သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဘဏ္ဍာစနစ် ခေတ်မီရေး နိုင်ငံတကာ ဒေါ်လာ ၅၅ သန်းထောက်ပံ့


မြန်မာ့ဘဏ်လုပ်ငန်း။
မြန်မာ့ဘဏ်လုပ်ငန်း။
မြန်မာနိုင်ငံမှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဘဏ္ဍာရေးစနစ် ခေတ်မီ လာစေဖို့ နိုင်ငံတကာအကူအညီအဖြစ် ဒေါ်လာ ၅၅ သန်း အကူအညီပေး မှာ ဖြစ်တဲ့အကြောင်း ကမ္ဘာ့ဘဏ်က ကြေညာ လိုက်ပါတယ်။ ပြည်သူ့ ဘဏ္ဍာ စီမံခန့်ခွဲမှုတွေမှာ ခေတ်မီလာစေဖို့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) ကချေးငွေအဖြစ် ဒေါ်လာသန်း ၃၀ မတည်ပြီး၊ ဗြိတိန် နိုင်ငံတကာဖွံ့ဖြိုးရေးဌာန (UKAID) က ဒေါ်လာ ၁၆ သန်းခွဲ၊ သြစတြေးလျနိုင်ငံက ၈ သန်းခွဲနဲ့ စုစုပေါင်း ၅၅ သန်း ထည့်ဝင်သုံးစွဲမှာ ဖြစ်တယ်လို့လည်း ကြာသပတေးနေ့က ကမ္ဘာ့ဘဏ်ရဲ့ ကြေညာချက်က ဖော်ပြခဲ့တာပါ။

ဒီစီမံကိန်းနဲ့ အစိုးရက ဘဏ္ဍာငွေတွေကို စနစ်တကျ စီမံခန့်ခွဲပြီး အများပြည်သူ အတွက် ဝန်ဆောင်မှု ပေးရာမှာ ထိရောက်မှု ရှိစေဖို့ ရည်ရွယ်ထားတယ်လို့ လည်း ပြောပါတယ်။ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim ရဲ့ ဒီနှစ်ဆန်းပိုင်း မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာလည်း ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဒေါ်လာသန်း ၂ ထောင် အကူအညီပေးမှာ ဖြစ်တဲ့အကြောင်း ကြေညာထားတာပါ။

အကူအညီတွေကိုတော့ မြန်မာနိုင်ငံသား အများစု မှီခိုအလုပ်လုပ်ကိုင်နေတဲ့ စိုက်ပျိုးရေးကဏ္ဍနဲ့ လျှပ်စစ်ဓာတ်အား ရရှိရေး၊ ကျန်းမာရေး စတဲ့ အများပြည်သူ ဝန်ဆောင်မှု ကဏ္ဍတွေမှာ သုံးစွဲမယ်လို့လည်း ပြောပါတယ်။ မကြာသေးခင်နှစ်တွေအတွင်း အပြောင်းအလဲတွေနဲ့အတူ နိုင်ငံတကာက ဖွံ့ဖြိုးရေး အကူအညီတွေ ပေးအပ်နေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဟာ ၂၀၁၄ - ၂၀၁၅ မှာ တရုတ်နိုင်ငံထက်တောင် ပိုများပြီး ၇.၈% အထိ ရှိနိုင်တယ်လို့လည်း ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့က ခန့်မှန်းထားကြပါတယ်။
XS
SM
MD
LG