သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှု နိုင်ငံတကာ သတိနှင့်တုံ့ပြန်


မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြတဲ့ နိုင်ငံရေးအကျဉ်းသား တချို့ကို ပြန်လွှတ်ပေးတဲ့အပေါ် ကုလသမဂ္ဂနဲ့ UK အစိုးရတို့က ကြိုဆိုခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါတဲ့ ခြေလှမ်းတခုအဖြစ် ကုလသမဂ္ဂက ပြောခဲ့သလို၊ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ
နှစ်သစ်မှာ အရှိန်မြှင့် ဆက်လုပ်သွားမယ်လို့ မျှော်လင့်ကြောင်း UK နိုင်ငံခြားရေးရုံးက ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံရေးအကျဉ်းသားလို့ ခေါင်းစဉ်တပ် မခံရပေမဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြထားပါတယ်။

၂၀၁၃ ခုနှစ် မကုန်ခင်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးပါမယ်လို့ သမ္မတဦးသိန်းစိန်က ကတိပေးထားတာနဲ့အတူ ၂၀၁၃ ခုနှစ်ရဲ့ နောက်ဆုံးရက်မှာပဲ သမ္မတဦးသိန်းစိန်က လွတ်ငြိမ်းခွင့် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်အရ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ အကြည်ညိုပျက်အောင် ပြုလုပ်မှု၊ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပါ ပြစ်မှုများ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပြစ်မှုများ၊ အများပြည်သူ၏ အကျိုး ပျက်စီးစေမှုနဲ့ ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေပါ ပြစ်မှုများ စတဲ့ ပုဒ်မတွေနဲ့ ဒီဇင်ဘာ ၃၁ ရက်မတိုင်ခင် ပြစ်ဒဏ်ခံနေရသူတွေ၊ ကြားနာ စစ်ဆေးဆဲ ခံနေရသူတွေအပြင် စုံစမ်း အရေးယူဆဲ ခံနေရသူတွေအားလုံးကို လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။

ဒီလွတ်ငြိမ်းခွင့်နဲ့ ၃၁ ရက်နေ့က ရန်ကုန်နဲ့ မန္တလေး အကျဉ်းထောင်တွေကနေ ၁၂ ယောက်ထက်မနည်း ပြန်လွတ်လာခဲ့ပါတယ်။ အင်းစိန်ထောင်ကနေ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ကိုရန်နိုင်ထွန်းက ပြန်လွတ်လာတဲ့အပေါ် အခုလို တုံ့ပြန်ခဲ့ပါတယ်။

“လွတ်ငြိမ်းချမ်းသာခွင့်လို့ ပြောပေမဲ့လို့ ကျနော်တို့အတွက်က လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘူး။ ဒါ တရားစီရင်ရေးရဲ့ အားနည်းချက်ကို ဖာထေးတဲ့ လုပ်ရပ်တစ်ခု၊ ကျနော်တို့အကိုတွေ၊ နောက် ခင်ဗျားတို့ မီဒီယာတွေ အပါအဝင် ကြိုးစားအားထုတ်မှုရဲ့ ရလာတဲ့ရလဒ်တစ်ခုလို့ပဲ မြင်တယ်။ ပြီးတော့ သမ္မတကို တစ်ခုတော့ ကျနော်တို့ လေးစားတယ်။ သမ္မတက ဒီတခါမှာတော့ အခါတိုင်းထက် မြန်မာပြည်မှာ သူ့ရဲ့သက်တမ်းကာလမှာ ကတိမတည်ခဲ့ဖူးဘူးဗျ။ ဒီတကြိမ်မှာ ကတိတည်ခဲ့တာကိုတော့ ကျနော်တို့ လေးစားတယ်လို့ ပြောချင်ပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ အကျဉ်းထောင်တွေကနေ လာမယ့်ရက်တွေမှာ ထပ်ပြီး လွတ်မြောက်လာကြဖို့ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေသူတွေက မျှော်လင့်ရပါတယ်။ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီရဲ့ စာရင်းအရ နိုင်ငံရေးနဲ့ နွယ်နေတဲ့ အမှုတွေကြောင့် လက်ရှိ ထောင်ဒဏ်ကျနေသူတွေရော အချုပ်ကျနေသူတွေပါ စုစုပေါင်း ၂၀၀ ကျော် ရှိတယ်လို့ ပြောပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ကုလသမဂ္ဂကတော့ ကြိုဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Martin Nesirky က အင်္ဂါနေ့ သတင်းစာရှင်းပွဲမှာ အခုလို ပြောကြားသွားပါတယ်။

“သမ္မတ ဦးသိန်းစိန်က နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းခွင့် ပေးခဲ့တဲ့အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ကြိုဆိုခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအတွက် အရေးကြီးတဲ့ ခြေလှမ်းဖြစ်သလို၊ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေရဲ့ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ သိသာတဲ့ တိုးတက်မှုတွေ ရှိတယ်ဆိုတာကို ပြသတဲ့ခြေလှမ်းအဖြစ် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ချီးကျူးခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတရဲ့ လွတ်ငြိမ်းခွင့်ထဲမှာ ရခိုင်ပြည်နယ် ဘူးသီးထောင် အကျဉ်းထောင်ထဲမှာ အကျဉ်းကျနေတဲ့ လူ့အခွင့်အရေးဆောင်ရွက်သူ NGO အမှုထမ်း ၃ ယောက် မပါတဲ့အပေါ် စိတ်မကောင်းကြောင်းလည်း ပြောပါတယ်။ သူတို့ကိုလဲ ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီအနေနဲ့ ကျန်ရှိနေတဲ့ အမှုကိစ္စတွေကို ဆက်ပြီး ရှင်းနိုင်ဖို့အတွက် အစိုးရဘက်က အာမခံချက်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက တောင်းဆိုလိုက်ပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Martin Nesirky ဖြစ်ပါတယ်။ အလားတူ UK နိုင်ငံခြားရေးရုံးဝန်ကြီး Hugo Swire ကလည်း ကြေညာချက် ထုတ်ပြန်ပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းခွင့်အရ လာမယ့်ရက်ပိုင်းတွေမှာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာမယ့်အပေါ် ကြိုဆိုနေမယ့် တချိန်တည်းမှာပဲ နိုင်ငံရေးကိစ္စတွေနဲ့ ဆက်နွယ်ပြီး အဖမ်းခံထားရပေမဲ့ နိုင်ငံရေးပုဒ်မ တပ် မခံရသူတွေရှိနေသေးတယ်လို့ Mr. Swire က ပြောပါတယ်။

ဒီကိစ္စကို အစိုးရနဲ့ လူထုအခြေပြုအဖွဲ့တွေက ဆက်ပြီး ဖြေရှင်းပေးကြဖို့ သူက တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားသူတွေကို ဆက်လက် ဖမ်းဆီး ထောင်ချနေတဲ့အပေါ်မှာ စိုးရိမ်ကြောင်းလည်း သူက ပြောပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေအဖြစ် အသိအမှတ်ပြု ခံထားရတဲ့ Dr. ထွန်းအောင်နဲ့ ဦးကျော်လှအောင်တို့ ၂ ယောက်ကို လွှတ်ပေးဖို့လည်း သူက အထူးတောင်းဆိုပါတယ်။

ကျန်ရှိနေတဲ့ နိုင်ငံရေးမှုတွေကို သုံးသပ်နိုင်ဖို့ အားလုံးပါဝင်ပြီး မြင်သာထင်သာရှိတဲ့ လုပ်ငန်းတွေနဲ့ ဆက်လုပ်သွားနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ကြေညာချက်မှာ ပြောကြားထားပါတယ်။ ငြိမ်းချမ်း လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြောဆိုတာ အသင်းအပင်း ဖွဲ့စည်းတာဟာ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ လူ့ဘောင်အတွက် အခြေခံကိစ္စတွေ ဖြစ်တယ်ဆိုတာကိုလည်း UK နိုင်ငံခြားရေးရုံးဝန်ကြီး Hugo Swire ရဲ့ ကြေညာချက်ထဲမှာ ထောက်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီက စိစစ်ပြီး ပြန်လွှတ်ပေးဖို့ သမ္မတဆီ တင်ပြထားသူ ၅၀ ကျော်ရှိပါတယ်။ ၃၁ ရက်နေ့က လွတ်လာသူတွေထဲမှာ အားလုံး မပါသေးပေမဲ့ သမ္မတအမိန့်အရ ပြန်လွှတ်ပေးရမယ့်သူတွေကို စိစစ်နေပြီး နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွတ်လာမှာပါလို့ သမ္မတရုံး ညွှန်ကြားရေးမှူး တယောက်ဖြစ်တဲ့ ဦးဇော်ဌေးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။
XS
SM
MD
LG