သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Boston တိုက်ခိုက်မှု နိုင်ငံတကာရှုတ်ချ


ဧပြီလ ၁၅ ရက်နေ့ ဗုံးပေါက်ကွဲပြီးနောက် ဆေးဝန်ထမ်းတွေ ကနေ ထိခိုက်ဒဏ်ရာရသူတွေကို ကယ်ထုတ်နေစဉ်
ဧပြီလ ၁၅ ရက်နေ့ ဗုံးပေါက်ကွဲပြီးနောက် ဆေးဝန်ထမ်းတွေ ကနေ ထိခိုက်ဒဏ်ရာရသူတွေကို ကယ်ထုတ်နေစဉ်
အမေရိကန် ပြည်ထောင်စုမှာ လူအများအပြား ထိခိုက်သေဆုံးခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အာဏာပိုင်တွေ စတင် စုံစမ်းစစ်ဆေး နေချိန်မှာပဲ နိုင်ငံတကာ အသိုင်းအဝိုင်းက တိုက်ခိုက်မှုအပေါ် ပြစ်တင်ရှုတ်ချသံတွေလည်း ထွက်ပေါ်လာ ကြပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း လူမဆန်တဲ့ လုပ်ရပ်အဖြစ် ပြစ်တင်လိုက်သလို၊ ဥရောပသမဂ္ဂ (EU) ကလည်း စက်ဆုပ်စရာ တိုက်ခိုက်မှုအဖြစ် ပြောဆိုခဲ့တာပါ။ အလားတူ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO) ကအစ အာဖဂန်၊ ပါကစ္စတန်နိုင်ငံတွေအဆုံး အကြမ်းဖက်လုပ်ရပ်အပေါ် ရှုတ်ချခဲ့ကြပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းက တုံ့ပြန်မှုတွေနဲ့ တချိန်တည်းမှာပဲ အမေရိကန် အစိုးရ အာဏာပိုင်တွေကတော့ တိုက်ခိုက်မှုရဲ့ လက်သည်တွေ ပေါ်ပေါက်အောင် စတင်ကြိုးပမ်းနေတဲ့အကြောင်းကို မဆုမွန်က တင်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စု Massachusetts ပြည်နယ် Boston မြို့မှာ အနည်းဆုံး လူ သုံးဦး သေဆုံးပြီး၊ နောက်ထပ် လူပေါင်း ၁၄၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ဗုံးနှစ်လုံးပေါက်ကွဲမှုရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေသလဲ ဆိုတာကို အာဏာပိုင်တွေ အပူတပြင်း စုံစမ်းနေကြပါတယ်။ တနင်္လာနေ့က နာမည်ကျော် Boston မာရသွန်တာဝေး အပြေးပြိုင်ပွဲ ပန်းဝင်မယ့် နေရာအနီးတဝိုက်က ပေါက်ကွဲမှုကို ဖော်ထုတ်နိုင်ဖို့ အခုအခါ အမေရိကန် ဗဟိုအစိုးရ စုံစမ်းစစ်ဆေးရေး ဗျူရို (FBI) က ဦးဆောင်ပြီး၊ တခြား အစိုးရအေဂျင်စီတွေ ကြိုးပမ်းနေကြတာပါ။

တိုက်ခိုက်မှုဖြစ်ပွားပြီး နောက်တရက်မှာပဲ ဘော်စတွန်မြို့ ဆင်ခြေဖုံးက Revere အရပ်မှာရှိတဲ့ အိမ်ခန်းတွဲတခုကို FBI တာဝန်ရှိသူတွေ ဝင်ရောက် ရှာဖွေခဲ့ကြပါတယ်။ မီတာ ၁၀၀ အကွာအတွင်း ဆက်တိုက်နီးပါး ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှု ၂ ခုနဲ့ ပတ်သက်လို့ ဘယ်သူဘယ်ဝါ လက်ချက်ဆိုတာ အခုအထိတော့ တိတိကျကျ မသိရသေးပေမဲ့ မပေါ်ပေါ်အောင် စုံစမ်းဖော်ထုတ်သွားမှာ ဖြစ်တဲ့အကြောင်း ပေါက် ကွဲမှုတွေ ဖြစ်ပွားအပြီး နာရီပိုင်းအကြာမှာပဲ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောဆိုထားတာ ဖြစ်ပါတယ်။
Boston ဗုံးကွဲပြီးနောက် သမ္မတ အိုဘားမား မိန့်ခွန်းပြောကြား
Boston ဗုံးကွဲပြီးနောက် သမ္မတ အိုဘားမား မိန့်ခွန်းပြောကြား

“ဒါဟာ ဘယ်သူဘယ်ဝါရဲ့ လက်ချက်ဖြစ်တယ်၊ ဘာ့ကြောင့် ဒီလိုလုပ်တယ်ဆိုတာကို ကျနော်တို့ မသိသေးပါဘူး။ ကျနော်တို့ သတင်းအချက်အလက်တွေ အားလုံး ပြည့်ပြည့်စုံစုံ မရသေးခင်မှာ လူတွေအနေနဲ့လည်း အစောတလျင် ကောက်ချက်ချတာမျိုးတွေ မဖြစ်စေချင်ပါဘူး။ ဒါပေမဲ့ သေချာတာကတော့ ကျနော်တို့ ဒီကိစ္စကို ခြေခြေမြစ်မြစ် စုံစမ်းမယ်၊ ဘယ်သူလုပ်တယ် ဆိုတာကို ကျနော်တို့ ဖော်ထုတ်မယ်။ ဘာ့ကြောင့် လုပ်တယ်ဆိုတာကို ကျနော်တို့ ဖော်ထုတ်မယ်။”

ပေါက်ကွဲမှုဖြစ်ချိန် မာရသွန်ပြိုင်ပွဲဝင်သူပေါင်း ၂ သောင်း ၃ ထောင်ကျော်ရှိပြီး၊ ပထမဆုံး မာရသွန် အပြေးသမားက ပန်းဝင်လိုင်းကို ဖြတ်ကျော်ပြီး သိပ်မကြာခင်မှာပဲ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တဲ့နောက် ပြိုင်ပွဲကိုလည်း ရပ်ခဲ့ရတာပါ။ ဒေသခံ Boston Globe သတင်းစာကတော့ ဒဏ်ရာရသူတွေထဲမှာ ကိုယ်အင်္ဂါအစိတ်အပိုင်း ပြတ်တောက်ကုန်သူတွေ ပါတယ်လို့လည်း လုံခြုံရေးအာဏာပိုင်တွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။
ဘော်စတွန်မြို့မှာ ၇ နှစ်ကျော်ကြာ ရိုးမအမည်ရတဲ့ စားသောက်ဆိုင်တဆိုင် ဖွင့်လှစ်ထားတဲ့ မြန်မာမြို့ခံတဦးဖြစ်တဲ့ ဦးစိုင်းလုကျော် ကတော့ ပေါက်ကွဲမှုနဲ့ ပတ်သက်တဲ့ သူ့အတွေ့အကြုံကို အခုလို ပြောပြပါတယ်။

“၂ နေရာ ၃ နေရာပဲပေါက်တာ ပထမ သူတို့ Finish Line မှာ မာရသွန်ပြေးလာပြီးတော့ မောတဲ့လူတွေ ထားတဲ့နေရာပေါ့နော်၊ အဲ့ဒီမှာတဲတွေလိုမျိုးရှိတယ်။ အဲ့ဒီနေရာမှာပေါက်တာ။ ပေါက်တာ သူတို့ပြောတာကတော့ အမှိုက်ပုံကစပြီးတော့မှ ဗုံးတွေကို အဝေးကနေ Remote နဲ့ နှိပ်ပြီး ဖောက်တဲ့ဗုံးပေါ့။ လူကတော့ ၂ ယောက် ၃ ယောက်လောက် သေတယ်။ ဒဏ်ရာရတဲ့လူက အများကြီးပဲ။ သူတို့ အဲ့ဒီအနားမှာ ဆေးရုံရှိတယ်လေ။ အရေးပေါ်ကားတွေလည်း ဝင်ထွက်နေကြတာပဲ။ အခု ဒီမှာ လေဆိပ်တွေ ဘာညာ အားလုံးပိတ်လိုက်ပြီလေ။ အခု လေယာဉ်အဝင်အထွက် မပေးတော့ဘူး။ လမ်းတွေ၊ မြေအောက်ရထား Subway တွေပါ ပိတ်ပြီလေ။ လူတွေက သွားလာဖို့ အခက်အခဲ ရှိပြီလေ။ သူက နိုင်ငံတကာက လာပြိုင်ကြတာကိုး။ နိုင်ငံ တော်တော် များများက တော်တဲ့လူတွေ လာပြိုင်ကြတဲ့ အခါကြတော့ တော်တော်စည်တဲ့ပွဲပါ။ ကျနော်တို့ ဒီမှာက ဒီနေ့က ရုံးပိတ်ရက် အားလပ်ရက်ဆိုတော့ ဘော်စတွန် မာရသွန်မှာ လူတွေက အာရုံစိုက်ကြတယ်လေ။”

ပေါက်ကွဲမှုတွေ ဖြစ်ပြီးပြီးချင်းဆိုသလို သမ္မတရဲ့ လုံခြုံရေး အထူးတပ်ဖွဲ့ဖြစ်တဲ့ Secret Service ကတော့ အိမ်ဖြူတော်ပြင်ပက Pennsylvania Avenue လမ်းမကြီးကို ပိတ်ထားလိုက်ပေမဲ့ သမ္မတအိမ်တော်ကတော့ ပုံမှန် အစီအစဉ်တွေအတိုင်း ဆောင်ရွက်ခဲ့ကြပါတယ်။

ဘော်စတွန်မြို့မှာတော့ ပေါက်ကွဲမှုတွေရဲ့ နောက်ဆက်တွဲအဖြစ် လုံခြုံရေးတွေကို တင်းကျပ်ထားတဲ့အကြောင်း မြို့ခံ ဦးစိုင်းလုကျော် ကပြောပါတယ်။

“နောက်ပြီးတော့ ကိုယ့်မှာ information တခုရှိတယ်၊ ခုနဗုံးပေါက်ကွဲတဲ့ နေရာမှာ တခုခုမြင်တယ်၊ သူတို့လိုချင်တဲ့ information အတွက် သူတို့ရဲ့ Hotline ကို ဖုံးခေါ်ဖို့။ အခု မြို့လယ်ခေါင်မှာဆိုရင်လည်း ဘယ်သူမှ မလာကြဖို့ အစိုးရ တာဝန်ရှိတဲ့လူတွေ၊ Homeland Security က လူတွေက သူတို့လိုချင်တဲ့ information တွေကို အဲ့ဒီမှာ စုံစမ်းစစ်ဆေးတဲ့နေရာ Crime Scene (မှုခင်းဖြစ်ပွားရာ) နေရာလိုမျိုး ဖြစ်ထားတော့ ဘယ်သူမှ သွားလို့လည်း မရဘူး။ ကျနော်နဲ့ အဲ့ဒီနေရာနဲ့က ၅ မိနစ် ၆ မိနစ်လောက် ကားမောင်းရတယ်။ ကျနော်တို့ဆိုင်နဲ့ အဲ့ဒီမြို့လယ်နေရာနဲ့က။”

ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုက နောက်ထပ် မြို့ကြီးတွေ ဖြစ်ကြတဲ့ မြို့တော် Washington D.C.၊ New York၊ Los Angeles နဲ့ San Francisco မြို့တွေမှာလည်း လုံခြုံရေးတွေကို တင်းကျပ်ထားလိုက်ကြပါတယ်။

အမေရိကန် ပြည်ထောင်စုက သွေးထွက်သံယို ဖြစ်ရပ်နဲ့ ဆက်နွယ်ပြီး ဗြိတိန်နိုင်ငံမှာလည်း လာမယ့် တနင်္ဂနွေနေ့ ကျင်းပမယ့် နိုင်ငံတကာ အားကစားပွဲတခုဖြစ်တဲ့ လန်ဒန်မာရသွန်ပြေးပွဲအတွက် လုံခြုံရေးအစီအစဉ်တွေကို ပြန်လည် စိစစ်သွားမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
XS
SM
MD
LG