သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါအဝင် ကမ္ဘာ့အမျိုးသမီးထုရဲ့သတ္တိ ကယ်ရီ ချီးကျူး


၂၀၁၃ ခုနှစ် အမျိုးသမီးသတ္တိရှင်ဆုရှင်များနဲ့ သမ္မတကတော် မီရှဲလ်အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့နှင့်အတူ တွေ့ရစဉ်။
၂၀၁၃ ခုနှစ် အမျိုးသမီးသတ္တိရှင်ဆုရှင်များနဲ့ သမ္မတကတော် မီရှဲလ်အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့နှင့်အတူ တွေ့ရစဉ်။
မတ်လ (၈) ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကမ္ဘာတဝှန်းက အမျိုးသမီးအရေး လှုပ်ရှားသူ (၉) ဦးကို Women of Courage အမျိုးသမီး သတ္တိရှင်ဆု ချီးမြှင့်ခဲ့ပါတယ်။ ဆုချီးမြှင့်ပွဲမှာ အမျိုးသမီးတို့ရဲ့ သတ္တိနဲ့ပတ်သက်ပြီးတော့ မြန်မာအမျိုးသမီးတွေကို ထည့်သွင်း ချီးကျူးသွားပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ကမ္ဘာတဝှန်း အမျိုးသမီးများအခွင့်အရေးကို သတ္တိရှိရှိနဲ့ စွမ်းဆောင်ပေးခဲ့ကြတဲ့ ဆုရှင် အမျိုးသမီးကိုးဦးကို Women of Courage - အမျိုးသမီး သတ္တိရှင်ဆုကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဌာနမှာ ကျင်းပခဲ့တဲ့ ဆုချီးမြှင့်ပွဲမှာ အမေရိကန်သမ္မတကတော် မီရဲှလ် အိုဘားမားလည်း တက်ရောက်ခဲ့ပါတယ်။ သူက အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်သူ သတ္တိရှင် (၉) ဦးကို အခုလို ဆုချီးမြှင့်တာဟာ ကျန်တကမ္ဘာလုံးရှိ အမျိုးသမီးတွေကိုလည်း နိုးကြားမှု ရရှိစေဖို့ ရည်ရွယ်တယ်လို့ အခုလို ပြောပါတယ်။

“ဒီဆုဟာ အမျိုးသမီးအနည်းငယ်ကိုသာ ဂုဏ်ပြုတာ မဟုတ်ပါဘူး။ ဒီဆုဟာ အမျိုးသမီးတွေအားလုံး စည်းလုံးကြပြီးတော့ ဘေးပတ်ဝန်းကျင်မှာဖြစ်နေတဲ့ မတရားမှုတွေအပေါ်မှာ မျက်စိဖွင့်ထားကြဖို့ လှုံ့ဆော်မှုပါပဲ။ ကျမတို့ နှလုံးသားတွေထဲမှာ ဘယ်လိုသတ္တိတွေ ရှိနေကြတယ်ဆိုတာ ဆန်းစစ်ကြဖို့ပါ။ နှိပ်စက်ညှင်းပမ်းမှု၊ လူနည်းစု ခွဲခြားမှုအကြောင်း တင်ပြခဲ့တဲ့ သတင်းထောက်၊ ဖိနှိပ်မှုကို အင်တာနက် တွစ်တာကတဆင့် တင်ပြခဲ့တဲ့ ကဗျာဆရာမ၊ သားအသတ်ခံရလို့ ရတဲ့ပူဆွေးမှုကို အခြေခံပြီးတော့ နိုင်ငံတဝှန်း အပြောင်းအလဲဖော်ဆောင်ဖို့ လှုပ်ရှားခဲ့တဲ့ မိခင်- ဒီအမျိုးသမီးတွေရဲ့ စိတ်ဓာတ်ခွန်အားကို ကျမတို့ ဒီကနေ့ မြင်တွေ့ခဲ့ရတာပါ။”

အမျိုးသမီး သတ္တိရှင် ကိုးဦးတို့ကတော့- အာဖဂန်နစ္စတန်က လမ်းပန်းဆက်သွယ်ရေး စောင့်ကြည့်ရေးတပ်ဖွဲ့မှာ ပထမဦးဆုံး အမျိုးသမီး ဒု-ဗိုလ်ဖြစ်တဲ့ Malalai Bahaduri- တရုတ်နိုင်ငံမှာ တိဘက်လူမျိုးတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့သူ အထင်ကရ တိဘက်စာရေးဆရာမ Tsering Woeser- ဟွန်းဒါးရပ်စ်က အမျိုးသားရင်ကြားစေ့ရေးအတွက် ဆောင်ရွက်ခဲ့သူ Julieta Castellanos - အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ကန့်ကွက်လှုပ်ရှားခဲ့လို့ ၁၇ ကြိမ်တိုင်အောင် အဖမ်းခံခဲ့ရတဲ့ နိုင်ဂျီးရီးယား လူ့အခွင့်အရေးလှုပ်ရှားသူ - Josephine Obiajulu Odumakin - ရုရှားက မူးယစ်ဆေး မှောင်ခိုရောင်းဝယ်မှုနဲ့ သတင်းထောက်တွေအသတ်ခံရမှု အစရှိတဲ့ အန္တရာယ်ရှိတဲ့ သတင်းတွေကို မှတ်တမ်းတင်ပြခဲ့သူ ရုရှားသတင်းထောက် Elena Milashina -- ဆိုမာလီယာက သေနတ်ကိုချ၊ ကလောင်ကိုကိုင် ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး ငြိမ်းချမ်းရေးလှုပ်ရှားသူ Fartuun Adan- ဆီးရီးယား အတိုက်အခံ အမျိုးသမီးခေါင်းဆောင် Razan Zeitunah-နဲ့ ဗီယက်နမ်မှာ ကွန်မြူနစ်ပါတီကို သတ္တိရှိရှိ ဝေဖန်ရေးသားခဲ့သူ ဘလော့ဂါ Ta Phone Tan နဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက နယူးဒေလီမှာ ရက်ရက်စက်စက် အဓမ္မပြုကျင့် အသတ်ခံခဲ့ရသူ Nirbhaya တို့ပဲ ဖြစ်ကြပါတယ်။
အခုလို ဆုရှင် အမျိုးသမီးတွေရဲ့သတ္တိကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ချီးကျူးရာမှာ မြန်မာ အမျိုးသမီးတွေရဲ့သတ္တိကိုလည်း မီးမောင်းထိုးပြသွားပါတယ်။

“အမျိုးသမီးတွေရဲ့ သတ္တိအကြောင်း ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ ကျနော်ရောက်ရှိစဉ်က တွေ့ဆုံခဲ့တဲ့ ထိုစဉ်က နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိ၊ ဒါ့အပြင် ကျနော် နိုင်ငံခြားရေးဝန်ကြီးရာထူး လက်ခံပြီး တတိယနေ့မှာ တွေ့ဆုံခဲ့သူတွေထဲမှာ ပါဝင်တဲ့ မြန်မာအမျိုးသမီး လေးဦးတို့ရဲ့ သတ္တိ၊ အဲဒီထဲက အမျိုးသမီး ၂ ဦးဟာ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်ခဲ့ကြပြီး အခုဆိုရင် တချိန်က သူတို့ကို အကျဉ်းချထားခဲ့တဲ့ နိုင်ငံ့အကျိုးအတွက် သယ်ပိုးပေးနေကြပါပြီ။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီမိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားတဲ့ မြန်မာအမျိုးသမီးတွေကတော့ ဖေဖော်ဝါရီလက မြန်မာအမျိုးသမီးများ ခေါင်းဆောင်မှု လေ့လာရေး ကိုယ်စားလှယ်အဖွဲ့ဝင်တွေလည်း ဖြစ်ကြပါတယ်။ သူတို့လေးဦးကတော့ အဖွဲ့ခေါင်းဆောင် မဇင်မာအောင်၊ IRC နိုင်ငံတကာ ကယ်ဆယ်ရေးကော်မီတီက မနီလာဦး၊ Triangle Women Support အဖွ့ဲ ပူးတွဲမတည်သူ မခင်လေး (ခေါ်) မခင်သန်းမြင့်နဲ့ ပဏ္ဍိတ ဖွံ့ဖြိုးရေးအဖွဲ့ကို ပူးတွဲ မတည်သူ မရွှန်းလဲ့ဆွေရည်တို့ပဲ ဖြစ်ကြပါတယ်။
အဲဒီလေးယောက်အနက် မဇင်မာအောင်နဲ့ မခင်လေးတို့ကတော့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ပြောခဲ့သလို နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်ကြပါတယ်။ မဇင်မာအောင်ဟာ မနှစ်က နိုင်ငံခြားရေးဌာနက ချီးမြှင့်ခဲ့တဲ့ အမျိုးသမီးသတ္တိရှင်ဆုကို ချီးမြှင့်ခဲ့ခြင်း ခံရသူဖြစ်ပြီး လက်ရှိမှာ ရန်ကုန်မှာ နိုင်ငံရေးသိပ္ပံကျောင်းကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့အတူ ဖွင့်လှစ်ပြီး အမျိုးသမီးအရေး ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်ကတည်းက စတင်ချီးမြှင့်ခဲ့တဲ့ဒီဆုကို ဒီနှစ်မှာတော့ ဆုရှင် ကိုးဦးအနက် ဆုပေးပွဲကို မတက်ရောက်နိုင်ကြသူတွေ ရှိပါတယ်။ တစ်ဦးကတော့ တရုတ်အာဏာပိုင်တွေက နိုင်ငံကူးလက်မှတ် ထုတ်မပေးဘဲ နေအိမ်အကျယ်ချုပ် ချထားခြင်း ခံနေရတဲ့ တိဘက်က Tsering Woeser ဖြစ်ပြီး နောက်တစ်ဦးကတော့ ထောင်ဒဏ် ဆယ်နှစ် ကျခံနေရတဲ့ ဗီယက်နမ်က ဘလော့ဂါ Ta Phone Tan နဲ့ အဓမ္မပြုကျင့်ပြီး အသတ်ခံခဲ့ရတဲ့ ၂၃ နှစ်အရွယ် အိန္ဒိယသူ Nirbhaya တို့ ဖြစ်ကြပါတယ်။
ကွယ်လွန်သူ Nirbhaya အတွက်ကတော့ ဆုချီးမြှင့်ပွဲမှာ တစ်မိနစ် ငြိမ်သက် ဂါရဝပြုခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဆုရှင်တွေ ဆောင်ရွက်ခဲ့ကြတဲ့အရေးဟာ လူတိုင်းရဲ့အရေးဖြစ်တယ်လို့ အခုလို ပြောပါတယ်။

“သူတို့တတွေရဲ့အရေးဟာ ကျနော်တို့ရဲ့ အရေးပါ။ အမျိုးသမီးတွေရဲ့ အရေးကိစ္စဟာ အမျိုးသမီးတွေနဲ့သာ ဆိုင်တာ မဟုတ်ပါဘူး။ မိသားစုအရေး၊ စီးပွားရေး၊ လုံခြုံရေး၊ တရားမျှတရေး စသဖြင့်ပါဝင်ပြီး အမျိုးသားရော အမျိုးသမီးရော၊ ယောက်ကျားလေး၊ မိန်းကလေး၊ လွတ်လပ်တဲ့နိုင်ငံတွေ၊ ဖိနှိပ်ချုပ်ခြယ်ခံရတဲ့နိုင်ငံတွေ အားလုံးနဲ့ သက်ဆိုင်ပါတယ်။”

ဆုပေးပွဲမှာ ဆုရှင်တွေကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သူကတော့ ဆိုမာလီက အမျိုးသမီးရေး လှုပ်ရှားသူ Fartuun Adan ပဲဖြစ်ပါတယ်။ သူက အမျိုးသမီးတွေ ဆိတ်ဆိတ်နေတဲ့ဘဝကနေ ပြောင်းလဲဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။

အမျိုးသမီးသတ္တိဆုရှင်တွေစာရင်းမှာ ကနဦးက ဆယ်ဦးရှိခဲ့ပေမဲ့ လို့လည်း အီဂျစ်နိုင်ငံက ဆမ်ဘီရာ၊ အီဘရာဟင်ကတော့ လူမျိုးရေးဆန့်ကျင်တဲ့ ပြောဆိုမှုတွေ ရေးသားတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်မှုကြောင့် စုံစမ်းစစ်ဆေးနေဆဲ ဆုရှင်စာရင်းက ခေတ္တပယ်ဖျက်ခြင်းခံထားရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ဖော်ကြေညာခဲ့ပါတယ်ရှင်။
XS
SM
MD
LG