သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ လွှတ်တော်သစ် နိုင်ငံတကာ ကြိုဆို


မြန်မာပြည်သူတွေ ရွေးကောက် တင်မြှောက်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ နေရာ အများစု ရထားတဲ့ ပြည်သူ့လွှတ်တော် ဒုတိယ သက်တမ်း မနေ့က စတင်နိုင်ခဲ့ပါပြီ။ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း မြန်မာ့သမိုင်းဝင်နေ့အဖြစ် ဂုဏ်ပြုစကား အသီးသီး ပြောဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အလွန်အရေးကြီးတဲ့ ခြေလှမ်း တရပ်ဖြစ်တယ်လို့လည်း အသိအမှတ်ပြု ထုတ်ဖေါ်ပြောခဲ့ကြတာပါ။ မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

စစ်ဗိုလ်ချုပ်ဟောင်းတွေ လွှမ်းမိုးထားခဲ့တဲ့ အရင်ပြည်ထောင်စု လွှတ်တော် ငါးနှစ် သက်တမ်း ပြီးဆုံး သွားပြီးနောက် ဖေဖေါ်ဝါရီလ (၁)ရက်နေ့က စတင်ခဲ့ တဲ့ ပြည်သူ့လွှတ်တော်အပါအဝင် အမျိုးသားလွှတ်တော်၊ ပြည်နယ်နဲ့ တိုင်းလွှတ်တော် အသီးသီး မှာ ဒေါ်အောင်ဆန်းစုကြည်တဲ့ ဦးဆောင်တဲ့ NLDက ရွေးကောက်ခံ ကိုယ်စားလှယ်တွေ ဟာ နေရာ အများစုကို ရရှိထားတာပါ။

ဒါကြောင့် ဒီတကြိမ် လွှတ်တော် သက်တမ်း စတင်ဖွင့်လှစ်တဲ့နေ့မှာ ပင်နီတိုက်ပုံနဲ့ ပင်နီအကျီၤ အရောင်တွေ ဝတ်ဆင်ထားတဲ့ကိုယ်စားလှယ်တွေဟာ လွှတ်တော်ထိုင်ခုံ အများစုကို လွှမ်းမိုးထားတဲ့မြင်ကွင်း ဟာ နိုင်ငံတကာ သတင်းစာ မျက်နှာတွေမှာ ထူးခြားတဲ့ ပုံရိပ်တွေဖြစ်စေခဲ့ပါတယ်။ အခုလို မြန်မာပြည်သူတွေ တခဲနက် မဲပေးခဲ့ကြတဲ့ လွှတ်တော် ကိုယ်စားလှယ် အသစ်တွေကို လည်း နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်းကြိုဆို ဂုဏ်ပြုခဲ့ကြပါတယ်။

ဒါဟာ ဒီမိုကရေစီစနစ် ထွန်းကားဖို့ မြန်မာပြည်သူတွေ ဟာ စစ်အာဏာရှင်တွေကို အရှုံးမပေးပဲ မကြောက်မရွံ့ သတ္တိရှိရှိ ကြိုးစားအားထုတ်ခဲ့တဲ့ ရလဒ်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနမှာ မနေ့ကပြုလုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောခွင့်ရ ပုဂ္ဂိုလ် John Kirby ကပြောသွားပါတယ်။

"မြန်မာနိုင်ငံမှာ ပြည်ထောင်စု လွှတ်တော် သက်တမ်းအသစ် စတင်ဖွင့်တဲ့နေ့မှာ တက်ရောက် လာကြတဲ့ လွှတ်တော် ကိုယ်စားလှယ်သစ် အားလုံးကို အမေရိကန်ပြည်ထောင်စု အနေနဲ့ဂုဏ်ပြုပါတယ်။ ပထမဆုံးအကြိမ် မဲပေးသူတွေ အပါအဝင် နိုင်ငံတဝှမ်းကလူသန်းပေါင်းများစွာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၈)ရက်နေ့ ရွေးကောက်ပွဲမှာ သူတို့ရဲ့ကိုယ်စားလှယ်တွေကို မဲပေးရွေးချယ် ခဲ့ကြပါတယ်။ ဒီရလဒ်ဟာ နှစ်ပေါင်းများစွာ မြန်မာပြည်သူတွေပြခဲ့တဲ့ သတ္တိနဲ့ အနစ်နာခံမှုတွေရဲ့ သက်သေပဲဖြစ်ပါတယ်။ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသားပေါင်း (၁၀၀)ကျော်လည်း လွှတ်တော် ကိုယ်စားလှယ်တွေ အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရပါတယ်။"

ဒါ့အပြင် အရေးကြီးပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ် အပြည့်အဝရှိတဲ့ လွှတ်တော်နဲ့ အရပ်သား အစိုးရဖြစ်လာဖို့ လိုအပ်ချက်တွေရှိနေသေးပေမယ့် အခုလို လွှတ်တော်မှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ နေရာရလာတာဟာ မြန်မာ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အရေးကြီးတဲ့ တိုးတက်တဲ့ခြေလှမ်း တရပ်လည်းဖြစ်တယ်လို့ John Kirby ကဆိုပါတယ်။

"အမျိုးသားရေး၊ ညီညွတ်ရေး၊ စိတ်ဓါတ်နဲ့ အတူလက်တွဲ အလုပ်လုပ်နေကြ တဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေရဲ့ တစိုက်မတ်မတ်ကြိုးစားမှုတွေကြောင့် အမေရိကန် အစိုးရအနေနဲ့ အားတက်မိပြီး အသွင်ကူးပြောင်းရေး ကာလနဲ့ အဲ့ဒီနောက်ပိုင်းမှာပါလည်း ဆက်လက်ဆောင်ရွက်ကြမယ်လို့ မျှော်လင့်မိပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့လည်း အစိုးရသစ်ကို ပံ့ပိုးကူညီဖို့ အဆင့်သင့်ဖြစ်နေပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဖွံ့ဖြိုးရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ဆက်လက်လုပ်ဆောင်နေတာတွေကိုလည်း ကူညီဖို့ ကတိကဝတ်တွေလည်း ဆက်ပြီးရှိနေပါတယ်။ အခုလွှတ်တော်အသစ် ကိုလည်း ပံ့ပိုးကူညီဖို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ မျှော်လင့်နေပါတယ်။"

အလားတူ ရန်ကုန် အမေရိကန်သံရုံးကလည်း လွှတ်တော်တက်ရောက်လာတဲ့ အသစ်ရွေးကောက် တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဂုဏ်ပြုကြောင်း ကြေညာချက်ကို မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အခုလို NLD ကိုယ်စားလှယ်တွေ လွှမ်းမိုးထားတဲ့ လွှတ်တော် သက်တမ်း အသစ် အောင်အောင်မြင်မြင် စတင်နိုင်ခဲ့ တာဟာ သမိုင်းဝင်တဲ့ဖြစ်ရပ် လို့လည်း မနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲ မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ရဲ့ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric ကပြောသွားပါတယ်။

"သမိုင်းဝင်တဲ့ ဖြစ်ရပ် ဆိုတာ အထင်အရှားပါပဲ။ ဒါဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်ပြန်လည် ထူထောင်ဖို့ အလွန် အရေးပါတဲ့ခြေလှမ်း တရပ်လည်းဖြစ်ပါတယ်။"

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နည်းလမ်းနဲ့ ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ လွှတ်တော်ပေါ်ပေါက် လာတာဟာ နိုင်ငံရေး အာဏာ လွဲှပြောင်းရေးမှာ အလွန် အရေးပါတဲ့အဆင့်ဖြစ်တယ်လို့လည်း ဥရောပ သမဂ္ဂ ပြင်ပဆက်ဆံရေးဌာန ပြောခွင့်ရ အမျိုးသမီး Maja Kocijancic က ဗွီအိုအေကို ပြောပါတယ်။

" မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခြင်း ခံရတဲ့ အစိုးရရဲ့ လွှတ်တော် ကျမ်းသစ္စာ ကျိမ်ဆိုပွဲ ကျင်းပနိုင်တာဟာ အရေးကြီးတဲ့ ခြေလှမ်း တရပ် ဖြစ်ပါတယ်။ နိုင်ငံရေး အာဏာ လွှဲပြောင်းပေးဖို့ ဖော်ဆောင်မှုမှာ အစိုးရသစ်ဟာ ဧပြီလမှာ ရာထူးလက်ခံမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မတူတဲ့ပါတီတွေ နဲ့ တိုင်းရင်းသားတွေကို လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ ဒုတိယဥက္ကဋ္ဌ နေရာမှာ ခန့်အပ်မှုကိုလည်း EU က ကြိုဆိုပါတယ်။ ဒါဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အရေးကြီးတယ်လို့ ကျမတို့ ယူဆပါတယ်။ ကျမတို့ EU ကလည်း လွှတ်တော်သစ်နဲ့အတူ လက်တွဲ ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တိုးတက်အောင်မြင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားဖို့လည်း မျှော်လင့်ပါတယ်။ "

အခုစတင်တဲ့ ဒုတိယအကြိမ် လွှတ်တော် သက်တမ်း မှာတော့ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေဟာ လွှတ်တော်နှစ်ရပ်လုံး မှာ ၈၀% ကျော် အနိုင်ရရှိထားပါတယ်။ အရင်စစ်တပ် ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ ကြံခိုင်ဖွံဖြိုးရေးပါတီရဲ့ လွှတ်တော်နှစ်ရပ်ပေါင်း ကိုယ်စားလှယ် အရေအတွက်ကတော့ စုစုပေါင်းဟာ (၄၁)ယောက်သာရှိပါတယ်။ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ လွှတ်တော်အားလုံးမှာ စစ်တပ်ရဲ့ကိုယ်စားလှယ် (၂၅)%ရှိနေပါတယ်။

XS
SM
MD
LG