သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်း ဥပဒေကြမ်း အတည်ပြုဖို့နီးစပ်


အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်တွေနဲ့ ပြန်လည်ပေးပို့ လာတဲ့ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်း ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တချို့က မပြဋ္ဌာန်းသင့်ကြောင်း ထပ်ပြီးတော့ အဆိုတင်သွင်းခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။

နိုင်ငံတကာနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ၊ အမျိုးသမီး လှုပ်ရှားသူတွေဘက်က ဆန့်ကျင် ကန့်ကွက်နေတဲ့ကြားကပဲ ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းပြီး ဒီတကြိမ် လွှတ်တော်အစည်းအဝေးမှာ သမ္မတလက်မှတ်ထိုး အတည်ပြု ပြဋ္ဌာန်းနိုင်ချေ များတယ်လို့ သိရပါတယ်။ အပြည့်အစုံကို မဆုမွန် တင်ပြထားပါတယ်။

မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်း ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ကြတုန်းက ဆန့်ကျင်ကန့်ကွက်ပြီးတော့ မပြဋ္ဌာန်းသင့်ကြောင်း အဆိုပြုခဲ့ကြပေမဲ့ ရှုံးနိမ့်ခဲ့ပြီးတော့ အမျိုးသားလွှတ်တော်ကို တင်ခဲ့ပြီးတဲ့နောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်တွေနဲ့အတူ ဇွန် ၁၅ ရက်နေ့က ပြည်သူ့လွှတ်တော်ကို ပြန်လည်ပေးပို့လာတဲ့အခါမှာ ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တချို့က လူမျိုး၊ ဘာသာကို ခွဲခြားဆက်ဆံတဲ့ ဥပဒေမျိုး မြန်မာပြည်မှာ မပြဋ္ဌာန်းသင့်ဘူးလို့ ဒုတိယအကြိမ် ထပ်မံ အဆိုတင်သွင်းခဲ့တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

မပြဋ္ဌာန်းသင့်ဘူးလို့ တင်ခဲ့ပေမဲ့ လွှတ်တော်တွင်း အများ ဆုံးဖြတ်ချက်အရ အဲဒီအဆိုဟာ ထပ်မံ ရှုံးနိမ့်ခဲ့ပါတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ရှင်းပြပါတယ်။

“ဒီ NLD ပါတီက ဒေါ်ခင်စန်းလှိုင်၊ ဦးခင်မောင်ဝင်းနဲ့ တိုင်းရင်းသားကိုယ်စားလှယ်ထဲကတော့ ဒေါ်ဇာတလန်းတို့ ၃ ယောက် ဆွေးနွေးကြတာပေ့ါ။ သူတို့ဆွေးနွေးကြတဲ့ အချက်တွေကို ကြည့်လိုက်တဲ့အခါကျတော့ သူတို့အရင် ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးတုန်းက ပြောတဲ့ လွှတ်တော်က ဒီဥပဒေကို မပြဋ္ဌန်းသင့်ကြောင်းကိုပဲ သူတို့က အဓိက ပြောနေကြတာဖြစ်တယ်။ ဒီလို ဘာသာ၊ အယူဝါဒ ကွဲပြားတဲ့လူတွေအပေါ်မှာ ခွဲခြားပြီးတော့ ဒီလိုဆက်ဆံတဲ့ ဥပဒေမျိုးကို ပြဋ္ဌာန်းခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးဆိုပြီးတော့ အဲဒီလို ထောက်ပြပြီး ဒါကို မပြဋ္ဌာန်းသင့်ပါဘူး ဆိုပြီးတော့ပဲ ပြောတယ်။ အဲတော့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူတဲ့အခါမှာတော့ သူတို့အဆိုဟာ ရှုံးနိမ့်သွားတာပေါ့လေ။ ဒါကြောင့် အခု ဆက်လုပ်မှာကတော့ အမျိုးသားလွှတ်တော်နဲ့ သဘောကွဲလွဲတဲ့အချက်တွေကို ကျနော်တို့က ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြီးတဲ့အခါကျတော့ မဲခွဲဆုံးဖြတ်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်ကို တင်မယ်ဆိုပြီးတော့ အဲလိုပဲ ဆုံးဖြတ်လိုက်တယ်။”

ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းဆုံးဖြတ်ပြီးတဲ့ အခါမှာတော့ သမ္မတထံကို တင်ပြမှာဖြစ်ပြီး သမ္မတကနေ သတ်မှတ်ရက်အတွင်း အကြောင်းပြန်လာမယ်ဆိုရင် ဒီ ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးမှာ အတည်ပြု ပြဋ္ဌာန်းနိုင်ချေ များတယ်လို့လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်း ဥပဒေကြမ်း အပါအဝင် မျိုးစောင့်ဥပဒေတွေနဲ့ ပတ်သက်လို့ အမျိုးသမီးရေး လှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေဘက်က လွှတ်တော်ကို ကိုယ်တိုင်သွားရောက်ကြပြီး ဒီဥပဒေနဲ့ ပတ်သက်လို့ မပြဋ္ဌာန်းသင့်ကြောင်း ဆွေးနွေးခဲ့ကြပေမဲ့ လွှတ်တော်ဘက်က လက်မခံခဲ့ဘူးလို့လည်း အမျိုးသမီးရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အမျိုးသမီးတွေရဲ့ အခွင့်အရေး ချိုးဖောက်ခြင်းမခံရအောင် လုပ်ဆောင်တာဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်ကတော့ ဒီဥပဒေထဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့အတွက် လက်ခံနိုင်စရာ မရှိဘူးလို့လည်း အမျိုးသမီးရေးလှုပ်ရှားသူ မခင်လေးက ပြောပါတယ်။

“အဆိုရှုံးတယ်ဆိုတော့ ဒါကတော့ အမတို့က မျှော်လင့်ပြီးသားပဲ။ ဒီဥပဒေ ၄ ခုကို စတင်ပြီးတော့ တင်သွင်းလာကတည်းက ဒါနိုင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာ။ အမျိုးသမီးတွေကို ကာကွယ်ဖို့ စေတနာကောင်းသက်သက်နဲ့ လုပ်တာမဟုတ်ဘူးဆိုတာ သိပြီးသားဖြစ်တဲ့အတွက် ဒီဥပဒေတွေဟာ လိုအပ်တဲ့အချိန်ကျရင် သူတို့ ပြဋ္ဌာန်းမှာပဲ။ ပိုဆိုးတာက ဘယ်လောက် ကန့်ကွက် ကန့်ကွက်၊ လုပ်သင့်လို့၊ လုပ်ချင်လို့ လုပ်တယ်ဆိုတဲ့ အဓိပ္ပါယ်က ပိုပေါ်လွင်တဲ့အတွက် ဒီလက်ရှိ လွှတ်တော်မှာရှိတဲ့ အများစုသော လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြည်သူလူထုအပေါ် အထူးသဖြင့် အမျိုးသမီးတွေအပေါ်မှာထားတဲ့၊ အရပ်ဘက် အဖွဲ့အစည်းတွေအပေါ်မှာထားတဲ့ စိတ်ဓာတ်ဟာ ဘယ်လောက်တောင်မှ စိတ်ကောင်းစေတနာ မရှိဘူးလည်းဆိုတာ ပေါ်လွင်တယ်။ လွှတ်တော်မှ မဟုတ်ဘူး။ အစိုးရလည်းပဲ လွှတ်တော်နဲ့ ဒီကိစ္စမှာတော့ တသဘောတည်းပဲ ရှိပြီးတော့ ဒါ ပုလင်းတူဗူးစို့ - လို့ပဲ ကျမတို့ကတော့ အဲလိုပဲ သုံးသပ်ပါတယ်။”

မြန်မာနိုင်ငံမှာ မျိုးစောင့်ဥပဒေလို့ လူသိများတဲ့ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး ဥပဒေတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီတဲ့ဥပဒေတွေကို ပြဋ္ဌာန်းဖို့ ကုလသမဂ္ဂ၊ EU ဥရောပသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာက တိုက်တွန်းနေချိန်လည်း ဖြစ်ပါတယ်။

ကိုးကွယ်ရာ ဘာသာမတူသူတွေကြား လက်ထပ်ထိမ်းမြားတာ၊ ဘာသာကူးပြောင်းတာ၊ တအိမ်ထောင်ထက်ပိုတဲ့ မိသားစုစနစ်ဆိုင်ရာ ဥပဒေကြမ်းတွေကိုတော့ လွှတ်တော်တွင်း ဆွေးနွေးနေဆဲဖြစ်ပြီး လူဦးရေ ထိန်းချုပ်မှုတွေ ပါဝင်တဲ့ ဥပဒေကိုတော့ သမ္မတက လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

XS
SM
MD
LG