သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု မြန်မာနိုင်ငံမှာဖြစ်ပွားဆဲ


Ban
Ban

နိုဝင်ဘာလ ၂၅ ရက်နေ့က နိုင်ငံတကာအမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေးနေ့ ဖြစ်ပါတယ်။ အမျိုးသမီးများအတွက် အကြမ်းဖက်မှုအဆုံးသတ်ဖို့ လူတိုင်းမှာ တာဝန်ရှိတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောလိုက်ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

အမျိုးသမီးနဲ့မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုဟန့်တားရေးနဲ့ပပျောက်ရေးအတွက် လုပ်ဆောင်ဖို့ လူတိုင်းမှာ တာဝန်ရှိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်က ၂၀၁၄ ခုနှစ် အထိမ်းအမှတ်အမှာစကားမှာ ထည့်သွင်းပြောကြားသွားပါတယ်။

“အမျိုးသမီးတွေနဲ့မိန်းကလေးတွေအပေါ် အကြမ်းဖက်မှုဟာ ကာယကံရှင်တွေကို တိုက်ရိုက်ထိခိုက်နစ်နာစေရုံမက လူသားတရပ်လုံးကိုလည်း ထိခိုက်စေပါတယ်။ အဲဒါကြောင့် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေးကို ကျနော် ၂၀၀၈ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။ ဒီအကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့ကြသူတွေကို ကျနော် ဂုဏ်ပြုပါတယ်။ ကမ္ဘာတဝှမ်းမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို ဆန့်ကျင်ကြပါ။ လူ့အခွင့်အရေးကို ထောက်ခံကြဖို့ ကျနော် တိုက်တွန်းလိုပါတယ်။”

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုအမျိုးမျိုးနဲ့ ကိုယ်ထိလက်ရောက် စော်ကားမှု၊ လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာ အကြမ်းဖက်မှု စသဖြင့် အကြမ်းဖက်မှုအမျိုးမျိုးရှိရာမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ အဆိုးဝါးဆုံးဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီလိုအကြမ်းဖက်ခံရမှုကြောင့် ကာယကံရှင်အမျိုးသမီးတွေရော၊ သူတို့ရဲ့မိသားစုတွေရော၊ လူ့အဖွဲ့အစည်းရောနိုင်ငံပါ ထိခိုက်စေတယ်လို့ ဆိုပါတယ်။ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေရဲ့ ၇၀ % ဟာ တချိန်မဟုတ်တချိန် အကြမ်းဖက်ခံရမှုနဲ့ ကြုံတွေ့ရပြီး အသက် ၁၅ နှစ်ကနေ ၄၄ နှစ်အထိ အမျိုးသမီးတွေဟာ အဓမ္မပြုကျင့်ခံရမှု၊ ဒါမှမဟုတ် အိမ်တွင်းရေးအကြမ်းဖက်ခံရမှုနဲ့ ရင်ဆိုင်ရဖို့အလားအလာဟာ ကင်ဆာရောဂါဖြစ်ဖို့၊ ကားတိုက်ခံရဖို့ စသဖြင့်အလားအလာထက် ပိုများတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့စာရင်းဇယားက ဆိုထားပါတယ်။ အကြမ်းဖက်မှုအမျိုးမျိုးနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေမှာ ကမ္ဘာတဝှမ်း အမျိုးသမီး ငါးဦးကျစီမှာ အဓမ္မပြုကျင့်ခံရဖို့ အလားအလာရှိတယ်လို့လည်း ကုလသမဂ္ဂကဆိုပါတယ်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ပဋိပက္ခအတွင်း လက်နက်ကိုင်အုပ်စုတွေရဲ့ အကြမ်းဖက်မှုကို အမျိုးသမီးတွေခံစားကြရပြီး အဓမ္မပြုကျင့်မှုကို စစ်လက်နက်သဖွယ်အသုံးပြုတာတွေ့ရတယ်လို့လည်း ကုလသမဂ္ဂက ထောက်ပြထားပါတယ်။ အထူးသဖြင့် အာဖရိကတိုက်မှာ ကွန်ဂို၊ ဒါဖူး၊ ရဝမ်ဒါ၊ လိုင်ဘေးရီးယားမှာ အမျိုးသမီးတွေ သိန်းနဲ့ချီ အဓမ္မပြုကျင့်ခံရပြီး အရှေ့ဥရောပမှာ ၁၉၉၀ ခုနှစ်က ဘော့စတွန်ပဋိပက္ခအတွင်းဆို အမျိုးသမီးတွေ သောင်းနဲ့ချီပြီး အဓမ္မပြုကျင့်ခံရတာဖြစ်ပါတယ်။

ဆီဒေါလို့ခေါ်တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အလုံးစုံပပျောက်ရေး သဘောတူစာချုပ်ကို ၁၉၉၇ ခု၊ ဇူလိုင်လက လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံမှာလည်း ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေပေမယ့်လို့ လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေတဲ့ ကရင်၊ ရှမ်း၊ ကချင်၊ စသဖြင့်ဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရှိနေဆဲဖြစ်တာ တွေ့ရတယ်လို့ အမျိုးသမီးများအဖွဲ့တွေက မကြာခဏ အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့ပါတယ်။

WLB ခေါ် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဒီနှစ်စောစောပိုင်းမှာ “အရေးယူခြင်းမှကင်းလွတ်ပြီး မပြောင်းလဲတဲ့စနစ်” ဆိုတဲ့အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဲဒီအစီရင်ခံစာမှာ တိုင်းရင်းအမျိုးသမီးတွေအပေါ် မြန်မာစစ်တပ်က လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကျူးလွန်တဲ့အကြောင်း မီးမောင်းထိုးပြထားတာဖြစ်ပါတယ်။ WLB ရဲ့ပြောခွင့်ရ နော်ဂျူလိုင်က -

“ဒီအစီရင်ခံစာထုတ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကျမတို့က အခုလက်ရှိ မြန်မာနိုင်ငံမှာ ဦးသိန်းစိန်တို့အနေနဲ့ ဖော်ဆောင်နေတဲ့ ပြောင်းလဲနေပြီဆိုတဲ့ ဥစ္စာထက် ကျမတို့က တကယ့်လက်တွေ့မှာ ဖြစ်ပျက်နေတဲ့အရာတွေကို နှိုင်းယှဉ်ပြီးတော့ မီးမောင်းထိုးပြထားခြင်းဖြစ်ပါတယ်။ များသောအားဖြင့် အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုခံနေရတယ်။ ဘယ်သူတွေကြောင့်လဲဆိုတော့ မြန်မာအစိုးရစစ်တပ်ကနေ တိုက်ရိုက်ကျူးလွန်နေတဲ့ ဟာတွေကို ကျမတို့က ပိုပြီးတော့မှ မီးမောင်းထိုးပြထားခြင်းဖြစ်တယ်။ ထိုးစစ်ဆင်မှုနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုက တိုက်ရိုက်ဆက်နွယ်မှု ရှိနေ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု လက်ရှိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာက စစ်ပွဲတွေက မရပ်နေသေးပါဘူး။ အဲဒီစစ်ပွဲဖြစ်ပွားရခြင်းက ကျမတို့ လုံခြုံမှု မရနေသေးပါဘူး။ အမျိုးသမီးတွေ လုံခြုံမှုမရဘူး၊ လိင်ပိုင်းဆိုင်ရာအရ ကျူးလွန်မှုရှိနေတယ်။ ကျမတို့ ပါဝင်ချင်တဲ့နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်မှာ အမျိုးသမီးတွေဟာ ပါဝင်မှု ပိတ်ပင်ခံနေတဲ့ဥစ္စာတွေ ရှိနေပါသေးတယ်။ ပြီးလို့ရှိရင် ကျူးလွန်မှုက အစိုးရစစ်သားတွေဘက်ကနေ ကျူးလွန်မှုက တကယ့်တရားဝင် ကျူးလွန်နေတယ်၊ ကျယ်ကျယ်ပြန့်ပြန့်ကို ကျူးလွန်နေတယ်။ အဲဒါတွေက အခု လက်ရှိ စစ်ပွဲဖြစ်နေတဲ့ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတင်မဟုတ်ဘူး၊ တခြားလက်နက်ကိုင်ဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင် KNU မှာလည်း ဖြစ်နေပါသေးတယ်။ တိုက်ပွဲရှိနေခြင်းအားဖြင့် အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုက ရှိနေတယ်၊ ခံနေရတယ်။ အမျိုးသမီးတွေက ဓားစာခံအဖြစ် ကျူးလွန်ခံနေရတယ်ဆိုတာကို ကျမတို့က ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားပါတယ်။”

WLB အနေနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး နိုင်ငံတကာနေ့ အထိမ်းအမှတ်အဖြစ် “မျှော်လင့်ချက်ရှိရင် ထုတ်ဖော်ပြောကြားဝံ့ကြမှာပဲ” ဆိုတဲ့ အစီရင်ခံစာကို ဒီနေ့ နေ့ခင်းပိုင်းမှာ ရန်ကုန်မှာထုတ်ပြန်မှာဖြစ်ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့လည်းရှိတယ်လို့ သိရပါတယ်ရှင်။

XS
SM
MD
LG