သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတွင်း သိန်းချီ ရွှေ့ပြောင်းအလုပ်သမားတွေ မဲစာရင်းမပါ


မဲဆန္ဒရှင်စာရင်းမှာ သူ့နာမည်ကို ရှာနေသူ
မဲဆန္ဒရှင်စာရင်းမှာ သူ့နာမည်ကို ရှာနေသူ

ရွေးကောက်ပွဲတွေ ကျင်းပဖို့ လပိုင်းပဲလိုတော့တဲ့အချိန်မှာ နိုင်ငံတွင်း ရွှေ့ပြောင်း အခြေချသူတွေ မဲပေးခွင့် မဆုံးရှုံးစေဖို့ မဲစာရင်းတွေ စစ်ဆေးကြဖို့ မဲဆန္ဒရှင် ပညာပေးရေးအဖွဲ့တွေက တိုက်တွန်း နေကြပါတယ်။

နိုင်ငံတွင်းမှာ ရွှေ့ပြောင်း အလုပ်လုပ်ကိုင် နေကြသူတွေကိုလည်း အလုပ်ရှင်ရဲ့ ထောက်ခံချက်နဲ့ မဲစာရင်းမှာ ဖြည့်စွက်နိုင်တယ်လို့ ရွေးကောက် ပွဲ ကော်မရှင်က ပြောဆိုထားပြီး မဲစာရင်းတွေကို စစ်ဆေးကြဖို့ကိုလည်း ကော်မရှင် ဥက္ကဌက တိုက်တွန်းပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က စုစည်း တင်ပြထားပါတယ်။

လွှွတ်တော်ရွေးကောက်ပွဲတွေကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပတော့မယ့်အချိန် အသက် ၁၈ နှစ် ပြည့်သူတိုင်း မဲပေးခွင့်ရရှိရေးနဲ့ အထူးသဖြင့် နိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ကြတဲ့ သန်းနဲ့ချီတဲ့ လုပ်သားထုကြီး မဲပေးခွင့်ရရှိရေးအတွက် မဲစာရင်းတွေ စစ်ဆေးကြဖို့ ရွေးကောက်ပွဲ ပညာပေးရေးအဖွဲ့တွေက လှုံ့ဆော်နေကြပါတယ်။ ရွှေ့ပြောင်းအလုပ်သမား သိန်းနဲ့ချီရှိတဲ့ လှိုင်သာယာ စက်မှုဇုန် အတွင်းမှာတော့ မဲဆန္ဒစာရင်းမှာ မပါသေးသူတွေအတွက် အခု စက်တင်ဘာလ ဒုတိယပတ်မှာ စာရင်းသွင်းနိုင်ဖို့ စီစဉ်နေတယ်လို့ မဲဆန္ဒရှင် ပညာပေး ဆောင်ရွက်နေတဲ့ Brilliant Future of Myanmar က ကိုမျိုးမင်းက ပြောပါတယ်။

“လှိုင်သာယာမှာ အထည်ချုပ်စက်ရုံ လုပ်သားတွေ စက်ရုံပေါင်း ၉၁ ရုံ ရှိတယ်ဗျာ။ ၉၁ ရုံမှာ မဲပေးနိုင်ခွင့်ရှိတဲ့ လူဦးရေပေါ့ ၁၈ နှစ်ပြည့်ပြီးက ၆ သောင်းကျော်ရှိတယ်ခင်ဗျာ။ လှိုင်သာယာမှာရှိတဲ့ စက်မှုဇုန် တဇုန်လုံးဆိုရင် အလုပ်သမားပေါင်းက ၂ သိန်းကျော် ရှိတယ်။ အဲဒါက သူတို့က မြန်မာနိုင်ငံ ဒေသအသီးသီးက လာရောက် အလုပ်လုပ်ကိုင်ကြတဲ့ အလုပ်သမားတွေ ဖြစ်တဲ့အတွက် သူတို့က လှိုင်သာယာမှာ ဧည့်စာရင်းနဲ့ နေရတယ်။ ရက်ပေါင်း ၁၈၀ ထက်လည်း ကျော်ပြီးသွားပြီ သူတို့နေတာ။ ဒါပေမဲ့ မဲစာရင်းမှာ သူတို့နာမည်တွေ မပါလာဘူးဗျာ။ အဲဒီကိစ္စကို ကျနော်တို့ အဲဒီမှာရှိတဲ့ အခုနောက်ပိုင်းတော့ ရွေးကောက်ပွဲ ကော်မရှင်က ထွက်လာတဲ့ စက်ရုံအလုပ်ရုံတွေက အလုပ်ရှင်တွေရဲ့ ထောက်ခံချက်နဲ့ဆိုရင် မဲပေးလို့ရအောင် ဆောင်ရွက်ပေးမယ်ဆိုတဲ့ ညွှန်ကြားချက်တခုတော့ ထွက်လာတယ်ခင်ဗျာ။ အဲဒီကိစ္စတွေနဲ့ ပက်သက်လို့တော့ ကျနော်တို့ ဆက်တော့ ကြိုးစားမှာပဲခင်ဗျာ။”

ရွှေ့ပြောင်းလုပ်သားတို့အနေနဲ့ အလုပ်ရှင် ထောက်ခံချက်နဲ့ မဲစာရင်း ပေးသွင်းနိုင်တယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုထားပါတယ်။ တချိန်တည်းမှာပဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးကလည်း ဗွီအိုအေနဲ့ သီးသန့် တွေ့ဆုံ မေးမြန်းခန်းမှာ မဲပေးခွင့် ရှိသူအားလုံး မဲဆန္ဒရှင်စာရင်းမှာ ပါဝင်နိုင်ဖို့ မဲစာရင်းတွေ စစ်ကြဖို့ကို တိုက်တွန်းလိုက်ပါတယ်။

“မဲစာရင်းမှာ ပါဖို့ အရေးကြီးတယ်။ ပါဖို့ လာကြည့်ရမယ်။ နောက်ပါအောင် လုပ်ရမယ်။ မဲစာရင်းမှားတာက ကျနော်တို့အတွက် ပြဿနာ မဟုတ်ပါဘူး။ မဲစာရင်း မှားတာက မှန်ကန်ကြောင်း တယောက်သောသူက အဲဒီမှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲကလည်း ရှိတယ်။ အုပ်ချုပ်ရေး အဖွဲ့လည်း ရှိတယ်။ ခုနက ပါတီတွေ၊ ရွေးကောက်ခံတဲ့ ပုဂ္ဂိုလ်တွေ မဲရုံ ကိုယ်စားလှယ်ဆိုတာ တယောက် မဲရုံတွေမှာ ရှိပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေကလည်း၊ ဟုတ်ပါတယ်၊ သူက ဘယ်အိမ်မှာနေတာ။ ဆိုလို့ရှိရင်ကို ကျနော်တို့က ကျနော်တို့မှာ ပုံစံ ၁၂ ဆိုတာ ရှိပါတယ်၊ မဲရုံမှာ။ ဦးတင်အေးဟာ အဖေနာမည် ဦးမောင်မောင်အစား ဦးစံတင် ဟု ပြင်ဆင်ပြီး မဲပေးခွင့် ပြုလိုက်သည်ဆိုတာတော့ ကျနော်တို့ မှတ်တမ်းတော့ တင်ထားရပါတယ်။ ဒါက ဥပဒေပါ။”

အခွင့်အရေး ရရှိဖို့အတွက် တာဝန်ယူမှုလည်း ရှိရမယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ပြောဆိုခဲ့သေးတာပါ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကနဦး ထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင် စာရင်းမှာတော့ မဲဆန္ဒရှင် ၃၂ သန်းနီးပါး ရှိတယ်လို့လည်း ဗွီအိုအေနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။ အပြီးသတ် မဲဆန္ဒရှင်စာရင်းတွေကိုတော့ ဒီလအတွင်းမှာ ထုတ်ပြန်ဖို့ရှိပြီး မှားယွင်းမှုတွေ ရှိခဲ့ရင်လည်း ရွေးကောက်ပွဲ ကော်မရှင်က ထပ်ပြီး ပြင်ဆင် ဖြည့်စွက်ပေးထားမယ် လို့လည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG