သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးလောင်း ဦးရဲထွဋ် လွှတ်တော် အဆုံးအဖြတ် စောင့်ဆိုင်း


ပြန်ကြားရေး ဒုဝန်ကြီး သမ္မတပြောခွင့်ရ ဦးရဲထွဋ်
ပြန်ကြားရေး ဒုဝန်ကြီး သမ္မတပြောခွင့်ရ ဦးရဲထွဋ်

ပြန်ကြားရေးဝန်ကြီးအဖြစ် သမ္မတက ရွေးချယ်အဆိုပြုခံရတဲ့ ဦးရဲထွဋ်ဟာ ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေတယ်လို့ ဗွီအိုအေမြန်မာပိုင်းကိုပြောကြားလိုက်ပါတယ်။ ဇူလိုင်လ ၂၉ရက်နေ့က နှုတ်ထွက်ခွင့် ပြုလိုက်တဲ့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ရဲ့ရာထူး နေရာမှာ ပြန်ကြားရေး ဝန်ကြီးသစ်အဖြစ် ခန့်အပ်ပေးဖို့ လက်ရှိ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်ကို ဒီကနေ့ ဇူလိုင်လ ၃၀ရက်နေ့မှာ တင်သွင်း လိုက်တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မကြာသေးခင်ကမှ အမေရိကန်ပြည်ထောင်စု က ပြန်လည်ရောက်ရှိလာတဲ့ ပြန်ကြားရေး ဒုဝန်ကြီးဦးရဲထွဋ်ရဲ့ သဘောထားကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ သူက အခုလိုစဖြေပါတယ်။

“ လွှတ်တော်က သဝဏ်လွှာ ပို့ထားတယ်လို့ပဲ ကျနော် သိပါတယ်။ လွှတ်တော်က ဘယ်နေ့မှာ စဉ်းစားမယ်။ ဘာဆက်လုပ်မယ်ဆိုတာတော့ ကျနော်လည်း မသိသေးပါဘူး။

VOA။ ။ ဟုတ်ကဲ့။ အန်ကယ်လ်ပြန်ရောက်လာတဲ့ အခါမှာ ပြန်ကြားရေးဝန်ကြီး အပြောင်းအလဲဖြစ်တဲ့ကိစ္စ ဘယ်လိုများ ရှိပါသလဲ။

“တကယ်ကတော့ဗျာ။ ကျနော်တို့က သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တတိယအဆင့်ကို ဝင်လာတဲ့အခါမှာ လက်ကျန်သက်တမ်း ကာလအတွင်းမှာ ကျနော်တို့ သိသာထင်ရှားတဲ့ ရလာဒ်တွေလုပ်ဖို့ ပိုပြီးတော့မှ အားသွန်ခွန်စိုက် လုပ်ဖို့ လိုပါတယ်။ ရလာဒ်ကောင်းတွေ ဖော်ထုတ်နိုင်ဖို့လည်း ကျနော်တို့ လိုပါတယ်။ အဲ့သလိုအခြေအမျိုးမှာ ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်နဲ့ ဒေါက်တာဖေသက်ခင်တို့က သူတို့အနေနဲ့ အဲ့လိုတာဝန်တွေ၊ ရလာဒ်ကောင်းတွေ ဖော်ဆောင်နိုင်ဖို့ အတွက် လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ ကန့်သတ်ချက်တွေရှိနိုင်တယ်လို့ သူတို့ယူဆတဲ့အတွက်ကြောင့်မို့လို့ သူတို့ရဲ့ဆန္ဒအရ တင်ပြလာတဲ့ အတွက်ကြောင့်မို့လို့ သမ္မတကြီးက သူတို့ကို အနားယူခွင့်ပြုလိုက်တာပါ။ အဲ့တော့ သမ္မတကြီး အနေနဲ့က သူတို့နှစ်ယောက်က ကျန်ခဲ့တဲ့ ပြီးခဲ့တဲ့ ကာလတွေအတွင်းမှာ နိုင်ငံနဲ့လူမျိုးအတွက် အတတ်နိုင်ဆုံးဆောင်ရွက်ခဲ့တယ် ဆိုတာ အသိအမှတ်ပြုပါတယ်။”

တဖက်ကလည်း တတိယအဆင့်ကာလအတွင်းမှာ ရလာဒ်ကောင်းတွေ ရလာနိုင်ဖို့အတွက် လိုအပ်တဲ့ပြောင်းလဲမှုလုပ်ရမယ်ဆိုတာကိုလည်း သူလက်ခံပါတယ်။ ဒါကြောင့်မို့ ဒီနှစ်ချက်ကြောင့် သူတို့နှစ်ယောက်ရဲ့ တာဝန်က အနားယူခွင့် တင်ပြခွင့်ကို လက်ခံပြီး သမ္မတကြီးက အပြောင်းအလဲ လုပ်တာဖြစ်ပါတယ်။”

VOA။ ဟုတ်ကဲ့။ အခုပြန်ကြားရေးဝန်ကြီးကို အန်ကယ်လ် ဦးရဲထွဋ်၊ နောက် ဒေါက်တာ သန်းအောင်ကိုလည်း သမ္မတကြီးကနေပြီးတော့ ဝန်ကြီးတွေအဖြစ် အဆိုတင်သွင်းတာရှိပါတယ်။ အဲ့ဒီ့အပေါ်မှာရော အန်ကယ်လ်ဦးရဲထွဋ်က ကိုယ်တိုင် နာမည်တင်သွင်းခြင်း ခံရတဲ့အခါကျတော့ အဲ့ဒီ့အပေါ်မှာ ဘယ်လိုသဘောထားရှိပါသလဲ။

“ကျနော်ကို ယုံယုံကြည်ကြည် တာဝန်ပေးအပ်ဖို့အတွက် အဆိုတင်သွင်းခြင်း ခံရတဲ့အတွက်ကြောင့်မို့လို့ ကျနော် ဂုဏ်ယူပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ကျနော်စောင့်ဆိုင်းနေပါတယ်လို့ပဲ ပြောချင်ပါတယ်။”

VOA။ ။ ပြန်ကြားရေးဝန်ကြီးအဖြစ် တရားဝင် ခန့်အပ်ခံလိုက်ရတဲ့အခါဆိုရင် အခုလက်ရှိမီဒီယာနဲ့ပတ်သက်ပြီးတော့ ပြန်ကြားရေးဝန်ကြီး တစ်ယောက်အနေနဲ့ ဘာတွေဆက်ပြီးတော့ လုပ်ဆောင်သွားဖို့ စီစဉ်နေတာရှိပါသလဲ။

“အော် ဒါတော့ အခုအချိန်မှာတော့ ကျနော်မပြောချင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင်ခန့်အပ်ခြင်း ခံရတာ မဟုတ်သေးတဲ့အတွက် ကြောင့်မို့လို့ ကျနော် ဘာမှ ထုတ်ဖော်မပြောနိုင်သေးပါဘူး။

VOA။ ။ ဟုတ်ကဲ့။ အခု ဒုတိယဝန်ကြီးတစ်ယောက်အနေနဲ့ရော၊ သမ္မတရဲ့ပြောခွင့်ရအနေနဲ့ရော အန်ကယ်လ်အခု တာဝန်ထမ်းဆောင်နေတာဆိုတော့ ပြန်ကြားရေးဝန်ကြီးဖြစ်သွားရင်ရော သမ္မတပြောခွင့်ရ ရဲ့တာဝန် အန်ကယ်လ်ဆက်ပြီးတော့ ထမ်းဆောင်ဖို့ရှိပါသလားရှင့်။

“ဒါကတော့ သမ္မတကြီးရဲ့ အဆုံးအဖြတ်ပေါ်မူတည်ပါတယ်။”

ကျေးဇူးအများကြီးတင်ပါတယ်။ အန်ကယ်လ်ဦးရဲထွဋ်။

ဒါကတော့ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ကို မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

သူတို့ရဲ့ သဘောဆန္ဒအလျောက် ရာထူးကနေ နှုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ ဆိုတဲ့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် နေရာ မှာ လက်ရှိပြန်ကြားရေး ဒုဝန်ကြီးလည်းဖြစ် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ လည်းဖြစ်တဲ့ ဦးရဲထွဋ်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်နေရာမှာ လက်ရှိ ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာသန်းအောင်တို့ကို အစားထိုးခန့်အပ်ဖို့ ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း သမ္မတဦးသိန်းစိန်က သဝဏ်လွှာပို့ပြီး အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပါတယ်။

မြန်မာအစိုးရအဖွဲ့မှာ ဝန်ကြီးတွေကို အပြောင်းအလဲလုပ်တဲ့ အကြိမ်အများစုမှာ ရာထူးကနှုတ်ထွက်ခွင့်ပြုတယ်၊ ရာထူးက အနား ယူခွင့်ပြုတယ် စသည်အားဖြင့် သုံးစွဲလေ့ရှိပါတယ်။

XS
SM
MD
LG