သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည် လှေမှောက်မှု နိုင်ငံတကာစိုးရိမ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံသို လှေစီးဝင်ရန်ကြိုးစားကြသော မြန်မာပြည် ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာများ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို လှေစီးဝင်ရန်ကြိုးစားကြသော မြန်မာပြည် ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာများ။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ရိုဟင်ဂျာမူဆလင် ၇၀လောက် စီးနင်းပါလာတဲ့ လှေတစင်း ဘင်္ဂလားပင်လယ်အော်ထဲမှာ တိမ်းမှောက် နစ်မြုပ်ခဲ့တဲ့အတွက် ရိုဟင်ဂျာဒုက္ခသည်တွေအရေးနဲ့ပတ်သက်လို့ နိုင်ငံတကာမှာ စိုးရိမ်မှုတွေ တိုးလာပါတယ်။ ဒီအဖြစ်အပျက်ဟာ ဝမ်းနည်းစရာဖြစ်ပြီး အဲဒီလူနည်းစု လူမှု အသိုင်းအဝိုင်းရဲ့ လုံခြုံမှုနဲ့ ဘဝရပ်တည်နေထိုင်မှုတွေအတွက် စိုးရိမ်မကင်း ဖြစ်ရတယ်လို့ အမေရိကန်ပြည်ထောင်စုနဲ့ ကုလသမဂ္ဂတို့က ထုတ်ဖော်ပြော ခဲ့ကြပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

နှစ်စဉ်လိုလို ဆောင်းဦးပေါက်ရာသီရောက်တိုင်း ရိုဟင်ဂျာလူနည်းစုတွေအနေနဲ့ ရခိုင်ပြည်နယ်ထဲကနေ အခြားနိုင်ငံတွေကို ပင်လယ်ပြင်ကနေ လှေစီး ထွက်ပြေး ခိုလှုံလေ့ရှိတာမို့ အခုလို လှေမှောက်သေဆုံးကြရတဲ့ အဖြစ်အပျက်မျိုးတွေ ရှိနိုင်တာကို UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက သောကြာနေ့ကပဲ သတိပေးခဲ့တာပါ။ အခု တိမ်းမှောက်ခဲ့တဲ့ လှေထဲမှာဆိုရင် အမျိုးသမီးရော ကလေးငယ်တွေပါဝင်ပြီး မြန်မာနိုင်ငံရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို အသွားမှာဖြစ်ခဲ့တာလို့ ဒေသခံ မူဆလင်ခေါင်းဆောင်တွေက ဗွီအိုအေကို ပြောပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေရှိတယ်လို့ ဆိုပေမယ့် ဘယ်လောက် အသက်ရှင် ကျန်ရစ်တယ်ဆိုတာ အတည်ပြုချက်မရပါဘူး။ အသက်ရှင် ကျန်ရစ်သူတွေ ဟာလည်း သူတို့ကို ဖမ်းခံရမှာစိုးလို့ အနီးချုပ်စပ် ကျေးရွာတွေမှာ ပုန်းအောင်းနေရတယ်လို့ အဲဒီမူဆလင်ခေါင်းဆောင်က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာန ပြောခွင့်ရသူကတော့ ဒီ အဖြစ် အပျက်ကြောင့် မြန်မာနိုင်ငံထဲက အားနည်းတဲ့ လူနည်းစုလူမှု အသိုင်းအဝိုင်းတွေ ရဲ့ လုံခြုံမှုနဲ့ လူမှုရပ်တည်ရေး အခြေအနေတွေအတွက် စိုးရိမ်မကင်းဖြစ်ရတယ် လို့ ဗွီအိုအေကို ပြောပါတယ်။

“ပြီးခဲ့တဲ့ ရက်က ရိုဟင်ဂျာ ၇၀ လောက်တင်ဆောင်လာတဲ့ လှေ မြန်မာ ကမ်းရိုးတန်းမှာ တိမ်းမှောက်နစ်မြုပ်သွားတဲ့သတင်းအပေါ်မှာ အတော်လေး ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်။ ဒုက္ခသည်တွေ၊ မြန်မာနယ်စပ်နဲ့ အခြားဒေသတွင်းနေရာတွေမှာရှိနေတဲ့ ခိုလှုံခွင့် တောင်းခံသူတွေအပါအဝင် မြန်မာနိုင်ငံတွင်း အားနည်းတဲ့ လူမှုအသိုင်းအဝိုင်းတွေရဲ့ လုံခြုံမှုနဲ့ လူမှုရပ်တည်ရေးတွေအတွက်လည်း အတော်လေးကို စိုးရိမ်မကင်းဖြစ်ရပါတယ်။ ဒါကြောင့် ရိုဟင်ဂျာအပါအဝင် အခြားအားနည်းတဲ့ လူနည်းစုလူမှု အသိုင်းအဝိုင်းတွေရဲ့ ပြဿနာတွေနဲ့ပတ်သက်လို့ တကယ့်ကို ခိုင်မာတဲ့ အဖြေတခုရဖို့အတွက် ဒေသတွင်းအခြားအစိုးရပိုင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရကို အားပေးတိုက်တွန်းပါတယ်။”

UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာတင် ရိုဟင်ဂျာ ဒုက္ခသည် ၁,၅၀၀ ကျော်ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ စက်လှေတွေနဲ့ ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံတွင်း ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ အခုလို ရာသီရောက်တိုင်း သူတို့နေရပ်ကနေ အခြားနေရာတွေကို ပင်လယ်ပြင်ကတဆင့် ထွက်ပြေး လေ့ရှိကြပါတယ်။

ဒီအခြေအနေဟာ မြန်မာနိုင်ငံတွင်း လူနည်းစုမူဆလင်တွေကို ခွဲခြားဆက်ဆံတာ ဖိနှိပ်တာတွေကြောင့် သူတို့ အသက်ရှင်ရပ်တည်ဖို့အတွက် အခုလို ထွက်ပြေးကြတာဖြစ်တယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ် အိုဟေးကင်တာနားကတော့ ဒီအဖြစ်အပျက်မျိုးတွေမှာ စိုးရိမ်စရာကောင်းတဲ့ နောက်ခံအကြောင်းတရားတွေ ရှိတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ကျနော်သိသလောက်တော့ အမျိုးသားတွေတင်မဟုတ်ဘူး၊ အမျိုးသမီးအတော် များများပါ ပျောက်ဆုံးနေပါတယ်။ ဒါ အတော်လေး ဝမ်းနည်းစရာကောင်းသလို အတော့်ကို စိုးရိမ်စရာပါ။ အခုလို အသက်စွန့်စားပြီး အန္တရာယ်ကြီးလွန်တဲ့ လှေနဲ့ သူတို့နေရပ်တွေကိုစွန့်ခွာ ဘာကြောင့် ထွက်သွားရသလဲဆိုတာ မေးခွန်း ထုတ်ရပါမယ်။ သူတို့ဟာ အဲဒီ ရခိုင်ပြည်နယ်ထဲမှာ နေနေရတဲ့အပေါ် စိုးရိမ်ထိတ်လန့်လို့ဆိုတာ ရှင်းနေပါတယ်။”

ဒီလို အခြေအနေမျိုးအောက်မှာ ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ သူတို့ စားဝတ်နေရေးနဲ့အလုပ်အကိုင်ရရှိရေးတွေအတွက် ထွက်လမ်းအနေနဲ့ အခုလို ပင်လယ်ပြင်မှာ စွန့်စားပြီး အခြားသူတို့အတွက် ကောင်းမွန်သင့်တော်မယ့် နေရာကို ရွေးချယ်ကြတာဖြစ်တယ်လို့ မစ္စတာ ကင်တာနားက ပြောပါတယ်။ အခု လှေမှောက်ပြီး အမျိုးသမီးရော ကလေးငယ်တွေမှာ ပျောက်ဆုံးကြတဲ့ အဖြစ်အပျက်မျိုးတွေ ထပ်မဖြစ်အောင် မြန်မာအာဏာပိုင်တွေမှာ တာဝန်ရှိတယ်လို့လည်း မစ္စတာကင်တားနားက ပြောပါတယ်။

“သူတို့ကိုထားတဲ့ ဒုက္ခသည်စခန်းက အခြေအနေတွေအပေါ်မှာလည်း မေးခွန်း ထုတ်ရပါလိမ့်မယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကိုထားတဲ့ စခန်း အခြေအနေဟာ ကောင်းမွန်မှုမရှိဘူးလို့ ပြောရပါလိမ့်မယ်။ ယေဘုယျအခြေအနေပြောရရင် နေထိုင်မှုဘ၀ အတော်လေးခက်ခဲပြီး စိုးရိမ်စရာ ရှိပါတယ်။ ဒီလို အခြေအနေတွေကြောင့် ဒုက္ခသည်တွေအနေနဲ့ ဒီလို အန္တရာယ်များတဲ့လမ်းကို ရွေးကြရပါတယ်။ ဒီလို အဖြစ်အပျက်မျိုးတွေ ထပ်ဖြစ်မလာစေဖို့ မြန်မာ အာဏာပိုင်တွေမှာ တာဝန်ရှိပါတယ်။”

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့နှစ် ဘာသာရေးလူမျိုးရေးနဲ့နွယ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူ ၂၀၀ ကျော်သေဆုံးပြီး လူပေါင်း တသိန်းခွဲေလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ လူနည်းစု မူဆလင်တွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေဖြစ်တယ်လို့ စွပ်စွဲကြပါတယ်။

ဒုက္ခသည်စခန်းတွေအခြေအနေတွေဟာလည်း စိုးရိမ်စရာရှိပြီး လူသားချင်း စာနာကူညီမှု အထောက်အပံ့တွေ လိုအပ်ဆဲရှိတယ်လို့ ကုလသမဂ္ဂကလည်း သတိပေးခဲ့ပါတယ်။ ရိုဟင်ဂျာမူဆလင်တွေဟာ ဒီလိုရာသီဆိုရင် များသောအားဖြင့် ထိုင်း၊ မလေးရှားတို့ကို ပင်လယ်ပြင်ကတဆင့် အန္တရာယ်များတဲ့လှေတွေနဲ့ စွန့်စားသွားရောက်ပြီး အဲဒီကနေ နောက်ထပ် သူတို့အတွက် ကောင်းမွန်မယ့်နိုင်ငံတွေကို ရှာဖွေသွားရောက်လေ့ရှိပါတယ်။

ဒါကြောင့်လည်း အခုအချိန်မျိုးမှာ အမျိုးသမီးတွေ ကလေးငယ်တွေ ပါဝင်တဲ့ ရိုဟင်ဂျာမူဆလင်မိသားစုတွေ၊ လူကုန်ကူးတဲ့ရာဇဝတ်ဂိုဏ်းတွေရဲ့ လက်ထဲရောက်သွားနိုင်တဲ့အရေးကို စိုးရိမ်ပူပင်တယ်လို့ ကုလသမဂ္ဂရော အခြားလူ့အခွင့်အရေးအဖွဲ့တွေ အစိုးရမဟုတ်တဲ့လူမှုကူညီရေးအဖွဲ့တွေကပါ ပြောဆိုနေကြတာဖြစ်ပါတယ်။
XS
SM
MD
LG