သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြစ်အနာဆာတွေ ရှိပေမဲ့ ရွေးကောက်ပွဲ အပေါ် နိုင်ငံတကာ အကဲခတ်တွေ ကြိုဆို


 နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ANFREL သတင်းစာရှင်းလင်းပွဲ။ သတင်းဓာတ်ပုံ-ANFREL
နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ANFREL သတင်းစာရှင်းလင်းပွဲ။ သတင်းဓာတ်ပုံ-ANFREL

ကာတာစင်တာ သတင်းစာ ရှင်းလင်းပွဲ

ပြီးခဲ့တဲ့ မြန်မာ့ရွေးကောက်ပွဲဟာ မြန်မာ့သမိုင်းမှာ ပြည်တွင်းရော ပြည်ပပါ စောင့်ကြည့်ခွင့်အရဆုံး ရွေးကောက်ပွဲဖြစ်သလို၊ ပြောင်းလဲရေးအတွက် မြန်မာလူထုရဲ့ ပူးပေါင်းပါဝင်မှုဟာ အတော် ချီးကျူးစရာကောင်းတယ် လို့ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်ရေး အဖွဲ့ဖြစ်တဲ့ ကာတာ စင်တာက ပြောပါတယ်။ ရွေးကောက်ပွဲမှာ စိုးရိမ်စရာတွေ ရှိခဲ့ပေမယ့် လို့ ယေဘူယျအားဖြင့်တော့ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ကာတာစင်တာရဲ့ မြန်မာ့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲကို သတင်းသွားယူခဲ့တဲ့ ကိုသားညွန့်ဦးက ဒီအကြောင်း တင်ဆက်ပေးမှာပါ။

ကာတာစင်တာအနေနဲ့တော့ ရွေးကောက်ပွဲရက်အတွင်း နိုင်ငံအဝှမ်းက မဲရုံးပေါင်း ၂၄၅ ရုံကို သွားရောက်လေ့လာကြည့်ရှုခဲ့ပြီး၊ အားလုံးလိုလို မှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ် ပုံမှန်အတိုင်းဖြစ်တာ ယေဘူယျ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အခု ရွေးကောက်ပွဲအတွင်းမှာ နိုင်ငံတကာ လေ့လာစောင့်ကြည့်သူ ၁၂၀၀ နီးပါးနဲ့ ပြည်တွင်းက လေ့လာစောင့်ကြည့်သူ တသောင်းနှစ်ထောင်နီးပါး ရှိခဲ့တာမို့ မြန်မာနိုင်ငံတွင်း အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ အားကောင်းလာမှုနဲ့၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ် ပွင့်လင်းမြင်သာမှုရှိတယ်လို့ ကာတာစင်တာက လေ့လာရေးအဖွဲ့ကို ဦးဆောင်သူ Jason Carter က ပြောပါတယ်။

“ကျနော်တို့ သွားခဲ့တဲ့ မဲရုံတွေအားလုံးနီးပါးမှာ နိုင်ငံရေးပါတီတွေက မဲရုံကိုယ်စားလှယ်တွေအနေနဲ့ မဲပေးမှုကို စောင်ကြည့်ခွင့်ရထားပါတယ်။ ဒါကြောင့် ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံသမိုင်းမှာတော့ ဒါဟာ စောင့်ကြည့်စစ်ဆေးခွင့်အရဆုံး ရွေးကောက်ပွဲလို့ ဆိုရင် မှားမယ်မထင်ပါဘူး။”

မြန်မာပြည်သူတွေ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် မြန်မာလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့၊ ရွေးကောက်ပွဲနေ့မှာ သူုတို့ရဲ့ နိုင်ငံသားအခွင့်အရေးအတွက် တတ်တတ်ကြွကြွ ပါဝင်ခဲ့တာဟာ ထူးထူးကဲကဲ ချီးကျူးစရာ ဖြစ်တယ်လို့ J Carter က ပြောပါတယ်။ မဲရုံတွေကို လေ့လာစစ်ဆေးကြည့်သလောက်လည်း ကြီးကြီးမားမား ပြဿနာမျိုးမရှိခဲ့ဘူးလို့ ပြောပါတယ်။

“ ကျနော်တို့သွားတဲ့ မဲရုံအချို့မှာ ပြသနာအသေးလေးတွေကိုတော့ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း မဲရုံဝန်ထမ်းတွေ အတွေ့အကြုံမရှိတာနဲ့၊ မဲရုံလုပ်သားမလုံလောက်မှုတွေကြောင့်ဖြစ်တယ်လို့ ယူဆပါတယ်။ တခုကတော့ မဲဆန္ဒနယ်ပြင်ပမှာ ပေးခဲ့တဲ့ ကြိုတင်မဲတွေကိစ္စကိုတော့ ကျနော်တို့ စိုးရိမ်မကင်းဖြစ်ပါတယ်။ မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲပေးမှုတွေကို စစ်ဆေးကြည့်ရှုခွင့်မရတဲ့အပေါ် စိုးရိမ်မကင်းဖြစ်ရတဲ့အကြောင်းကို ကျနော်တို့ ကာတာစင်တာရော အခြားနိုင်ငံတကာစောင့်ကြည့်သူတွေပါ အစီရင်ခံ ထုတ်ပြန်ခဲ့ပြီးပါပြီ။”

ရွေးကောက်ပွဲကို လာရောက် စစ်ဆေးကြည့်ရှုတဲ့အထဲမှာ Elders လို့ခေါ်တဲ့ နိုင်ငံတကာက ထင်ရှားတဲ့ခေါင်းဆောင်ဟောင်းတွေ ပါဝင်ဖွဲ့စည်းထားတဲ့ ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ကြီးက Mary Robinson လည်း တဦး အပါအဝင်ဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီလို အပြောင်းအလဲတွေ ဖြစ်လာတဲ့အပေါ် မြန်မာလူထုကို အဓိက ချီးကျူးမိတယ်လို့ ပြောပါတယ်။

“ ရွေးကောက်ပွဲနေ့တနေ့တင်မကပါဘူး ဒီမတိုင်ခင် လတွေ နှစ်တွေကတည်းက မြန်မာပြည်သူတွေအနေနဲ့ မြန်မာနိုင်ငံကြီး အပြောင်းအလဲဖြစ်စေရေး ရှေ့ဆက်သွားနိုင်ဖို့ ထူးထူးကဲကဲ ပိုင်းဖြတ် ပြင်ဆင် ဆောင်ရွက်ချက်အပေါ်မှာ အင်မတန်ကို ချီးကျူးမိပါတယ်။”

ရွေးကောက်ပွဲနေ့မှာ မနက်အစောပိုင်းကတည်းက လာရောက်မဲပေးကြသူတွေနဲ့ တန်းအရှည်ကြီးဖြစ်နေပြီး၊ ရွေးကောက်ပွဲအပေါ် တတ်တတ်ကြွကြွ စိတ်အားထက်သန်နေကြတယ်လို့ နိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ ကာတာ စင်တာအပါအဝင် နိုင်ငံတကာစောင့်ကြည့်ရေ။အဖွဲ့တွေအနေနဲ့ မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲပေးမှုတွေကို လေ့လာခွင့်မရခဲ့ပေမယ့်လို့။ အခု ရွေးကောက်ပွဲနေ့မှာတော့ တပ်စခန်းတွေထဲက မဲရုံတွေကိုတော့ သွားရောက်ခွင့်ရခဲ့တယ်လို့ J Carter က ပြောပါတယ်။

“ စစ်တပ်တွင်းက မဲရုံတွေကို သွားရောက်ကြည့်ရှုခွင့်ရခဲ့ပါတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း စစ်တပ်က မဲရုံ လေး ငါးခုလောက်ကို သွားရောက်ခွင့်ရခဲ့ပါတယ်။ အဲဒီမှာတော့ အတိုက်အခံပါတီအပါအဝင် ပါတီက ကိုယ်စားလှယ်တွေပါ ရှိနေတာတွေ့ရပါတယ်။ ဖြစ်ရပ်အနည်းအကျဉ်းကလွဲရင်တော့၊ အားလုံးခြုံပြောရင် စစ်တပ်တွင်းက မဲရုံတွေကို သွားရောက်ကြည့်ရှုခွင့်တွေ ရခဲ့ပါတယ်။”

သူတို့အနေနဲ့ စိုးရိမ်မကင်းဖြစ်တဲ့ အထဲမှာတော့ ပြည်ထာင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ အခု မဲဆန္ဒရလဒ်တွေ ထုတ်ပြန်ပေးမှု နောက်ကျတဲ့အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့်လည်း လာမယ့် ရက်တွေအထိ အခြေအနေတွေကိုတော့ ကာတာစင်တာ အနေနဲ့ စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။ ကာတာစင်တာ မြန်မာနိုင်ငံရုံးခွဲကို ၂၀၁၃ ခုနှစ်နှောင်းပိုင်းက စ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၊ ၂၀၁၄ ခုနှစ်ကတည်း က ရွေးကောက်ပွဲ ရေရှည် စောင့်ကြည့်မှုတွေ လုပ်ခဲ့ပါတယ်။ အခု ရေတိုစောင့်ကြည့်သူတွေကိုလည်း ရွေးကောက်ပွဲနေ့မှာ တိုင်းနဲ့ပြည်နယ်အားလုံးကို ပို့ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

please wait

No media source currently available

0:00 0:03:39 0:00
တိုက်ရိုက် လင့်ခ်

EU EOM သတင်းစာရှင်းလင်းပွဲ

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ကြိုတင်မဲပေးတဲ့ လုပ်ငန်းစဉ်တွေမှာ ပွင့်လင်းမြင်သာမှု မရှိပေမယ့်လို့မဲပေးတဲ့လုပ်ငန်းစဉ်မှာတော့ ကောင်းမွန်တယ်လို့ ဥရောပသမဂ္ဂလေ့လာရေးအဖွဲ့ EU EOM က ပြောလိုက်ပါတယ်။ မဲဆွယ်စည်းရုံးရေးကာလတွေမှာ အာဏာရကြံ့ခိုင်ဖွံဖြိုးရေးပါတီအနေနဲ့ မမှန်မကန် လုပ်တာတွေ ရှိခဲ့သလို တစ်ချို့နိုင်ငံရေးပါတီတွေကလည်း ဘာသာရေးကို ရှေ့တန်းတင် မဲဆွယ်ခဲ့တယ်လို့ EU EOM အဖွဲ့ရဲ့ ရွေးကောက်ပွဲနဲ့ပတ်သတ်လို့ ကနေဦးတွေ့ရှိချက်မှာ ပါရှိပါတယ်။ ဒီကနေ့ ရန်ကုန်မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ EU EOm အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်းကိုတော့ ကိုယ်တိုင်သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ကျင်းပခဲံ့တဲ့ ပါတီစုံရွေးကောက်ပွဲမှာ အပြုသဘောဆောင်ပြီးတော့ မဲပေးတဲ့ လုပ်ငန်းစဉ်မှာလည်း ၉၅ ရာခိုင်နှုန်းက ကောင်းမွန်တယ်လို့ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ EU EOM ဥရောပ သမဂ္ဂရွေးကောက်ပွဲလေ့လာရေးအဖွဲ့က ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း ကြိုတင်မဲတွေမှာတော့ ပိုပြီး ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်လို့ ဒီအဖွဲ့ရဲ့ လေ့လာရေးမှုးချုပ် Alxender Graf Lambsdorff က တိုက်တွန်းလိုက်ပါတယ်။

“မဲဆန္ဒနယ်ပြင်ပက ကြိုတင်မဲတွေကို မြို့နယ်ကော်မရှင်ရုံးတွေမှာ ရေတွက်နေကြတာကို ဆက်လက်ပြီး အကဲခတ်နေပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဒီလိုလုပ်ငန်းစဉ်မျိုးက ပွင့်လင်းမြင်သာမှုမရှိနိုင်ဘူးလို့ ယူဆပါတယ်။ နောက်တခါကျရင်တော့ ဒါတွေကိုပြင်သင့်ပါတယ်။ မဲဆန္ဒနယ်တွင်းက ကြိုတင်မဲရေတွက်တာကတော့ပိုပြီးပွင့်လင်းမြင်သာတာ အကဲခတ်ခွင့်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေနဲ့ မဲရုံတာဝန်ကျသူတွေက လုပ်ထုံးလုပ်နည်းတွေကို သိပ်နားမလည်ကြဘဲ ဘယ်သူတွေက ကြိုတင်မဲပေးခွင့်ရှိတာလဲ၊ မဲပေးပြီး မဲလက်မှတ်တွေကို ဘယ်လိုစံနစ်တကျ သိမ်းဆည်းထားရမလဲ စတာတွေကို စံနစ်တကျ တပုံစံတည်း လုပ်တာမတွေ့ခဲ့ရပါဘူး။ “

ရွေးကောက်ပွဲမကျင်းပခင်မှာ မဲစာရင်းအမှားယွင်းတွေကြောင့် ပြည်သူအများစုက စိုးရိမ်ခဲ့ကြပေမယ့်လို့ တကယ့်ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာတော့ ၇ ရာခိုင်နှုန်းလောက်သာ မှားယွင်းမှု ရှိခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ EU EOM အဖွဲ့ရဲ့ ကနေဦး အစီရင်ခံစာမှာ ပါရှိပါတယ်။ ဒီအဖွဲ့အနေနဲ့ စစ်တပ်နယ်ပယ်တွင်းက မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲပေးမှုတွေမှာ လေ့လာခွင့်ရမယ်လို့ အစောပိုင်းက ကနေဦးပြောကြားခဲ့ပေမယ့် လေ့လာခွင့်မရဘူးလို့ ဆိုပါတယ်။

“ကြိုတင်မဲပေးတာအပါအဝင် စစ်တပ်က မဲပေးပုံတွေကိုလေ့လာဖို့ အကြိမ်ကြိမ် ဆွေးနွေးခဲ့ပေမဲ့ ဝင်ခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲနေ့မှာတော့ ကျနော်တို့ထင်ထားတာနဲ့ပြောင်းပြန်ဖြစ်သွားပြီး စစ်တပ်ထဲကမဲရုံတွေကို အကဲခတ်ခွင့်ရခဲ့တဲ့ အပြုသဘောဆောင်တဲ့ ဖြစ်ထွန်းမှုတွေပါဘဲ။ ကျနော်တို့ရဲ့အကဲခတ်တွေနဲ့အတူ တခြားနိုင်ငံတကာအကဲခတ်အဖွဲ့တွေပါ စစ်တပ်ကမဲပေးပုံတွေကို အကန့်အသတ်မရှိ ဝင်ခွင့်ရခဲ့တာကို ဝမ်းမြောက်ကြပါတယ်။ အဓိက အတိုက်အခံပါတီ ရဲ့ မဲရုံကိုယ်စားလှယ်တွေပါအပါအဝင်စစ်တပ်ကတန်းလျားတွေထဲ စံနစ်တကျမဲပေးနေကြတာကိုလည်းအကဲခတ်ခွင့်ရခဲ့ပါတယ်။”

မဲဆွယ်စည်းရုံးမှု ကာလတွေမှာ သမ္မတဦးသိန်းစိန် တရားဝင် ခရီးစဉ်တွေမှာကြံခိုင်ရေး ပါတီအလံ အရောင်တွေနဲ့ ကြိုဆိုနေတဲ့အတွက် နိုင်ငံတော်နဲ့ ပါတီ ကွဲပြားမှုမရှိဘူးလို့ ဝေဖန်ထားပါတယ်။ ဒါ့အပြင် လက်ရှိ အာဏာရ ပါတီအနေနဲ့ ဟောပြောပွဲတွေမှာမွတ်ဆလင်အုပ်စုတွေကို ဦးတည်တိုက်ခိုက် ပြောကြားခဲ့ပေမယ့်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ အရေးယူခြင်းမရှိသေးသလို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း တပ်မတော်သားတွေနဲ့ တွေ့ဆုံတုန်းက လူမျိုးနဲ့ ဘာသာကို ကာကွယ်စောင့်ရှောက်မယ့် ကိုယ်စားလှယ်တွေကို မဲပေးဖို့ တိုက်တွန်းမှုတွေ ရှိခဲ့တယ်လို့ ဒီအဖွဲ့က ထောက်ပြပြောဆိုလိုက်ပါတယ်။ တစ်ချို့နိုင်ငံရေးပါတီတွေအနေနဲ့ မဘသအဖွဲ့က အမျိုးဘာသာစောင့်ရှောက်ရေးကို ရှေ့တန်းတင်ရာမှာ စိုးရိမ်ဖွယ်ရာ အကြောင်းအရင်းဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ရွေးကောက်ပွဲကာလမှာ မီဒီယာတွေရဲ့ သတင်းရေးသားမှု အပိုင်းကိုတော့

“နိုင်ငံပိုင်မီဒီယာတွေက ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ငန်းတွေ၊ သမ္မတရဲ့ခရီးစဉ်တွေနဲ့ အစိုးရပိုင်းကိုဘဲ သတင်းအဖြစ်ဦးစားပေးဖေါ်ပြတာတွေ့ရပါတယ်။ ပုဂ္ဂလိကသတင်းဂျာနယ်တွေ၊ နိုင်ငံတကာသတင်းဌာနတွေနဲ့ Social မီဒီယာ လူမှုကွန်ယက်တွေကတော့ မဲဆွယ်စည်းရုံးရေးသတင်းတွေကိုဖေါ်ပြကြတာတွေ့ရပါတယ်။”

ဒီရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ ပါဝင်မှု နည်းနေသေးတဲ့အတွက် အနာဂတ်ရွေးကောက်ပွဲတွေမှာ ဒီ့ထက်ပို ပါဝင်သင့်တယ်လို့ EU EOM အဖွဲ့က တိုက်တွန်းပြောကြားထားပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ ဒီအဖွဲ့ဝင် ၁၅၀ ဟာ မဲရုံ ၅၀၀ ကျော်ကို စောင့်ကြည့်လေ့လာခဲ့တာလည်း ဖြစ်ပါတယ်။ နောက်ကျင်းပမယ့် ရွေးကောက်ပွဲတွေအတွက် နည်းပညာပိုင်းဆိုင်ရာ အကြံပြုချက်တွေ ပါဝင်မယ့် အပြီးသတ်အစီရင်ခံစာကို နောက်ပိုင်းမှာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ လွှတ်တော်နေရာအများစုကို အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရနေတာလည်း ဖြစ်ပါတယ်။

please wait

No media source currently available

0:00 0:04:03 0:00
တိုက်ရိုက် လင့်ခ်

ANFREL သတင်းစာရှင်းလင်းပွဲ

နိုဝင်ဘာ ၈ရက်နေ့က ကျင်းပခဲ့တဲ့ သမိုင်းဝင် ၂၀၁၅ ရွေးကောက်ပွဲဟာ ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲ မဟုတ်ပေမယ့်လည်း ဒီရွေးကောက်ပွဲ ဟာ မြန်မာ့ဒီမိုကရေစီ ပြောင်းလဲရေးဖြစ်စဉ် တိုးတက်ဖို့ ပထမခြေလှမ်းဖြစ်ဖို့ မျှော် လင့်တယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ANFREL က ပြောလိုက်ပါတယ်။

၂၀၁၅ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ ကြိုတင်မဲတွေကို ကိုင်တွယ်တဲ့နေရာမှာ မဲရုံတစ်ခုနဲ့ တစ်ခု မတူညီ တာမျိုး၊ စနစ်မကျတာမျိုးတွေ တွေ့ရသလို စစ်တပ်နယ်မြေတွေမှာ ကြိုတင်မဲပေးတာနဲ့ ပတ်သက်လို့ စောင့် ကြည့်လေ့လာခွင့် မရတာက စိုးရိမ်စရာ ဖြစ်တယ် လို့ ANFREL အဖွဲ့ရဲ့ ဥက္ကဌ Mr.Damaso G. Magbual က ဒီကနေ့ မီကာဆာ ဟိုတယ် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

မဲရုံတွေဆီကို သတ်မှတ်ထားတဲ့ အချိန် ကျော်လွန်ပြီးမှ ရောက်တာနဲ့ ကြိုတင်မဲတွေကို ပယ်ဖျက်သင့်သလို ဒီ ကိစ္စတွေနဲ့ ပတ်သက်လို့ ပိုပြီး လေးနက်တဲ့ စုံစမ်းမှုမျိုး လုပ်ဖို့လိုတယ်လို့ ANFREL အဖွဲ့ရဲ့ Mission Director Ichal Supriadi က ပြောပါတယ်။

White Card ကိုင်ဆောင်ထားတဲ့ ရိုဟင်ဂျာတွေအပါအဝင် လူနည်းစု တိုင်းရင်းသားတွေအနေနဲ့ ၂၀၁၀ ရွေး ကောက်ပွဲမှာ မဲပေးခွင့် ရခဲ့ပေမယ့် အခု တစ်ခေါက် ရွေးကောက်ပွဲမှာ မဲပေးခွင့်မရှိတာဟာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာ အချို့ဒေသတွေဟာ အရင်ကာလတွေထက်စာရင် သိသာ ထင်ရှားတဲ့ နောက်ကြောင်း ပြန်လှည့် တာမျိုးဖြစ်နေတယ်လို့ ANFREL အဖွဲ့က မြန်မာ့ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ ကြားဖြတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၈ရက်နေ့ ရွေးကောက်ပွဲမှာ နိုင်ငံသားတော်တော်များများ မဲပေးခွင့်ဆုံးရှူံးတာနဲ့ပတ်သက်လို့ ANFREL အဖွဲ့ရဲ့ ဥက္ကဋ္ဌ Mr.Damaso G. Magbual က ပြောပါတယ်။

အခု ရွေးကောက်ပွဲပြီးသွားပေမယ့်လည်း မဲစာရင်းတိကျမှန်ကန်မှုက ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်လာနိုင်ခြေ အတွက် အင်မတန်အရေးကြီးလို့ ANFREL အဖွဲ့က Ichal Supriadi က ပြောပါတယ်။

ANFREL အဖွဲ့ရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ၄၇ယောက်ဟာ ပြည်နယ်နဲ့ တိုင်း ၁၄ခုမှာရှိတဲ့ မဲရုံ ၃၀၀ကျော်မှာ လေ့လာစောင့်ကြည့် ခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ် ကို ဆက်ပြီး လေ့လာစောင့်ကြည့် သွားမှာဖြစ်သလို ရွေးကောက်ပွဲ ရလဒ်နဲ့ အငြင်းပွားမှုတွေကို ဆက်ပြီး စောင့်ကြည့်သွားမှာဖြစ်ပါတယ်။

please wait

No media source currently available

0:00 0:03:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG