သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းစိန်အဝေးပြေးကားဂိတ် ဂက်စ်အိုးပေါက်ကွဲ လူ ၄ ဦး သေ


အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း၊ အဝေးပြေးဝင်း၊ ကျောက်စိမ်း ၆ လမ်းက အိမ်ဆောက်ပစ္စည်းဆိုင်တခုက ဂက်စ်အိုး ပေါက်ကွဲခဲ့တဲ့အတွက် လူ ၄ ဦးကျော် ဒဏ်ရာရပြီး ၄ ဦး သေဆုံးခဲ့တာပါ။ ဆိုင်က အလုပ်သမားတွေ အပါအဝင် လမ်းပေါ်က လူတွေပါ ထိခိုက်ပြီး ဒဏ်ရာရခဲ့တဲ့အတွက် အင်းစိန်ရဲစခန်းကနေ ဆိုင်ပိုင်ရှင်ကို အမှုဖွင့် အရေးယူထားပါတယ်။ ဒီပေါက်ကွဲမှု အခြေအနေနဲ့ ပတ်သက်ပြီး သတင်းရယူထားတဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ခဲ့ပါတယ်။

အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း ရပ်ကွက်အတွင်း ငွေလမင်း အိမ်ဆောက် ပစ္စည်း အရောင်းဆိုင်မှာ သံချောင်းတွေကို ဂဟေဆက်နေရင်း အနီးနားက ဂက်စ်အိုး ထပေါက်တာကြောင့် လူ ၄ ဦး သေဆုံးပြီး ၄ ဦး အင်းစိန်ဆေးရုံကြီး မှာ ဆေးဝါး ကုသနေရတယ်လို့ အင်းစိန်မြို့နယ် ရဲစခန်းက ဒုရဲအုပ် ဦးအောင်မြတ်ဦး က ဗွီအိုအေကို ပြောပါတယ်။

“အခု နောက်ဆုံးအခြေအနေမှာ ဒဏ်ရာရတာ ၄ ယောက်၊ အခု ဒဏ်ရာရတဲ့ သူတွေ ကို ဆေးဝါးကုသနေပါတယ်။”

လုပ်ငန်းလုပ်ဆောင်နေစဉ်မှာ ပေါ့လျော့မှုကြောင့် ဆိုင်မှာရှိတဲ့ ဝန်ထမ်းတွေအပြင် လမ်းပေါ်က လူတွေပါ ထိခိုက်သေကြေ ဒဏ်ရာရတဲ့အတွက် ဆိုင်ပိုင်ရှင် ဒေါ်နီနီဝင်းကို အင်းစိန်ရဲစခန်းက ပုဒ်မ ၂၀၆၊ ၃၃၇၊ ၃၃၈၊ ၃၀၄ က တို့နဲ့ ပနံပါတ် ၁၄၈/၂၀၁၃ နဲ့ အမှုဖွင့်ထားတယ်လို့ ဒုရဲအုပ် ဦးအောင်မြတ်ဦး က ပြောပါတယ်။

အခုလို ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ အချိန်ကတော့ နေ့လယ် ၂ နာရီမှာဖြစ်ပြီးတော့ အနီးဝန်းကျင်က ကယ်ဆယ်သူတွေရဲ့ အကူအညီနဲ့ ဒဏ်ရာရသူတွေကို အမြန်ဆုံး ဆေးရုံပို့ဆောင်နိုင်ခဲ့ပြီး ပေါက်ပွဲမှုကြောင့် အနီးအနားမှာ မီးလောင်တာတွေတော့ မဖြစ်ခဲ့ဘူးလို့ ဆူးလေမီးသတ်ဌာနချုပ်က တာဝန်ခံ တစ်ဦးကပြောပါတယ်။

“ပေါက်ကွဲမှုဖြစ်တော့လေ ကျနော်တို့က ဒီဟာလေးတွေကို ကယ်ဆယ်ရေးလုပ်ဖို့ အတွက် သွားတာ။ ဟိုရောက်တော့ လူနာအကုန်လုံးက ဆေးရုံရောက်နေပြီ။ ပေါက်ကွဲမှုဖြစ်တော့ အဲ့ဒီမှာ ဒဏ်ရာရတဲ့ သေဆုံးတဲ့သူတွေကို ကျနော်တို့က စာရင်းလေးပဲ သွားယူလိုက်တာ ရှိပါတယ်။”

အခင်းဖြစ်ခဲ့ပြီးတဲ့နောက်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ လမ်းကို ပိတ်ဆို့တာတွေ မလုပ်ဘဲ လမ်းဖွင့်ပေးထားပြီး ပေါက်ကွဲခဲ့တဲ့ အိမ်နားကိုသာ ရဲလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ပိတ်ထားတယ်လို့ အဲ့ဒီလမ်းနဲ့ တလမ်းကျော်က အိမ်ဆောက်ပစ္စည်း အရောင်းဆိုင် ဖွင့်ထားတဲ့ ကိုဝင်းမောင် က ပြောပါတယ်။

အခင်းဖြစ်ပွားခဲ့ချိန်တုန်းကတော့ အနီးပတ်ဝန်းကျင်မှာ အနည်းငယ် ရှုပ်ထွေးသွားပြီး ဒဏ်ရာရသူတွေထဲမှာ ကိုယ်လက်အင်္ဂါ ပြတ်တောက်တာတွေထိ ပါရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ပတ်ဝန်းကျင်မှာ အေးအေးဆေးဆေး ပုံမှန် လုပ်ရိုးလုပ်စဉ် လုပ်ငန်းတွေ ဆောင်ရွက်နေတယ် လို့လည်း သူက ပြောပါတယ်။

“ဂက်စ်အိုးပေါက်တယ်ဆိုတာ သိရတယ်။ လူ ဘယ်နှစ်ယောက်လောက်
သေသွားလဲဆိုတာ အတိအကျ မသိရဘူး။ နောက် ခြေပြတ်လက်ပြတ်တွေ ကိုလည်း ၄၊ ၅၊ ၆ ယောက် ၇ ယောက်လောက် တွေ့ရတယ် ခင်ဗျ။ ဖြစ်တဲ့ အချိန်မှာတော့ အဲ့ဒီဖြစ်တဲ့နေရာနဲ့ လမ်းလေးပဲ ဝိုက်ပြီး ပိတ်ထားတာရှိပါတယ်။”

၂၀၁၃ ခုနှစ်အတွင်းမှာ မီးလောင်မှုတွေ ရှိခဲ့ပေမဲ့ ပေါက်ကွဲမှုကြောင့် လူအသေ အပျာက် ရှိခဲ့တာ ဒါ ပထမဆုံး ဖြစ်စဉ်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနစ် နှစ်ဆန်းပိုင်းတုန်းကလည်း ပရ ဆေးဝါးတွေ သိုလှောင်ထားတဲ့ မင်္ဂလာတောင်ညွန့် မေတ္တာညွန့်ရပ်ကွက်အတွင်းမှာ အကြီးစား ပေါက်ကွဲမှု
ဖြစ်စဉ်တွေ ဖြစ်ခဲ့လို့ လူ ၂၀ ထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ဖူးတာပါ။

ဒီနေ့ အင်းစိန်စော်ဘွားကြီးကုန်း ဂက်စ်အိုး ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် အိမ် အပါအဝင် ဆုံးရှုံးမှု ကာလတန်ဖိုး ၄၄ သိန်းလောက် ရှိခဲ့တယ်လို့လည်း အင်းစိန်ရဲစခန်းက ဆိုပါတယ်။
XS
SM
MD
LG