သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး အင်ဒိုနီးရှား အကူအညီ စတင်


ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လတွေမှာ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အတွင်း ဒုက္ခရောက်နေကြသူတွေကို ကူညီဖို့အတွက် အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့က အကူအညီပေးရေး အဖွဲ့တခုကို ဒီကနေ့ မြန်မာနိုင်ငံကို စေလွှတ်လိုက်ပါတယ်။ ဘက်မလိုက်တဲ့ ကြားဝင် ဆောင်ရွက်မှုတွေနဲ့ ဒုက္ခ ရောက်နေသူတွေကို ပထမအဆင့် အကူအညီတွေ ပေးသွားမှာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီအဖွဲ့ က ဆိုပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက ပြောပြပါမယ်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ဒုက္ခရောက်နေကြရတဲ့ ဒုက္ခသည်တွေအတွက် အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့က အဖွဲ့ဝင် ၈ ဦးပါတဲ့ ပထမအသုတ် အကူအညီပေးရေး အဖွဲ့ဟာ တကိုယ်ရည် သန့်ရှင်းရေး အသုံးဆောင် ပစ္စည်းတွေ၊ စောင်နဲ့ အဝတ်အထည်တွေ အပါအဝင် ဒုက္ခသည်တွေ လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ဒီကနေ့ မနက်မှာပဲ ဂျကာတာမြို့တော် လေတပ်စခန်းကနေ မြန်မာနိုင်ငံကို ထွက်ခွာသွားတာ ဖြစ်ပါတယ်။ ဘက်မလိုက်တဲ့ ကြားဝင် ဆောင်ရွက်မှုတွေနဲ့ ပထမအဆင့် အကူအညီတွေကို ပေးအပ် သွားမှာ ဖြစ်တဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီအဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး Budi Adiputro က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“အခု ပထမအဆင့် ဒီ သုံးလ အတွင်းမှာ ပဋိပက္ခထဲမှာပါတဲ့ ဘယ် ဘက်ကိုမှ ဘက်လိုက်ခြင်းမရှိတဲ့ ကြားဝင် ဆောင်ရွက်မှုတွေနဲ့ ကူညီသွားမှာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေအတွက် အစားအစာနဲ့ အကူအညီတွေ လုံလုံလောက်လောက် ရဖို့အတွက် ကနဦးအဆင့် အကူအညီတွေ ပေးသွားမှာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်တွင်း အခြေအနေတွေကို ဒီလထဲမှာပဲ သွားရောက် လေ့လာခဲ့ပြီးတဲ့နောက် ခုလို အကူအညီပေးရေး လုပ်ငန်းတွေ စတင်နိုင်ဖို့အတွက် အားစိုက် ကြိုးပမ်းခဲ့တဲ့အကြောင်းလည်း မစ္စတာ Budi Adiputro က ပြောပါတယ်။

“ကျနော်တို့ မြန်မာပြည်က ပြန်ရောက်လာကတည်းက ဒီကိစ္စကို အားစိုက် ကြိုးပမ်းနေခဲ့တာပါ။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ ကျနော်တို့ရဲ့ လွတ်လပ်ရေးနေ့ နဲ့ အစ္စလာမ်တို့ရဲ့ အထွဋ်အမြတ် အစ်နေ့ကလည်း ဒီလထဲမှာ ကျရောက်တာပါ။ ဒီလို အလုပ်ရှုပ်နေတဲ့ကြားကပဲ ကျနော်တို့ရဲ့ နံပါတ်တစ် ဦးစားပေးအနေနဲ့ ကုန်တင် လေယာဉ်တစီးနဲ့ အကူအညီတွေကို ရန်ကုန်မြို့ကို တိုက်ရိုက်ပို့ပေးခဲ့တာက သူတို့နဲ့ အတူတူ ပူးပေါင်းပြီး ကူညီပေးရေး လုပ်ငန်းတွေကို ကျနော်တို့ စတင် ဆောင်ရွက် သွားချင်တယ် ဆိုတာကို ပြသတဲ့ သဘောပါ။ ခုလို ပထမဆင့် အကူအညီတွေ ပေးပို့ခြင်းအားဖြင့် မြန်မာအစိုးရနဲ့တကွ နိုင်ငံတကာ အသိုင်းအဝိုင်း တခုလုံးကပါ ဒီလို လုပ်ဆောင်တာဟာ စစ်မှန်တဲ့ ချဉ်းကပ်မှုလို့ ယူဆစေချင်ပါတယ်။ ဒီလိုပဲ အကူအညီပေးတဲ့ တခြား နိုင်ငံတွေလည်း ရှိပါတယ်။ ရခိုင်ဒေသတွင်း ဒုက္ခရောက်နေသူတွေအတွက် တူရကီနိုင်ငံကလည်း အကူအညီပစ္စည်းတွေ ပေးပို့ခဲ့တာပါ။”

ရခိုင်ပြည်နယ်မှာ အကူအညီပေးရေး အစီအစဉ်တွေကို ဦးဆောင်လုပ်ကိုင်ဖို့ အတွက် အင်ဒိုနီးရှား ဒုတိယ သမ္မတဟောင်း၊ လက်ရှိ အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့ အကြီးအကဲ ဖြစ်တဲ့ ဂျုဆက်ဖ် ကာလား (Jusuf Kella) ကိုလည်း အင်ဒိုနီးရှား သမ္မတက အထူး သံတမန်အဖြစ်နဲ့ ခန့်အပ်ထားပါတယ်။ မစ္စတာ ကာလားနဲ့ အဖွဲ့ဟာ ဒီလ သြဂုတ်လ ၁၁ ရက်နေ့က ရခိုင်ပြည်နယ်က အခြေအနေတွေကို ကိုယ်တိုင် သွားလေ့လာခဲ့တာဖြစ်သလို အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ ဒုက္ခရောက်နေကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေ သာမကပဲ ရခိုင်တိုင်းရင်းသားတွေကိုလည်း အကူအညီပေးမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေ နဲ့ ဇွန်လတွေကတည်းကစလို့ ဖြစ်ပွားလာခဲ့တဲ့ ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက် ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ အဖြစ်မှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တရပ်ကို မြန်မာသမ္မတ ဦးသိန်းစိန်က ဒီလထဲမှာပဲ ဖွဲ့စည်းခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ စပ်လျဉ်းပြီး ပြည်သူတွေအနေနဲ့ စုံစမ်းစစ်ရေး ကော်မရှင်ကို သတင်းအချက်အလက် ပေးပို့နိုင်ကြောင်းတဲ့ အကြောင်းလည်း ကော်မရှင်က ဒီကနေ့ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ကျေးရွာတွေ အတော်များများ ပျက်စီးခဲ့သလို ခန့်မှန်းချေ လူ ၇ သောင်းလောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။
XS
SM
MD
LG