သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် မူဆလင် အိမ်ယာ အင်ဒိုနီးရှားကူမည်


ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများတွင် ခိုလူံနေသော မူဆလင်လူမျိုးများ
ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများတွင် ခိုလူံနေသော မူဆလင်လူမျိုးများ
အင်ဒိုနီးရှားအစိုးရက ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဘင်္ဂါလီ၊ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အကူအညီပေးဖို့ လိုအပ်တဲ့ သတင်းအချက်အလက် စုဆောင်းမှုတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။ အခုလို အကူအညီတွေပေးမယ့် အစီအစဉ်တွေကို ဦးဆောင် လုပ်ကိုင်ဖို့ မကြာခင်က မြန်မာပြည်ကို သွားရောက်ခဲ့တဲ့ အင်ဒိုနီရှား ဒု-သမ္မတဟောင်း Jusuf Kalla ကို အထူးသံတမန်အဖြစ် အင်ဒိုနီးရှားသမ္မတက ခန့်အပ်လိုက်ပြီး တခြား အင်ဒိုနီးရှား ကိုယ်စားလှယ်အဖွဲ့တွေလည်း ရခိုင်ပြည်နယ်ဖက်ကို စေလွှတ်ထားပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းနိုင်ငံ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဇွန်လတုန်းက ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက် ဘင်္ဂါလီ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှု များပြားလာတာမှာ ကမ္ဘာမှာ အစ္စလာမ်ဘာသာဝင်အများဆုံး တိုင်းပြည်ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံကလည်း ရခိုင်အဓိကရုဏ်းအတွင်း ဒုက္ခရောက်နေကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေအရေးနဲ့ ပတ်သက်လို့ တရားဝင် ထုတ်ဖော် ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပြီးနောက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် အကူအညီပေးဖို့အတွက်ပါ လိုအပ်တဲ့ ပြင်ဆင် လေ့လာမှုတွေကို ပြုလုပ်နေတာပါ။

အင်ဒိုနီးရှားအစိုးရဖက်က လက်ရှိလုပ်ဆောင်နေတဲ့ အခြေအနေတွေကိုတော့ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ ပစိဖိတ်နဲ့ အာဖရိကရေးရာ ညွှန်ကြားရေးမှူး Yuri Thamrin က ဗွီအိုအေကို ပြောပြပါတယ်။

“ရခိုင်ပြည်နယ်အတွင်း ဒုက္ခရောက်နေကြတဲ့ ရိုဟင်ဂျာတွေကို အကူအညီပေးဖို့အတွက် အင်ဒိုနီးရှား အစိုးရအနေနဲ့ရော NGO အဖွဲ့အစည်းတွေဖက်ကပါ ပြင်းပြတဲ့ ဆန္ဒရှိကြပါတယ်တဲ့။ အခုဆိုရင် ဒုသမ္မတဟောင်း Jusuf Kalla အပါအဝင် NGO အဖွဲ့အစည်းတွေ၊ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့တွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီးတို့ကို ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို ကိုယ်တိုင် သွားလေ့လာ ခွင့်ပြုလိုက်တဲ့အတွက် အခြေအနေ အဖြစ်မှန်တွေကို လက်တွေ့ မြင်တွေ့ရပြီး တဖြည်းဖြည်းနဲ့ ဘယ်လို အကူအညီမျိုး ပေးရမယ်ဆိုတာ သူတို့အနေနဲ့ ရုပ်လုံး ပေါ်လာပါပြီလို့ ပြောသွားတာပါ။”

အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ ဒုက္ခရောက်နေကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေသာမကပဲ ရခိုင်တိုင်းရင်းသားတွေကိုပါ အကူအညီပေးဖို့ အစီအစဉ်ရှိတယ်လို့ ယူရီ သမ်မရင်းက ပြောပါတယ်။

ဒါပေမယ့် ကန့်သတ်မှုတွေ ရှိနေတဲ့အတွက် အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အကူအညီပေးချင်တိုင်း ပေးလို့မရနိုင်တဲ့ အခက်အခဲတချို့တော့ ရှိပါတယ်လို့ သူက ပြောပါတယ်။ ဘယ်လို အကူအညီမျိုးပဲဖြစ်ဖြစ် အင်ဒိုနီးရှားနိုင်ငံ အနေနဲ့တော့ မြန်မာအစိုးရနဲ့ တိုင်ပင်ညှိနှိုင်းပြီးမှသာ ကူညီလုပ်ဆောင်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာရှိနေတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေအရေးနဲ့ပတ်သက်လို့ အထူးသံတမန်အဖြစ် သမ္မတ ဆူဆီလိုး ဘမ်ဘန်း ယူဒိုယိုနိုး (Susilo Bambang Yudhoyono) က ခန့်အပ်လိုက်တဲ့ မစ္စတာ ကာလားဟာ အရည်အချင်းပြည့်ဝသူတဦးဖြစ်တယ်လို့ ယူရီ သမ်ရင်းက ပြောပါတယ်။
“ မစ္စတာကာလားဟာ အင်ဒိုနီးရှားနိုင်ငံမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တဦးပါတဲ့၊ သူဟာ ဒုသမ္မတဟောင်းတဦး ဖြစ်တဲ့အပြင် အာချေး ပဋိပက္ခမှာလည်း ကြားဝင်စေ့စပ်ပေးတဲ့ အတွေ့အကြုံရှိဘူးသလို အင်ဒိုနီးရှားနိုင်ငံရဲ့ ကြက်ခြေနီအသင်းဥက္ကဌလည်း ဖြစ်တာကြောင့် သူမြန်မာပြည် သွားခဲ့တုန်းကလည်း လူသားချင်း စာနာ ထောက်ထားတဲ့ အကူအညီပေးဖို့အတွက် လာတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တယ်လို့ သူ့အနေနဲ့ ယုံကြည်တဲ့အကြောင်း ပြောသွားတာပါ။”

ဒု-သမ္မတဟောင်း ကာလားက သူ့အနေနဲ့ မြန်မာနိုင်ငံကိုလာပြီး ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို ကိုယ်တိုင် လေ့လာချင်တယ်လို့ ခွင့်တောင်းလာတဲ့အတွက် နဂိုကလည်း ပြည်ပခရီးစဉ်တွေမှာ တွေ့ဆုံ ခင်မင်ထားရင်း ရှိတာကြောင့် မြန်မာနိုင်ငံကို လာရောက် လေ့လာခွင့် ပြုခဲ့သလို သူနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သမ္မတ ဦးသိန်းစိန်က ဗွီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ ပြုလုပ်တဲ့ သီးခြား တွေ့ဆုံ မေးမြန်းခန်းအတွင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဒုသမ္မတဟောင်း ကာလားနဲ့အဖွဲ့ဟာ ပြည်ထောင်စု နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဌေးနဲ့အတူ သြဂုတ်လ ၁၁ ရက်နေ့က ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို ကိုယ်တိုင် သွားရောက် လေ့လာခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ဒေသတွင်းနိုင်ငံတွေပါဝင်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းဖို့ အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနိုက သမ္မတ ဦးသိန်းစိန်ကို တောင်းဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို လာရောက်လေ့လာခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ကလည်း အလားတူ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးဖို့ မြန်မာနိုင်ငံက မပြန်ခင်မှာ တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ တောင်းဆိုချက်တွေကို သမ္မတ ဦးသိန်းစိန်အစိုးရက ပယ်ချလိုက်သလို နိုင်ငံရေးပါတီ အတော်များများကလည်း လက်မခံကြပါဘူး။ သြဂုတ်လ ၁၅ ရက်နေ့မှာတော့ အဖွဲ့ဝင် ၂၇ ဦးပါဝင်တဲ့ မြန်မာနိုင်ငံသားတွေနဲ့ ဖွဲ့စည်းထားတဲ့ စုံစမ်းရေးကော်မရှင်တရပ်ကို သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပေးခဲ့ပါတယ်။
XS
SM
MD
LG