သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်ရာ ပါဝင်ပတ်သက်မှု အစိုးရငြင်းဆန်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနား
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနား
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့မှာ စတင်ပြီး တခြားမြို့တချို့ကိုပါ ပြန့်သွားခဲ့တဲ့ ဘာသာရေး ဆန်တဲ့ အကြမ်းဖက် ဆူပူမှုတွေမှာ အာဏာပိုင်တွေဘက်က ပါဝင်ပတ်သက်မှု ရှိတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Ojea Quintana က ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် မြန်မာ အစိုးရ ဘက်ကတော့ အဲဒီလို ပြောဆိုမှုတွေဟာ အခြေအမြစ်မရှိဘူးဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မိတ္ထီလာမြို့မှာ ဖြစ်သွားခဲတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေထဲက တချို့နေရာတွေမှာ နိုင်ငံတော် အဖွဲ့အစည်းတွေရဲ့ ပါဝင်ပတ်သက်မှုရှိတယ်ဆိုတဲ့ ပြောဆိုထားတဲ့ အထောက်အထားတွေ သူ့အနေနဲ့ လက်ခံရှိထားတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က ပြောကြားလိုက်တာပါ။

“အကြမ်းဖက်မှု ဖြစ်ပွားတဲ့ တချို့နေရာတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေ ရှိနေပေမယ့်လည်း အခြေ အနေတွေကို ဝင်ထိန်းသိမ်းပေးခဲ့တာ မရှိဘူးဆိုတဲ့ ပြောဆိုချက်တွေ ကျနော် လက်ခံ ရရှိထား ပါတယ်။ အခု ပြောလာတဲ့သူတွေကလည်း ကျနော် လွန်ခဲ့ ၅ နှစ်အတွင်း မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ သတင်း အချက်အလက်တွေ ရရှိနေတဲ့ နေရာတွေက လာတာဖြစ်ပါတယ်။”

လုံခြုံရေးတပ်ဖွဲ့တွေ ဆိုတဲ့နေရာမှာ စစ်တပ်လား၊ ရဲတပ်ဖွဲ့လား၊ အရပ်ဖက် အုပ်ချုပ်ရေးအဖွဲ့ အစည်းတွေလား ဆိုတာကိုတော့ အခုချိန်မှာ တိတိကျကျ မသိနိုင်သေးဘူးလို့ မစ္စတာ ကင်တားနား က ပြောပါတယ်။ မစ္စတာကင်တားနားအနေနဲ့ မြန်မာနိုင်ငံကို ကိုယ်တိုင် လာရောက် လေ့လာခြင်းမရှိ ဘဲ အခုလို ပြောဆိုတဲ့အပေါ် သမ္မတဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးတစ်ဦးလည်းဖြစ်တဲ့ ဦးရဲထဋ်က ပယ်ချလိုက်ပါတယ်။

“ကျနော့်အနေနဲ့ မစ္စတာကင်တားနားရဲ့ ပြောကြားချက်ဖြစ်တဲ့ အကြမ်းဖက် ဆူပူမှုတွေရဲ့နောက် မှာ နိုင်ငံတော် အဖွဲ့အစည်းတွေ ပါနေတယ်၊ လုံခြုံရေးအဖွဲ့တွေ ပါနေတယ်၊ ကူညီအားပေးနေတယ် လို့ ပြောနေတဲ့အချက်တွေ အားလုံးကို ငြင်းပယ်ပါတယ်။ လုံးဝ ငြင်းပယ်ပါတယ်။ အဲဒီတော့ မစ္စတာ ကင်တားနားအနေနဲ့ မှန်မှန်ကန်ကန်လေ့လာမှု မရှိဘဲ တဆင့်ကြားတဲ့သတင်းတွေကို ကိုးကားပြီး ပြောနေခြင်းဟာ တကယ့်အခြေအနေကို ထိန်းသိမ်းနိုင်အောင် ဆောင်ရွက်နေတဲ့ အစိုးရတွေ၊ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်းတွေ ရဲ့ လုပ်ဆောင်ချက်များကို မျက်ကွယ်ပြုရာ ရောက်တဲ့အတွက် ဝမ်းနည်းစရာ ဖြစ်ပါတယ်ဗျာ။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ တချို့နေရာတွေမှာ ဝင်လုပ်လို့ မရတဲ့ဟာ ဘာကြောင့်လဲဆိုတာကို သူ သေချာမေးပြီး ပြောရင် ကောင်းတာပေါ့ဗျာ။ တချို့နေရာတွေမှာ အဲဒီ ဘာသာရေးအဖွဲ့အစည်းက လူတွေက ဝင်ပြီးတော့မှ ရှေ့ကနေ ပါလာတယ်။ ပါလာပြီးတဲ့အခါမှာ ခင်ဗျားတို့ ရဲတွေ မထိန်းနဲ့ သူတို့ထိန်းပါ့မယ်လို့ ပြောပြီးတော့မှ ထိန်းရာမရောက်ဘဲနဲ့ ကူညီအားပေးရာမြောက်တဲ့အလုပ်တွေ လုပ်သွားတဲ့ဟာတွေလည်း ရှိတယ်ဗျာ။ ဒါကြောင့် သေသေချာချာ မြေပြင်အခြေအနေကို လာရောက် သိအောင် လုပ်ပြီးမှ မှတ်ချက်ချတာက ပိုပြီးတော့ ကောင်းမယ်လို့ ထင်ပါတယ်ဗျာ။”

မိတ္ထီလာမြို့က စတင်လိုက်တဲ့ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေကနေ ရန်ကုန်မြို့နဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းက မြို့နယ်တချို့ကိုပါ ကူးစက် ပြန့်နှံသွားပြီးတဲ့နောက် အခြေအနေတွေ တည်ငြိမ်လာအောင် လုပ်ဆောင်တဲ့အနေနဲ့ လိုအပ်ရင် မြို့ပြအင်အားသုံး နှိမ်နင်းသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က မနေ့က ပြောဆိုလိုက်တဲ့အပေါ်မှာတော့ မစ္စတာ ကင်တားနားက ကြိုဆိုလိုက်ပါတယ်။

“သမ္မတ အခုလို ပြောလိုက်တာကိုတော့ ကျနော်တို့အနေနဲ့ ဦးစွာ ကြိုဆိုရမှာပေါ့ဗျာ။ အကြမ်းဖက် မှုတွေဖြစ်ပြီး လူအတော်များများ သေဆုံးပြီး နောက်မှာ ပြောလာတဲ့အတွက် သမ္မတ ပြောလာတဲ့ အချိန်အပေါ်မှာ မေးခွန်းထုတ်စရာတော့ ရှိတာပေါ့။ ဒါပေမယ့် သမ္မတက တိုင်းပြည်ကို အခုလို ပြောလိုက်တဲ့အချက်က ပိုအရေးကြီးပါတယ်။ နောက်တချက်က ဒီပြဿနာဟာ အရေးကြီးတဲ့ကိစ္စအဖြစ် ရှိနေတယ်ဆိုတာလည်း ပြသလိုက်တာ ဖြစ်ပါတယ်။”

မနှစ်က ရခိုင်ပြည်နယ်အတွင်း ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အဓိကရုဏ်းတွေ ဖြစ်ခဲ့တုန်းကလည်း တခြား ဒေသတွေကို အလားတူ ပြဿနာတွေ ပြန့်မသွားအောင် ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းဖို့ အာဏာပိုင်တွေကို သူ့အနေနဲ့ တိုက်တွန်း ပြောဆို ထားတဲ့ကြားက အခုလို မိတ္ထီလာမြို့မှာ ထပ်ဖြစ်ပွားခဲ့တာပါ။

အာဏာပိုင်တွေအနေနဲ့ ဒီကိစ္စကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းဖို့ မကြာသေးခင်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းဝေးပွဲမှာ ထပ်မံ သတိပေး ပြောကြားခဲ့တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော် မြန်မာ အာဏာပိုင်တွေကို သတိပေးခဲ့ပါတယ်။ နောက် မတ်လ အတွင်း ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးကောင်စီ စည်းဝေးပွဲ အတွင်းမှာလည်း မြန်မာအာဏာပိုင်တွေ ဖက်က လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကို ထိထိရောက်ရောက် လုပ်ကိုင်တာကို မတွေ့ရသေးဘူး ဆိုပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကို ထပ်ပြီး သတိပေး ပြောကြားခဲ့ပါသေးတယ်။ နောက် သမ္မတက ဖွဲ့စည်းပေးထားတဲ့ ရခိုင်ပဋိပက္ခစုံးစမ်းရေး ကော်မရှင် အနေနဲ့လည်း သူတို့ စုံစမ်း စစ်ဆေးချက်တွေ ဘာတွေဆိုတာ အခုချိန်ထိ တိတိပပ ထွက်မလာသေးတဲ့ကိစ္စကိုလည်း ကျနော် ထောက်ပြခဲ့ပါတယ်။”

မိတ္ထီလာမြို့မှာ ဖြစ်သွားခဲ့တဲ့ ဘာသာရေးဆန်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ၄၀ ကျော် သေဆုံးတယ်လို့ အစိုးရက တရားဝင်သတင်း ထုတ်ပြန်ထားပေမယ့် တကယ် သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုနိုင်လို့ လေ့လာသူတွေက ထင်မြင် ယူဆနေကြတာပါ။

ဒီကနေ့မှာတော့ မိတ္ထီလာအပါအဝင် ဆူပူမှုဖြစ်ပွားခဲ့တဲ့နေရာတွေမှာ နောက်ထပ် ဆူပူမှုတွေ ထပ်ဖြစ်တာမျိုးမရှိဘူးလို့ သိရပါတယ်ခင်ဗျား။
XS
SM
MD
LG