သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုး ပူးတွဲ ဥက္ကဋ္ဌ ဦးဌေးဦးနဲ့ ဗွီအိုအေ တွေ့ဆုံမေးမြန်းခန်း


ပြည်ခိုင်ဖြိုး ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးကို ဗွီအိုအေမြန်မာပိုင်း က ဒေါ်ခင်စိုးဝင်းက သီးသန့် တွေ့ဆုံမေးမြန်း။
ပြည်ခိုင်ဖြိုး ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးကို ဗွီအိုအေမြန်မာပိုင်း က ဒေါ်ခင်စိုးဝင်းက သီးသန့် တွေ့ဆုံမေးမြန်း။

ယခင်စစ်အစိုးရအကြီးအကဲဟောင်း အငြိမ်းစားဗိုလ်ချုပ်မှုးကြီးသန်းရွှေဟာ လက်ရှိ မြန်မာနိုင်ငံရေး ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် ပျိုးထောင်လေ့ကျင့်ပေး ခဲ့သူဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးက ဗွီအိုအေ မြန်မာပိုင်းနဲ့ သီးခြားတွေ့ဆုံခန်းမှာ ပြောပါတယ်။ သူတို့ ပါတီအနေနဲ့ ရွေးကောက်ပွဲနိုင်ဖို့ အဓိက ကြိုးစားနေပြီး၊ သမ္မတလုပ်မယ့်သူ ကိုတော့ ပါတီကပဲ အဆုံးအဖြတ်ပေးရ မှာဖြစ်တယ် လို့လည်း ပြောပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီ ပူးတွဲ ဥက္ကဋ္ဌ ဦးဌေးဦးကို ဗွီအိုအေ ရန်ကုန်ရုံး တာဝန်ခံ ဒေါ်ခင်စိုးဝင်းက နေပြည်တော်မှာ တွေ့ဆုံမေးမြန်းမေးမြန်း ထားပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့ပါ။ အခု အများပြောနေကြတာပေါ့။ အခု သူများ သတင်းတွေမှာလည်း ရေးနေကြပါတယ်။ တကယ်လို့များ ပြည်ခိုင်ဖြိုး ပါတီက နိုင်ခဲ့လို့ရှိရင် ဒုဥက္ကဋ္ဌ ဦးဌေးဦးအနေနဲ့ သမ္မတ လုပ်မယ် ဆိုပြီး ပြောတဲ့သတင်းတွေလည်း ရှိပါတယ်။ အဲ့တာနဲ့ ပတ်သက်လို့ရော ဘာများ မှတ်ချက်ပေးချင်ပါလဲရှင့်။

ဦးဌေးဦး။ ။ ဒီဥစ္စာနဲ့ပတ်သက်လို့ ကျနော့်ကို တချို့ကပြောပါတယ်။ တချို့ဆိုတာ လှမ်းပြီး ပြောကြတယ်။ ဟိုနေ့က အင်တာဗျူး လုပ်တဲ့အထဲမှာတဲ့ ကျနော်က နိုင်လို့ရှိရင် သမ္မတ လုပ်မယ်လို့ ပြောတယ်ဆိုပြီး ပြောပါတယ်။ ကျနော်တို့က ဒီဥစ္စာက အစောကြီးကတည်းက မေးတဲ့မေးခွန်းတွေပါ။ အစောကြီး ကတည်းက နိုင်ငံခြားက လူတွေလည်းမေးတယ်။ သံတမန်တွေလည်း မေးကြတယ်။ ကျနော်ပြောပြတယ် အဲ့ဒီ့တုန်းက ကျနော် ကတော့ မလုပ်ဘူး။ ကျနော်ကတော့ မလုပ်ဘူးပေါ့။ အခုအချိန် နီးလာတဲ့ အချိန်ကျတော့ အဲ့တုန်းက ကျနော်တို့ အာရုံစိုက်သည့်ဟာသည် ပြည်သူအတွက် ဘာလိုအပ်သလဲ။ လိုအပ်တဲ့ဥစ္စာကို တတ်နိုင်သလောက် ဘယ်လိုဖြည့်စည်းပေးရမလဲ။ ဒါပဲ ကျနော် အာရုံစိုက်တယ်။

အခုနီးလာတဲ့အခါကျတော့လည်း ရွေးကောက်ပွဲ စည်းရုံးရေးကာလ ကျရင်တော့လည်း နိုင်ဖို့ပဲ အာရုံစိုက်မှာပဲ။ ဒါကလွဲလို့ လုပ်ချင်တယ်။ မလုပ်ချင်ဘူးဆိုတာ ကျနော် မရှိဘူး။ အဲ့တော့ လုပ်ချင်တိုင်းလည်း လုပ်လို့မှ မရပဲ။ သမ္မတဆိုတာ လုပ်ချင်တိုင်း လုပ်လို့မရဘူးလေ။

ကျနော်တို့ရဲ့ မြန်မာဓလေ့ထုံးစံအရ ဆိုလို့ရှိရင်တော့လည်းပဲ သူ့ဘာသူ ဖြစ်နေတာလေ။ ဒါတွေက ကိုယ်ကံကြမ္မာ မပါရင်လည်း ဘယ်လိုမှ မဖြစ်ဘူး။ နောက်တခုက ဒီဥစ္စာတွေနဲ့ပတ်သက်လို့က ရွေးကောက်ပွဲ နိုင်မှဖြစ်မှာ။

ဒါကြောင့် ရွေးကောက်ပွဲ နိုင်ဖို့အတွက်ကို ကျနော်တို့ ကြိုးစားရမယ်။ နော် ဒါကလွဲလို့ ကျနော်တို့ ဘာမှ မရှိဘူး။ ဒါ ပါတီရဲ့ သဘောထားပါပဲ။ ရွေးကောက်ပွဲနိုင် လာပြီဆိုရင် ဘယ်သူလုပ်မယ်ဆိုတာ ပါတီက အဆုံးအဖြတ်ပေးမှာပါ။ ဒါကို တချို့နာမည်ကြီးနေတဲ့ပုဂ္ဂိုလ်တွေတောင်မှ ကျနော်တို့ ဒီလိုပဲ ပြောတာပဲ။

ဒေါ်ခင်စိုးဝင်း။ ။ နောက်တခုပေါ့လေ။ ပြည်သူတွေလည်း သိချင်နေတာပေါ့။ အများက စိတ်မှန်းနဲ့ ပြောနေကြတာပေါ့။ အနားယူသွားတဲ့ ဗိုလ်ချုပ်မှုူးကြီးသန်းရွှေနဲ့ သြဇာအာဏာ ကလည်း အခုထက်ထိ ပြည်ခိုင်ဖြိုးပါတီအပေါ်မှာ အခုထက်ထိ သက်ရောက်နေဆဲပဲ သုံးသပ်ကြပါတယ်။ အဲ့ဒီ့အပေါ်မှာရော ဘယ်လိုများ ပြောချင်ပါလဲ။

ဦးဌေးဦး။ ။ ဗိုလ်ချုပ်မှူုးကြီးသန်းရွှေကတော့ ကျနော်တို့ပါတီဖြစ် လာမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး အသင်းကို စ ပြီးတော့ ထူထောင်ပေးတဲ့ ပုဂ္ဂိုလ်ပါ။ ဗဟိုအလုပ်အမှုဆောင်တွေ အားလုံးက အဲ့ဒီ့တုန်းက ဗဟိုအလုပ် အမှုဆောင်တွေထဲ ကျနော်က အထွေထွေအတွင်းရေးမှူးပါ။ ဗဟို အလုပ် အမှုဆောင်တွေ အားလုံးကို သူက ရှေ့ဆက်သွားမယ့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းမှာ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတဲ့ဥစ္စာလည်း သူလေ့ကျင့်ပေးခဲ့တယ်။

ဒါပေမဲ့ ပါဝင်ပတ်သက်တာတွေ၊ မပါဝင် မပတ်သက်တာတွေနဲ့ စာလို့ရှိရင် အသင်းဘဝ ကတည်းက ဗိုလ်ချုပ်မှုူးကြီးသန်းရွှေသည် ဌာနချုပ်ကို တခါမှ မလာဖူးဘူး။ သိချင်မှ သိပါလိမ့်မယ်။ ဌာနချုပ်ကို တခါမှ မလာဖူးပါဘူး။ လာလည်း မလာဘူး။ ကျနော်တို့ CEC အခန်းထဲမှာ ထိပ်ကနေ ထိုင်ပြီးတော့ ပြောတာလည်း မရှိဘူး။ သို့သော်လည်းပဲ သူလေ့ကျင့်ပေးခဲ့တယ်။ လေ့ကျင့်ပေးပြီးတော့ မှ ပြည်သူတွေအတွက်ကိုလည်းပဲ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ် သွားမယ်ဆိုရင် အခြေခံကောင်းတွေ ရအောင် တည်ဆောက်ပေးခဲ့တယ်။ အဲ့ဒီ့အထဲမှာ စီးပွားရေးလည်းပါတယ်။

စီးပွားရေးဆိုတဲ့အထဲမှာ တချို့ကတော့ နာမည်ပျက်နဲ့ မကောင်းတဲ့ ပုံစံမျိုးနဲ့ပြောနေကြတဲ့ ခရိုနီတွေပေါ့။ တကယ်ကတော့ ခရိုနီဆိုတဲ့ဥစ္စာ ရှိကို ရှိရမယ်။ မရှိလို့မရဘူး။ သူဋ္ဌေးရှိရမှာပေါ့။ ဆိုရှယ်လစ်စနစ်မှာ သူဋ္ဌေးရှိဖို့ မလိုဘူး။ ပါတီစုံ ဒီမိုကရေစီစနစ်မှာတော့ သူဋ္ဌေးရှိရမယ်။ သူကနေပြီးတော့မှ လုပ်ငန်းတွေ လုပ်ရမယ်။ အစိုးရချည်းပဲ လုပ်လို့မရဘူး။ အစိုးရ လုပ်လို့မရဘူး။ သူလုပ်ရမယ်။ သူလုပ်ပြီးရင် အလုပ်အကိုင်ရရှိရေးတွေပါ လုပ်ငန်းကျယ်ပြန့်လာတာနဲ့အမျှ သူဆောင်ရွက်ရမယ်ဆိုတဲ့အတွက် ကျနော်တို့မှာ သူဋ္ဌေးမရှိဘူး။ သူဋ္ဌေးမွေးပေးခဲ့တာလည်း သူပဲ။

အဲ့ဒီ့ကနေပြီးတော့ အားလုံးကို အခြေခိုင်ပြီး ထိုက်သင့်တဲ့ အချိန်အတိုင်းအတာတခု အထိ ရပြီဆိုတဲ့အခါကျတော့ လွှဲပေးခဲ့တာပဲ။ လွှဲပေးခဲ့ပြီးရင် ပြီးသွားပြီပဲ။ သူ စိတ်ချလက်ချနဲ့ သူလွှဲပေးတာပဲ။ သူကျန်းမာရေးချို့တဲ့လို့ လွှဲပေးတာမဟုတ်ဘူး။ မလုပ်နိုင်လို့ လွှဲပေးတာမဟုတ်ဘူး။ ကျန်တဲ့သူတွေက သဘောမတူလို့ လွှဲပေးတာ မဟုတ်ဘူး။ သူသည် ဒီအချိန်အခါမှာတော့ ကျန်တဲ့သူနဲ့ ဆက်လုပ်လို့ရပြီ ဆိုပြီး ယုံကြည်ပြီး လွှဲပေးခဲ့တာဖြစ်တဲ့အတွက် မပါပါဘူး သူ။

ပြည်ထောင်စု ကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီ ပူးတွဲ ဥက္ကဋ္ဌ ဦးဌေးဦးကို ဗွီအိုအေ ရန်ကုန်ရုံး တာဝန်ခံ ဒေါ်ခင်စိုးဝင်းက နေပြည်တော်မှာ တွေ့ဆုံမေးမြန်းမေးမြန်း ထားတာဖြစ်ပါတယ်။

XS
SM
MD
LG