သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုလေယာဉ်ပျက် အပိုင်းအစတွေ တွေ့ရှိ


အင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲ
အင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲ

လူပေါင်း ၅၄ ယောက် လိုက်ပါသွားတဲ့ အင်ဒိုနီးရှား ခရီးသည်တင် လေယာဉ်ရဲ့ အပျက်အစီး အစိတ်အပိုင်းတွေကို နိုင်ငံရဲ့ အရှေ့ပိုင်း ကျောက်ဆောင်တွေ ထူထပ်ရာ Papua ခရိုင်အတွင်းမှာ တွေ့ရှိရပါတယ်။ လေယာဉ်ဟာ ရာသီဥတု ဆိုးရွားနေချိန်အတွင်း တနင်္ဂနွေနေ့က ပျံသန်းစဉ် ပျက်ကျသွားခဲ့တာပါ။

Papua ခရိုင် Bintang မြို့နယ်အတွင်းက ကျေးရွာသားတွေက လေယာဉ်ပျက် အစိတ်အပိုင်းတွေကို တောင်ကုန်းတွေပေါ်မှာ တွေ့ရှိခဲ့တာဖြစ်ကြောင်း အင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အစိုးရတာဝန်ရှိသူတွေဟာ ဒေသခံတွေနဲ့ ဆက်သွယ်ပြီး သတင်းကို အတည်ပြုနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးဝန်ထမ်းတွေကို စေလွှတ်ထားပြီး ရှာဖွေရေးလုပ်ငန်းတွေကို ဒီကနေ့ စတင်လိမ့်မယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။ အသက်ရှင်ကျန်ရစ်သူ ရှိ မရှိ ဆိုတာကိုတော့ မသိရသေးပါဘူး။

Trigana လေကြောင်းခရီးစဉ် ၂၆၇ ခရိုင်မြို့တော် Jayapura မှာရှိတဲ့ Sentani လေဆိပ်ကနေ တနင်္ဂနွေနေ့က ပျံတက်သွားပြီး မိနစ် ၃၀ အကြာမှာ လေယာဉ်ပျံသန်းမှု ထိန်းချုပ်ရေးစခန်းနဲ့ အဆက်အသွယ် ပြတ်တောက် သွားခဲ့တာပါ။ လေယာဉ်ဟာ ပုံမှန် ပျံသန်းချိန် မိနစ် ၅၀ ကြာတဲ့ Oksibil မြို့ကို သွားရောက်တာ ဖြစ်ပါတယ်။

တာဗိုအင်ဂျက် ပန်ကာတတ် လေယာဉ်ပေါ်မှာ ခရီးသည် လူကြီး ၄၄ ယောက်၊ ကလေး ၅ ယောက်နဲ့ လေယာဉ် အမှုထမ်း ၅ ယောက် တင်ဆောင်သွားကြောင်း အင်ဒိုနီးရှား လေကြောင်းဌာနက ပြောပါတယ်။

XS
SM
MD
LG