သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသမ္မတသစ် နိုင်ငံတကာကြိုဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် ယုံကြည်အားထားရသူ ဦးထင်ကျော်ကို ထောက်ခံမဲအများဆုံးနဲ့ ပြည်ထောင်စု လွှတ်တော်ကနေ သမ္မတအဖြစ် ရွေးကောက် တင်မြှောက်လိုက်တာကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။

နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် အရပ်သားသမ္မတတယောက် ရွေးချယ်လိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန် အရာရှိတွေ အပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ တုံ့ပြန်ချက်တွေအကြောင်း ကိုသိန်းထိုက်ဦးက စုစည်းတင်ပြထားပါတယ်။

ဦးထင်ကျော်ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်တဲ့အတွက် သမ္မတရွေးချယ်မှုဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးကြီးတဲ့ နောက်ထပ် ခြေလှမ်းတခု ဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အာဏာလွှဲပြောင်းနိုင်ရေးအတွက် လက်တွဲ ဆောင်ရွက်နေကြသူတွေနဲ့ အဖွဲ့အစည်းတွေကို ကြိုဆိုတဲ့အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ John Kirby က ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ဒီကြေညာချက်ပါ တချက်တချို့ကို ဖတ်ပြပါတယ်။

“ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်တဲ့ အရပ်သားအစိုးရတရပ် ပေါ်လာဖို့နဲ့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေး ဖြစ်စဉ်တွေဟာ မြန်မာနိုင်ငံ သမိုင်းအတွက် အရေးကြီးတဲ့ ဖြစ်ရပ်တွေပါ။ မြန်မာအစိုးရသစ်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်အရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး တိုးတက်အောင် ဆောင်ရွက်မှုတွေမှာ ကျနော်တို့ ဆက်ပြီး လက်တွဲ ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။”

မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ၊ ဖွံ့ဖြိုးရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေကို အမေရိကန် ပြည်ထောင်စုအနေနဲ့ ဆက်လက် ပံ့ပိုးထောက်ခံဖို့ သန္ဓိဌာန်ချထားတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Josh Earnest ကလည်း ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ဦးထင်ကျော်ကို သမ္မတတဖြစ် ရွေးချယ်မှုအပေါ် ဝမ်းသာကြိုဆိုတဲ့အကြောင်း ပြောဆိုပါတယ်။

“ကျနော်တို့အနေနဲ့ မြန်မာပြည်သူတွေ၊ မြန်မာအစိုးရသစ်နဲ့ ဆက်ပြီး ပူးပေါင်း ဆောင်ရွက်ဖို့ မျှော်လင့်ထားပါတယ်။ နောက်ထပ် ဒီမိုကရေစီရေး အပြောင်းအလဲ ထပ်ပြီး လုပ်ဆောင်တာတွေ အပါအဝင် ကိစ္စရပ် တော်တော်များများမှာလည်း ကျနော်တို့အနေနဲ့ ဆက်ပြီး ပံ့ပိုးသွားမှာပါ၊ ဒီကိစ္စကို သမ္မတအိုဘားမား မြန်မာနိုင်ငံမှာ ရောက်ခဲ့တဲ့ အချိန်ကလည်း ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ တိုးတက်မှုတွေ ရှိလာခဲ့တယ်ဆိုတာကို ငြင်းပယ်စမရာ မရှိပါဘူး။ ဒီထက်ပိုပြီး တိုးတက်အောင် လုပ်ဆောင်ဖို့တွေ လိုအပ်နေတယ်ဆိုတာ ယုံကြည်ပါတယ်။ တချိန်တည်းမှာ မြန်မာပြည်သူတွေနဲ့ မြန်မာအစိုးရက နောက်ထပ် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ရာမှာလည်း ကျနော်တို့က ကူညီပံ့ပိုးသွားမှာဖြစ်ပါတယ်။”

အိမ်ဖြူတော် အမျိုးသားလုံခြုံရေး လက်ထောက် အကြံပေး Ben Rhodes ကလည်း ဗွီအိုအေအမေရိကန်အသံ သတင်းဌာနက တင်ထားတဲ့ ဦးထင်ကျော်ရဲ့ ကိုယ်ရေးရာဇဝင်ကို ကိုးကားပြီး ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို အနီးကပ် ထောက်ခံပံ့ပိုး ပေးသူတဦး ဖြစ်တဲ့အပြင် တက်ကြွလှုပ်ရှားသူ တဦးတယောက်အဖြစ်ကနေ အကျဉ်းသား တယောက်ဖြစ်ခဲ့ဖူးတဲ့အကြောင်း အဲဒီကမှ သမ္မတယောက်ဖြစ်လာခဲ့တယ်ဆိုတာကို Twitter လူမှုကွန်ယက်ကနေ ထုတ်ပြန်ထားပါတယ်။ မြန်မာအစိုးရသစ်နဲ့ လက်တွဲဆောင်ရွက်ဖို့ မျှော်လင့်တဲ့အကြောင်းလည်း Twitter လူမှုကွန်ယက်မှာ Ben Rhodes ရေးသားထားပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ပူးတွဲ ပြောရေးဆိုခွင့်ရှိသူ Faran Haq ကတော့ အရပ်သားအစိုးရသစ်ကို ကြိုဆိုတဲ့အကြောင်းနဲ့ ဒါဟာ တိုးတက်မှု ခြေလှမ်းဖြစ်တဲ့အကြောင်း ဗွီအိုအေကို ပြောဆိုပါတယ်။

“ဦးထင်ကျော် သမ္မတအဖြစ် စတင်တာဝန်ယူတဲ့အခါ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ သဝဏ်လွှာပေးပို့မယ့်အကြောင်း” - လည်း Faran Haq က ဗွီအိုအေကို ပြောဆိုပါတယ်။

ပြည်ထောင်စု လွှတ်တော်ကနေ သမ္မတအဖြစ် ရွေးချယ်လိုက်တဲ့အပေါ် ကြိုဆိုတဲ့အထဲမှာ အမေရိကန်အရာရှိတွေတင် မဟုတ်ပါဘူး။ မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတွေလည်း ပါဝင်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lu Kang ကလည်း သတင်းစာရှင်းလင်းပွဲမှာ ဦးထင်ကျော်ကို သမ္မတသစ်အဖြစ် ရွေးချယ်လိုက်တဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ ဝမ်းသာကြိုဆိုကြောင်း ပြောဆိုသွားပါတယ်။

“တရုတ်နဲ့ မြန်မာနိုင်ငံတွေဟာ အစဉ်အလာအရ မိတ်ဆွေ အိမ်နီးချင်းနိုင်ငံတွေပါ။ နှစ်နိုင်ငံနဲ့ ပြည်သူတွေရဲ့ ရေရှည်၊ အခြေခံ အကျိုးစီးပွားနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ခိုင်မာအောင် တိုးချဲ့ ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာအစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားဖို့ တရုတ်နိုင်ငံအနေနဲ့ မျှော်လင့်ပါတယ်။ မြန်မာပြည်တွင်း တည်ငြိမ်ရေး၊ ဖွံ့ဖြိုးမှု အရှိန်မြင့်လာရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေမှာ တရုတ်က မိတ်ဆွေနိုင်ငံ ပီသတဲ့ မူဝါဒကို ဆက်လက် ကျင့်သုံးပြီး ပံ့ပိုးသွားမှာ ဖြစ်ပါတယ်။”

အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကလည်း အိန္ဒိယနဲ့ မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်းနဲ့ ဦးထင်ကျော်ကို ရွေးချယ်လိုက်တဲ့အပေါ် ဝမ်းသာကြိုဆိုတဲ့အကြောင်း Twitter လူမှုကွန်ယက်ကနေ သတင်းထုတ်ပြန်ထားပါတယ်။

သြစတြေးလျဝန်ကြီးချုပ် Malcolm Turnbull ကလည်း ဦးထင်ကျော်ကို သမ္မတအဖြစ် ရွေးချယ်လိုက်တဲ့အပေါ် ကြိုဆိုတဲ့အကြောင်းနဲ့၊ မြန်မာပြည် ဒီမိုကရေစီအရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရတဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ် ပြုတဲ့အကြောင်းနဲ့၊ သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေအတွက် ကြိုးပမ်းချက်တွေကို အသိအမှတ်ပြုတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ သြစတြေးလျနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် ဆက်လက် လက်တွဲ ဆောင်ရွက်သွားမယ့်အကြောင်း ကြေညာချက် မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG