို ရုန်းရင်းဆန်ခတ် အခြေအနေမှ မရှိခဲ့ပါဘူး။" လို့ မစ္စတာ ဆာဆွန်းဂ်ကိုး (Sasongko) က ပြောပါတယ်။

ဆန္ဒပြသူတွေနဲ့ပတ်သက်တဲ့ အင်ဒိုနီးရှားအစိုးရရဲ့ သဘောထားက အင်ဒိုနီးရှား ဥပဒေအရ လူတိုင်းဟာ သူတို့ရဲ့ သဘောထားတွေကို ငြိမ်းချမ်းစွာ ထုတ်ဖော်ခွင့် ရှိပြီးတော့ သံရုံးမှာ ဆန္ဒပြခဲ့တာဟာ ဥပဒေအတိုင်းပဲ ဖြစ်ပါတယ်လို့ သူကဆိုပါတယ်။

တခါ မြန်မာနိုင်ငံက ပဋိပက္ခတွေကို မြန်မာအစိုးရက ကိုင်တွယ်ဖြေရှင်းပုံနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရရဲ့ သဘောထားကတော့ အင်ဒိုနီးရှား နိုင်ငံအနေနဲ့လည်း ကူညီ လုပ်ဆောင်ပေးနိုင်တယ် ဆိုတာပါပဲလို့ မစ္စတာ ဆာဆွန်းဂ်ကိုး (Sasongko) က ပြောပါတယ်။

"အခြေအနေကို ထိန်းသိမ်းဖို့ မြန်မာအစိုးရ လုပ်ဆောင်နေတာကို ကျနော်တို့ ထောက်ခံပါတယ်။ မြန်မာနိုင်ငံက လူမျိုးစု အားလုံးအကြား အမျိုးသား ပြန်လည်သင့်မြတ်ရေး တည်ဆောက်နိုင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ မြန်မာအစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အင်ဒိုနီးရှားနိုင်ငံက ထောက်ခံပါတယ်" လို့ မစ္စတာ ဆာဆွန်းဂ်ကိုး (Sasongko) က ပြောပါတယ်။

ဆန္ဒပြပွဲမတိုင်ခင်တစ်ရက် ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဗုံးသယ်လာသူ ၂ ဦးကို အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးဆိုင်ရာ အင်ဒိုနီးရှား အထူးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးတဲ့နောက် ထွက်ပြေး လွတ်မြောက်သွားသူ ၁ ဦးရဲ့ မိသားစုဝင် ၅ ဦးကိုလည်း ဆက်ဖမ်းဆီးခဲ့ပါတယ်။

ဒါပေမဲ့လည်း အကြမ်းဖက်မှု နှိမ်နင်းရေး အထူးတပ်ဖွဲ့ Densus 88 က သူတို့ ၅ ဦးကို ပြန်လွှတ်ပေးလိုက်ပြီလို့ မေလ ၇ ရက်နေ့ အင်ဒိုနီးရှားကလာတဲ့ သတင်းတွေမှာ တွေ့ရပါတယ်။ သူတို့ ၅ ဦးကို ဗုံးခွဲဖို့ ကြံစည်မှုမှာ ပါဝင်ပတ်သက်သူတွေအဖြစ် သံသယ ရှိခဲ့ပေမဲ့လည်း သူတို့ဟာ မျက်မြင်သက်သေတွေသာ ဖြစ်တယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ် ဘွိုင်း ရာဖလီ အမာ (Boy Rafli Amar) ကို ကိုးကားပြီး သတင်းတွေကရေးပါတယ်။

မစ္စတာ ဆာဆွန်းဂ်ကိုး (Sasongko) ကတော့ အဲ့ဒီ အဖမ်းအဆီး အခြေအနေတွေကို သူ အတိအကျ မသိရသေးဘဲ သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူတွေက ဆက်ပြီး စုံစမ်းစစ်ဆေးနေပါတယ်လို့ ပြောပါတယ်။

ဧပြီလဆန်းပိုင်းက အင်ဒိုနီးရှား လူဝင်မှုထိန်းသိမ်းရေး စခန်းတစ်ခုမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး မြန်မာနိုင်ငံသားတချို့ သေဆုံးခဲ့ရတဲ့ကိစ္စကို အင်ဒိုနီးရှား တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပြီး၊ အဲ့ဒီမှာလည်း အခြေအနေတွေ တည်ငြိမ်နေပါပြီလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်ညွှန်ကြားရေးမှူး မစ္စတာ ဂူဒါဒီ ဆာဆွန်းဂ်ကိုး (Gudadi Sasongko) က ဗွီအိုအေကို ပြောခဲ့ပါတယ်။

မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်တယ်ဆိုတဲ့အခြေအနေ ဖြစ်ခဲ့ပြီးတဲ့နောက် ဂျကာတာမြို့တော်မှာ မေလ ၁၁ ရက်နေ့ကျရင် နာမည်ကျော် Aerosmith အမေရိကန် ရော့ခ်တေးဂီတဝိုင်း ဖျော်ဖြေဖို့ စီစဉ်ထားတာကိုလည်း လက်မှတ်တွေတောင် ရောင်းထားပြီးခါမှ ပွဲစီစဉ်သူတွေက ဖျက်သိမ်းခဲ့ပါတယ်။
XS
SM
MD
LG